Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

5. Rahonisajjasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၂၈၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် မိတ်ဆွေ၏ အိမ်သို့ သွား၍ ထိုမိတ်ဆွေ၏ မယားနှင့်အတူ တစ်ယောက်အချင်းချင်း ဆိတ်ကွယ်ရာအရပ်၌ ထိုင်နေ၏။
ထိုအခါ ထိုယောက်ျားက ''အဘယ့်ကြောင့် အသျှင်ဥပနန္ဒသည် မာတုဂါမနှင့် အတူ တစ်ယောက် ချင်းချင်း ဆိတ်ကွယ်ရာအရပ်၌ ထိုင်နေဘိသနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုသော ထိုယောက်ျား၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် မာတုဂါမနှင့်အတူ တစ်ယောက်ချင်းချင်း ဆိတ်ကွယ်ရာအရပ်၌ ထိုင်နေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ဥပနန္ဒ သင်သည် မာတုဂါမနှင့်အတူ တစ်ယောက်ချင်းချင်း ဆိတ်ကွယ်ရာအရပ်၌ ထိုင်နေ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် အဘယ့်ကြောင့် မာတုဂါမနှင့်အတူ တစ်ယောက်ချင်းချင်း ဆိတ်ကွယ်ရာအရပ်၌ ထိုင်နေဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၂၉၀။ ''အကြင်ရဟန်းသည် မာတုဂါမနှင့်အတူ တစ်ယောက်ချင်းချင်း ဆိတ်ကွယ်ရာ အရပ်၌ ထိုင်နေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၂၉၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
မာတုဂါမ မည်သည် ကောင်းစွာ ဆိုသောစကား မကောင်းသဖြင့် ဆိုသောစကား၊ ရုန့်ရင်းသော စကား မရုန့်ရင်းသော စကားကို သိခြင်းငှါ စွမ်းနိုင်သော သိကြားလိမ္မာသော လူမိန်းမတည်း၊ ဘီလူး (နတ်) မ မဟုတ်၊ ပြိတ္တာမ မဟုတ်၊ တိရစ္ဆာန်မ မဟုတ်။
အတူဟူသည် အတူတကွတည်း။
တစ်ယောက်ချင်းချင်းဟူသည် ရဟန်းတစ်ပါးနှင့် မာတုဂါမတစ်ယောက်ပင် ဖြစ်၏။
ဆိတ်ကွယ်ရာ မည်သည် မျက်စိ၏ ဆိတ်ကွယ်ရာ၊ နား၏ ဆိတ်ကွယ်ရာတည်း။
မျက်စိ၏ ဆိတ်ကွယ်ရာ မည်သည် မျက်စိကို မှိတ်သော်လည်းကောင်း၊ မျက်မှောင်ကို ချီသော်လည်း ကောင်း၊ ဦးခေါင်းကို မော့သော်လည်းကောင်း မြင်ခြင်းငှါ မစွမ်းနိုင်သော နေရာတည်း။
နား၏ ဆိတ်ကွယ်ရာ မည်သည် ပကတိပြောသော စကားကို ကြားခြင်းငှါ မစွမ်းနိုင်သော နေရာ တည်း။
ထိုင်နေငြားအံ့ဟူသည် မာတုဂါမသည် ထိုင်နေစဉ် ရဟန်းသည် အနီး၌ ထိုင်နေသော် လည်းကောင်း၊ အနီး၌ အိပ်နေသော်လည်းကောင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ထိုင်နေစဉ် မာတုဂါမသည် အနီး၌ ထိုင်နေသော်လည်းကောင်း၊ အနီး၌ အိပ်နေသော် လည်းကောင်း ပါစိတ်အာပတ် သင့်၏။
နှစ်ယောက်လုံး ထိုင်နေသော်လည်းကောင်း၊ နှစ်ယောက်လုံး အိပ်နေသော်လည်းကောင်း ပါစိတ်အာပတ် သင့်၏။
၂၉၂။ မာတုဂါမ၌ မာတုဂါမဟု အမှတ်ရှိသည်ဖြစ်၍ တစ်ယောက်ချင်းချင်း ဆိတ်ကွယ်ရာအရပ်၌ ထိုင်နေငြားအံ့ ပါစိတ်အာပတ် သင့်၏။
မာတုဂါမ၌ ယုံမှားရှိသည်ဖြစ်၍ တစ်ယောက်ချင်းချင်း ဆိတ်ကွယ် ရာ အရပ်၌ ထိုင်နေငြားအံ့ ပါစိတ်အာပတ် သင့်၏။
မာတုဂါမ၌ မာတုဂါမ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ တစ်ယောက်ချင်းချင်း ဆိတ်ကွယ်ရာအရပ်၌ ထိုင်နေငြားအံ့ ပါစိတ်အာပတ် သင့်၏။
ဘီလူးမနှင့်သော်လည်းကောင်း၊ ပြိတ္တာမနှင့်သော်လည်းကောင်း၊ ပဏ္ဍုက်နှင့်သော်လည်းကောင်း၊ တိရစ္ဆာန်မနှင့်သော်လည်းကောင်း၊ လူယောင်ဖန်ဆင်းသော တိရစ္ဆာန်မနှင့်သော်လည်းကောင်း အတူ တစ်ယောက်ချင်းချင်း ဆိတ်ကွယ်ရာအရပ်၌ ထိုင်နေငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မာတုဂါမ မဟုတ်သူ၌ မာတုဂါမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မာတုဂါမ မဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မာတုဂါမ မဟုတ်သူ၌ မာတုဂါမ မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၂၉၃။ အမှတ်မရှိ သိကြားလိမ္မာသော အဖော်ယောက်ျား ရှိအံ့၊ ရပ်သာရပ်၍ မထိုင်အံ့၊ ဆိတ်ကွယ် သည်ကို မငဲ့အံ့၊ အခြားအာရုံကို နှလုံးသွင်းလျက် ထိုင်နေအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဉ္စမ ရဟောနိသဇ္ဇသိက္ခာပုဒ် ပြီး၏။