Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

8. Sannidhikārakasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၂၅၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
အသျှင်အာနန္ဒာ၏ ဥပဇ္ဈာယ်ဖြစ်သော အသျှင် ဗေလဋ္ဌသီသသည် တော၌နေ၏၊
ထိုဗေလဋ္ဌသီသသည် ဆွမ်းအလို့ငှါ လှည့်လည်ပြီး၍ (ဟင်းလွတ် ကင်းသော) ထမင်းသက်သက်ကို အရံသို့ယူဆောင်၍ ခြောက်သွေ့စေလျက် (သိုမှီးသိမ်းဆည်း) ထား၏၊
အာဟာရအလိုရှိသော အခါ၌ ရေဖြင့် ဆွတ်၍ ဆွတ်၍ သုံးဆောင်၏၊ ကြာမြင့်မှ ရွာသို့ ဆွမ်းအလို့ငှါ ဝင်၏။
ရဟန်းတို့သည် အသျှင်ဗေလဋ္ဌသီသကို
''ငါ့သျှင် အဘယ့်ကြောင့် သင်သည် ကြာမြင့်မှ ရွာသို့ ဆွမ်းအလို့ငှါ ဝင်ဘိသနည်း''ဟု ဆိုကုန်၏။
ထိုအခါ အသျှင်ဗေလဋ္ဌသီသသည် ရဟန်းတို့အား ဤ အကြောင်းကို ပြောကြား၏။
ငါ့သျှင် အသို့နည်း သင်သည် သိုမှီးသိမ်းဆည်းခြင်းကို ပြု၍ ဘောဇဉ်ကို စားသလောဟု (မေးကြကုန် ၏)။
မှန်ပေသည် ငါ့သျှင်တို့ဟု (ဆို၏)။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အသျှင်ဗေလဋ္ဌသီသသည် သိုမှီးသိမ်းဆည်းခြင်းကို ပြု၍ ဘောဇဉ်ကို စားဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ဗေလဋ္ဌသီသ သင်သည် သိုမှီးသိမ်းဆည်းခြင်းကို ပြု၍ ဘောဇဉ်ကို စား၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ဗေလဋ္ဌသီသ အဘယ့်ကြောင့် သင်သည် သိုမှီးသိမ်းဆည်းခြင်းကို ပြု၍ ဆွမ်းကို စားဘိသနည်း။
ဗေလဋ္ဌသီသ ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်ကို ပြကြကုန်လော့။
၂၅၃။ ''အကြင်ရဟန်းသည် သိုမှီးသိမ်းဆည်းခြင်းကို ပြု၍ ခဲဖွယ်ကို သော်လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း ခဲမူလည်း ခဲငြားအံ့ စားမူလည်း စားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန် လော့ဟု မိန့်တော်မူ၏)။
၂၅၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
သိုမှီးသိမ်းဆည်းခြင်းကိုပြုခြင်း မည်သည် ယနေ့အကပ်ခံထားသော ခဲဖွယ်ဘောဇဉ်ကို တစ်ပါးသော နေ့၌ ခဲ၏။
ခဲဖွယ် မည်သည် ဘောဇဉ်ငါးပါးတို့ကိုလည်းကောင်း၊ ယာမကာလိကကိုလည်းကောင်း၊ သတ္တာဟ ကာလိကကိုလည်းကောင်း၊ ယာဝဇီဝိကကိုလည်းကောင်း ဖယ်ထား၍ အကြွင်းသည် ခဲဖွယ်မည်၏။
ဘောဇဉ် မည်သည် ထမင်း၊ မုယောမုန့်၊ မုန့်လုံး၊ ငါး၊ စမဲဟင်းလျာဟူသော ဘောဇဉ်ငါးပါး တို့တည်း။
''ခဲအံ့ စားအံ့''ဟူ၍ ခံယူငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ် သင့်၏။
၂၅၅။ သိုမှီးသိမ်းဆည်းထားသော ခဲဖွယ်ဘောဇဉ်၌ သိုမှီးသိမ်းဆည်းထားသော ခဲဖွယ်ဘောဇဉ်ဟု အမှတ်ရှိသည်ဖြစ်၍ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
သိုမှီးသိမ်းဆည်းထားသော ခဲဖွယ်ဘောဇဉ်၌ ယုံမှားရှိသည်ဖြစ်၍ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
သိုမှီးသိမ်းဆည်းထားသော ခဲဖွယ်ဘောဇဉ်၌ သိုမှီးသိမ်းဆည်းထားသော ခဲဖွယ်ဘောဇဉ် မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ယာမကာလိကကိုလည်းကောင်း၊ သတ္တာဟကာလိကကိုလည်းကောင်း၊ ယာဝဇီဝိကကိုလည်းကောင်း အာဟာရအလို့ငှါ ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
သိုမှီးသိမ်းဆည်းထားသော ခဲဖွယ်ဘောဇဉ် မဟုတ်သည်၌ သိုမှီးသိမ်းဆည်းထားသော ခဲဖွယ် ဘောဇဉ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သိုမှီးသိမ်းဆည်းထားသော ခဲဖွယ်ဘောဇဉ် မဟုတ်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သိုမှီးသိမ်းဆည်းထားသော ခဲဖွယ်ဘောဇဉ် မဟုတ်သည်၌ သိုမှီးသိမ်းဆည်းထားသော ခဲဖွယ် ဘောဇဉ်မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၂၅၆။ ယာဝကာလိကကို မွန်းမလွဲမီအခါ၌ သိုမှီးသိမ်းဆည်း၍ စားငြားအံ့၊ ယာမကာလိကကို ယာမ်၌ သိုမှီးသိမ်းဆည်း၍ စားငြားအံ့၊ သတ္တာဟကာလိကကို ခုနစ်ရက်ပတ်လုံး သိုမှီးသိမ်းဆည်း၍ စားငြားအံ့၊ ယာဝဇီဝိကကို (အနာဟူသော) အကြောင်းရှိခဲ့သော် စားငြားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
အဋ္ဌမ သန္နိဓိကာရကသိက္ခာပုဒ် ပြီး၏။