Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

1. Paṭhamapāṭidesanīyasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

အသျှင်ဘုရားတို့ ဤပါဋိဒေသနီ 'သီးခြားပြောကြားရသော' အာပတ်လေးပါးတို့သည်
သရုပ်အားဖြင့် ပြဆိုအပ်သည်အဖြစ်သို့ ရောက်ကုန်၏။
၅၅၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ရဟန်းမိန်းမတစ်ဦးသည် သာဝတ္ထိပြည်၌ ဆွမ်းခံ လှည့်လည်ပြီးနောက် ဆွမ်းခံရာမှ ဖဲခဲ့သောအခါ ရဟန်းတစ်ပါးကို မြင်လျှင် ''အသျှင် ဆွမ်းကို ယခု ခံယူပါလော့''ဟု ပြောဆိုသဖြင့်
''ကောင်းပြီ နှမ''ဟု ဆိုကာ ဆွမ်းကို အကုန်လုံး ခံယူလေ၏။
ထိုရဟန်း မိန်းမသည် မွန်းတည့်အချိန် နီးလတ်ရကား ဆွမ်းခံလှည့်လည်ခြင်းငှါ မတတ်နိုင်သဖြင့် ဆွမ်းပြတ်လေ၏။
ထိုအခါ ထိုရဟန်းမိန်းမသည် နှစ်ရက်မြောက်သော နေ့၌လည်း။ပ။ သုံးရက်မြောက်သော နေ့၌လည်း သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်ပြီးနောက် ဆွမ်းခံရာမှ ဖဲခဲ့သောအခါ ထိုရဟန်းကို မြင်လျှင် ''အသျှင် ဆွမ်းကို ယခု ခံယူပါလော့''ဟု ပြောဆိုပြန်သဖြင့်
''ကောင်းပြီ နှမ''ဟု ဆိုကာ ဆွမ်းကို အကုန်လုံး ခံယူပြန်လေ၏၊
ထိုရဟန်းမိန်းမသည် မွန်းတည့်အချိန် နီးလတ်ရကား ဆွမ်းခံလှည့်လည်ခြင်းငှါ မတတ်နိုင် သဖြင့် ဆွမ်းပြတ်လေ၏။
ထိုအခါ ထိုရဟန်းမိန်းမသည် လေးရက်မြောက်သော နေ့၌ (ခရီး) လမ်းမတွင် တုန်တုန်ရီရီ သွားနေ၏၊
အိမ့်ရှင်သူဌေးသည် ရထားဖြင့် ခရီးရင်ဆိုင်လာသည် ရှိသော် ''အသျှင်မ ဖယ်ရှားပါလော့''ဟု ထိုရဟန်း မိန်းမအား ဆို၏။
ထိုရဟန်းမိန်းမသည် လမ်းဘေးသို့ သက်ဆင်းသည် ရှိသော် ခရီးလမ်းမ၌ပင်လျှင် တိမ်းလဲလေ၏။
အိမ့်ရှင်သူဌေးသည် ထိုရဟန်းမိန်းမအား ''အသျှင်မ သည်းခံပါလော့၊ အကျွန်ုပ်သည် (အသျှင်မကို) တိမ်းလဲစေအပ်ပါပြီ 'အကျွန်ုပ်ကြောင့် အသျှင်မ လဲကျပါသည်'''ဟု ဆို၏။
အိမ့်ရှင် သူဌေး သင်သည် ငါ့ကို တိမ်းလဲစေအပ်သည် မဟုတ်ပါ၊
စင်စစ်သော်ကား ငါသည်သာလျှင် အားနည်းသူ ဖြစ်ပါ၏ဟု ပြောဆိုသဖြင့်
အသျှင်မ သင်သည် အဘယ့်ကြောင့် အားနည်းသူ ဖြစ်ရပါသနည်းဟု မေးလေ၏။
ထိုအခါ ရဟန်းမိန်းမသည် အိမ့်ရှင်သူဌေးအား ဤအကြောင်းကို ပြောကြားလေ၏။
အိမ့်ရှင်သူဌေးသည် ထိုရဟန်းမိန်းမကို အိမ်သို့ ပင့်ဆောင်၍ ဆွမ်းကျွေးပြီးလျှင် ''အသျှင်ကောင်း တို့သည် အဘယ့်ကြောင့် ရဟန်းမိန်းမ၏ လက်မှ (ဆွမ်းစသော) အာမိသကို ခံယူကုန်ဘိသနည်း၊ မိန်းမတို့ မည်သည်ကား ဆင်းရဲငြိုငြင်သော လာဘ် ရှိ၏''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြပြောဆို၏။
ရဟန်းတို့သည် ထိုအိမ့်ရှင်သူဌေး၏ ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုသော စကားကို ကြားကြသည် သာတည်း။
အလိုနည်းကုန်သော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းသည် ရဟန်းမိန်းမ၏ လက်မှ (ဆွမ်းစသော) အာမိသကို ခံယူဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်း သင်သည် ရဟန်းမိန်းမ၏ လက်မှ (ဆွမ်းစသော) အာမိသကို ခံယူ၏ဟူသည် မှန်သ လော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ရဟန်း သင်နှင့် ဆွေမျိုးတော်စပ်သလော၊ ဆွေမျိုးမတော်စပ်သလောဟု (မေးတော်မူရာ) -
ဆွေမျိုးမတော်စပ်ပါ မြတ်စွာဘုရားဟု (လျှောက်၏)။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဆွေမျိုးမတော်စပ်သော သူသည် ဆွေမျိုး မတော်စပ် သူ၌ သင့် မသင့်ကိုလည်းကောင်း၊ ရှိ မရှိကိုလည်းကောင်း မသိနိုင်၊
