၃၉၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် စေတနာ ထင်ရှားရှိသော သုက်လွှတ်ခြင်း သံဃာဒိသိသ်အာပတ် သင့်သောကြောင့် အစ်ကို၏ အတူနေတပည့်ဖြစ် သော ရဟန်းအား ''ငါ့သျှင် ငါသည် စေတနာထင်ရှားရှိသော သုက်လွှတ်ခြင်း သံဃာဒိသိသ်အာပတ် သင့်၏။ တစ်စုံတစ်ယောက်သော ရဟန်းအား မပြောပါလင့်''ဟု ပြောကြား၏။
ထိုအခါ ရဟန်းတစ်ပါးသည် စေတနာထင်ရှားရှိသော သုက်လွှတ်ခြင်း သံဃာဒိသိသ်အာပတ် သင့်သောကြောင့် သံဃာတော်အား ထိုအာပတ်နှင့် သက်ဆိုင်သော ပရိဝါသ်ကို တောင်း၏၊
သံဃာတော် သည် ထိုရဟန်းအား ထိုအာပတ်နှင့် သက်ဆိုင်သော ပရိဝါသ်ကို ပေး၏၊
ထိုရဟန်းသည် ပရိဝါသ်နေသည် ရှိသော် ထိုရဟန်းကို တွေ့မြင်၍ ''ငါ့သျှင် အကျွန်ုပ်သည် စေတနာထင်ရှားရှိသော သုက်လွှတ်ခြင်း သံဃာ ဒိသိသ်အာပတ် သင့်သောကြောင့် သံဃာတော်အား ထိုအာပတ်နှင့် သက်ဆိုင်သော ပရိဝါသ်ကို တောင်း၏၊ သံဃာတော်သည် ထိုအကျွန်ုပ်အား ထိုအာပတ်နှင့် သက်ဆိုင်သော ပရိဝါသ်ကို ပေး၏၊ ထိုငါသည်လည်း ပရိဝါသ်နေ၏၊ ငါ့သျှင် အကျွန်ုပ်သည် ပရိဝါသ်ကို ကြားပါ၏၊ အကျွန်ုပ်ကို ပရိဝါသ်ကြားသောသူဟူ၍ အသျှင်သည် မှတ်တော်မူပါလော့''ဟု ဆို၏။
ငါ့သျှင် အသို့ပါနည်း အကြင် အခြားသော ပုဂ္ဂိုလ်သည်လည်း ဤသံဃာဒိသိသ်အာပတ် သင့်၏၊ ထိုပုဂ္ဂိုလ်သည်လည်း ဤသို့ပင် ပြုရသလောဟု မေး၏၊
''ငါ့သျှင် ဤသို့ပင် ပြုရ၏''ဟု ပြောဆို၏၊
ငါ့သျှင် သာကီဝင်မင်းသား ဤအသျှင်ဥပနန္ဒသည် စေတနာထင်ရှားရှိသော သုက်လွှတ်ခြင်း သံဃာဒိသိသ် အာပတ်သင့်သောကြောင့် ထိုအသျှင်ဥပနန္ဒသည် အကျွန်ုပ်အား ''တစ်စုံတစ်ယောက်သော သူကိုမျှ မပြောပါလင့်''ဟု ပြောကြား၏ဟူ၍ ဆို၏။
''ငါ့သျှင် အသို့နည်း၊ သင်သည် ဖုံးလွှမ်းထားလေသလော''ဟု မေး၏၊
ငါ့သျှင် ဖုံးလွှမ်းထားသည် မှန်၏ဟု ဆို၏၊
ထိုအခါ ထိုရဟန်းသည် ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏၊
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းသည် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကို သိလျက် ဖုံးလွှမ်းဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်း သင်သည် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကို သိလျက် ဖုံးလွှမ်းထား၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် သိလျက် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကို အဘယ့်ကြောင့် ဖုံးလွှမ်းဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့ အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၃၉၈။ ''အကြင်ရဟန်းသည် သိလျက် ရဟန်း၏ ရုန့်ရင်းသော သံဃာဒိသိသ် အာပတ်ကို ဖုံးလွှမ်းငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၃၉၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ရဟန်း၏ဟူသည် တစ်ပါးသော ရဟန်း၏။
သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ သူတစ်ပါးတို့သော်လည်း ထိုရဟန်းအား ပြောကြားကုန်၏။ ထိုရဟန်းကမူလည်း ပြောကြား၏။
ရုန့်ရင်းသော အာပတ် မည်သည် ပါရာဇိကအာပတ် လေးပါး၊ သံဃာဒိသိသ်အာပတ် တစ်ဆယ့် သုံးပါးတို့တည်း။
ဖုံးလွှမ်းငြားအံ့ဟူသည် ''ဤရဟန်းကို (သူတစ်ပါးတို့က) သိလျှင် စောဒနာကုန်လတ္တံ့၊ အောက်မေ့စေ ကုန်လတ္တံ့၊ ဆဲရေးကုန်လတ္တံ့၊ ရှုတ်ချကုန်လတ္တံ့၊ မျက်နှာမလှ ဖြစ်စေကုန်လတ္တံ့၊ (ငါ) မပြောကြားတော့အံ့''ဟု ဝန်ချကာမျှနှင့် ပါစိတ်အာပတ် သင့်၏။
၄၀၀။ ရုန့်ရင်းသော အာပတ်၌ ရုန့်ရင်းသော အာပတ်ဟု အမှတ်ရှိသည်ဖြစ်၍ ဖုံးလွှမ်းအံ့၊ ပါစိတ်အာပတ် သင့်၏။
ရုန့်ရင်းသော အာပတ်၌ ယုံမှားရှိသည်ဖြစ်၍ ဖုံးလွှမ်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရုန့်ရင်းသော အာပတ်၌ မရုန့်ရင်းသော အာပတ်ဟု အမှတ်ရှိသည်ဖြစ်၍ ဖုံးလွှမ်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မရုန့်ရင်းသော အာပတ်ကို ဖုံးလွှမ်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူ၏ ရုန့်ရင်း သည်လည်း ဖြစ်သော မရုန့်ရင်းသည်လည်းဖြစ်သော လွန်ကျူး၍ ကျင့်ခြင်းကို ဖုံးလွှမ်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မရုန့်ရင်းသော အာပတ်၌ ရုန့်ရင်းသော အာပတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
မရုန့်ရင်း သော အာပတ်၌ ယုံမှားရှိအံ၊ ဒုက္ကဋ်အာပတ် သင့်၏။
မရုန့်ရင်းသော အာပတ်၌ မရုန့်ရင်းသော အာပတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၄၀၁။ ''သံဃာတော်၏ ခိုက်ရန်ဖြစ်ခြင်း ငြင်းခုံခြင်း ဆန့်ကျင်သော စကားကို ယူခြင်း ဆန့်ကျင် သော စကားကို ဆိုခြင်းသည် ဖြစ်လတ္တံ့''ဟု အောက်မေ့၍ မပြောကြားအံ့၊ အာပတ် မသင့်။
''သံဃာ၏ ကွဲပြားခြင်းသော်လည်းကောင်း၊ သံဃာ၏ အရေး 'အက်ကြောင်း' သော်လည်းကောင်း ဖြစ်လတ္တံ့''ဟု နှလုံးပိုက်၍ မပြောကြားအံ့၊ ''ဤရဟန်းသည် ခက်ထန်၏၊ ကြမ်းတမ်း၏၊ အသက်၏ အန္တရာယ်ကိုသော်လည်းကောင်း၊ သာသနာတော်၏ အန္တရာယ်ကိုသော်လည်းကောင်း ပြုလတ္တံ့ဟု'' (နှလုံးသွင်း၍) မပြောကြားအံ့၊ လျောက်ပတ်သော အခြားရဟန်းတို့ကို မမြင်သောကြောင့် မပြောကြားအံ့၊ ဖုံးလွှမ်းရန် အလိုမရှိဘဲ မပြောကြားအံ့၊ ''မိမိအမှုဖြင့် ထင်ရှားလတ္တံ့''ဟု (အောက်မေ့၍) မပြောကြားအံ့။ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
စတုတ္ထ ဒုဋ္ဌုလ္လသိက္ခာပုဒ် ပြီး၏။