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် အဘယ့်ကြောင့် ဆွေမျိုးမတော်စပ်သော ရဟန်းမိန်းမ၏ လက်မှ (ဆွမ်းစသော) အာမိသကို ခံယူဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၅၅၃။ ''အကြင်ရဟန်းသည် ရွာတွင်းသို့ ဝင်သော ဆွေမျိုး မတော်စပ်သော ရဟန်းမိန်းမ၏ လက်မှ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကို သော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ထိုရဟန်းသည် 'ငါ့သျှင်တို့ အကျွန်ုပ်သည် ကဲ့ရဲ့အပ်, မလျောက်ပတ် သော ပါဋိဒေသနီအာပတ်သို့ ရောက်ပြီ၊ ထိုပါဋိဒေသနီအာပတ်ကို ပြောကြားပါ၏'ဟု ပြောကြားရမည်''
ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၅၅၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ဆွေမျိုးမတော်စပ်သော မည်သည် အမိဘက်မှလည်းကောင်း၊
အဖဘက်မှလည်းကောင်း အဘိုး အဘွား ခုနစ်ဆက်မြောက်တိုင်အောင် မတော်စပ်သောသူတည်း။
ရဟန်းမိန်းမ မည်သည် နှစ်ဖက်သံဃာ၌ ပဉ္စင်းဖြစ်သော မိန်းမတည်း။
ရွာတွင်း မည်သည် ခရီးလမ်းမ ထုတ်ချင်းမထွင်းသောခရီး ခရီးဆုံအိမ်တည်း။
ခဲဖွယ် မည်သည် ဘောဇဉ်ငါးပါး ယာမကာလိက သတ္တာဟကာလိက ယာဝဇီဝိကတို့ကို ဖယ်ထား၍ အကြွင်းသည် ခဲဖွယ် မည်၏။
ဘောဇဉ် မည်သည် ထမင်း၊ မုယောမုန့်၊ မုန့်လုံး၊ ငါး၊ အမဲအားဖြင့် ငါးပါးသော ဘောဇဉ်တို့တည်း။
''ခဲမည် စားမည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ် သင့်၏။
၅၅၅။ ဆွေမျိုးမတော်သော ရဟန်းမိန်းမ၌ ဆွေမျိုးမတော်ဟု အမှတ်ရှိသည်ဖြစ်၍ ရွာတွင်းသို့ ဝင်သော ရဟန်းမိန်းမ၏ လက်မှ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း မိမိ လက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲအံ့၊ စားမူလည်း စားအံ့၊ ပါဋိဒေသနီအာပတ် သင့်၏။
ဆွေမျိုးမတော်သော ရဟန်းမိန်းမ၌ ယုံမှားရှိသည်ဖြစ်၍ ရွာတွင်းသို့ ဝင်သော ရဟန်းမိန်းမ၏ လက်မှ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲအံ့၊ စားမူလည်း စားအံ့၊ ပါဋိဒေသနီအာပတ် သင့်၏။
ဆွေမျိုးမတော်သော ရဟန်းမိန်းမ၌ ဆွေမျိုးတော်၏ဟု အမှတ်ရှိသည်ဖြစ်၍ ရွာတွင်းသို့ ဝင်သော ရဟန်းမိန်းမ၏ လက်မှ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲအံ့၊ စားမူလည်း စားအံ့၊ ပါဋိဒေသနီအာပတ် သင့်၏။
ယာမကာလိက သတ္တာဟကာလိက ယာဝဇီဝိကကို အာဟာရအကျိုးငှါ ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
တစ်ဖက်သံဃာ၌ ပဉ္စင်းဖြစ်သော ရဟန်းမိန်းမ၏ လက်မှ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကို သော်လည်းကောင်း
''ခဲမည် စားမည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
ဆွေမျိုးတော်သော ရဟန်းမိန်းမ၌ ဆွေမျိုးမတော်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဆွေမျိုး တော်သော ရဟန်းမိန်းမ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဆွေမျိုးတော်သော ရဟန်းမိန်းမ၌ ဆွေမျိုး တော်၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၅၅၆။ ဆွေမျိုးတော်သော ရဟန်းမိန်းမ၌ အာပတ် မသင့်၊ အပေးခိုင်းသော်လည်း မပေးအံ့၊ အနီး၌ ချထား၍ ပေးအံ့၊ အရံတွင်း, ရဟန်းမိန်းမတို့၏ကျောင်း, တိတ္ထိတို့နေရာ, ဆွမ်းစားဇရပ်၌ ပေးအံ့၊ ရွာမှ ထုတ်ဆောင်၍ ပေးအံ့၊ ယာမကာလိက သတ္တာဟကာလိက ယာဝဇီဝိကကို ''အကြောင်းရှိသော် သုံးဆောင် လော့''ဟု ပေးအံ့၊ သိက္ခမာန်နှင့် သာမဏေမတို့၌ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစ လက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဌမ ပါဋိဒေသနီသိက္ခာပုဒ် ပြီး၏။