Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

2. Uyyojanasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၂၇၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
သာကီဝင်မင်းသားဖြစ်သော အသျှင်ဥပနန္ဒသည် အစ်ကို၏ အတူနေတပည့်ဖြစ်သော ရဟန်းအား ''ငါ့သျှင် လာလော့၊ ရွာသို့ ဆွမ်းအလို့ငှါ ဝင်ကုန်အံ့''ဟု ဆို၍
ထိုရဟန်းအား အာမိသ (တစ်စုံတစ်ရာ) ကို မပေးဘဲ ''ငါ့သျှင် သွားပေတော့၊ ငါ့အား သင်နှင့်အတူ စကားပြောရခြင်းသည်လည်းကောင်း၊ နေထိုင်ရခြင်းသည်လည်းကောင်း မချမ်းသာ၊ တစ်ယောက်ထီးတည်း သော ငါ့အား စကားပြောရခြင်းသည်လည်းကောင်း၊ နေထိုင်ရခြင်းသည်လည်းကောင်း ချမ်းသာ၏''ဟု (ဆို၍) လွှတ်လိုက်၏။
ထိုအခါ ထိုရဟန်းသည် မွန်းလွဲခါနီးကပ်လတ်သော် ဆွမ်းခံခြင်းငှါလည်း မတတ်နိုင်၊ ဆွမ်းစားဇရပ်၌လည်း ဆွမ်းစားမမှီ၊ ဆွမ်းပြတ်၏ 'ဆွမ်းမစားရတော့ချေ'။
ထိုအခါ ထိုရဟန်းသည် အရံသို့ သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသားဖြစ်သော အသျှင်ဥပနန္ဒသည် ရဟန်းကို 'ငါ့သျှင်လာလော့၊ ရွာသို့ ဆွမ်းအလို့ငှါ ဝင်ကုန်အံ့'ဟု ဆို၍ ထိုရဟန်းအား အာမိသကို မပေးဘဲ လွှတ်လိုက်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ဥပနန္ဒ သင်သည် ရဟန်းကို 'ငါ့သျှင်လာလော့၊ ရွာသို့ ဆွမ်းအလို့ငှါ ဝင်ကုန်အံ့'ဟု ဆို၍ ထိုရဟန်းအား အာမိသကို မပေးဘဲ လွှတ်လိုက်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် သင်သည် ရဟန်းကို
''ငါ့သျှင် လာလော့၊ ရွာတွင်းသို့ ဆွမ်းအလို့ငှါ ဝင်ကုန် အံ့''ဟု ဆို၍ ထိုရဟန်းအား အာမိသကို မပေးဘဲ လွှတ်လိုက်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ် သော ယောက်ျား ဤ (သင်ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်း ငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၂၇၅။ ''အကြင်ရဟန်းသည် ရဟန်းအား
'ငါ့သျှင် လာလော့၊ ရွာသို့သော် လည်းကောင်း၊ နိဂုံးသို့သော်လည်းကောင်း ဆွမ်းအလို့ငှါ ဝင်ကုန်အံ့'ဟု (ဆို၍) ထိုရဟန်းအား အာမိသကို ပေးစေ၍သော်လည်းကောင်း၊ မပေးစေမူ၍သော် လည်းကောင်း၊ ''ငါ့သျှင် သွားပေတော့၊ ငါ့အား သင်နှင့်အတူ စကားပြောရခြင်းသည် လည်းကောင်း၊ နေထိုင်ရခြင်းသည်လည်းကောင်း မချမ်းသာ၊ တစ်ယောက်ထီး တည်းသော ငါ့အား စကားပြောရခြင်းသည်လည်းကောင်း၊ နေထိုင် ရခြင်းသည် လည်းကောင်း ချမ်းသာ၏''ဟု ထိုအကြောင်းကိုသာလျှင် အကြောင်းပြု၍ အကြောင်း တစ်ပါးမရှိဘဲ လွှတ်လိုက်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၂၇၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ရဟန်းကိုဟူသည် မိမိမှ တစ်ပါးသော ရဟန်းကို။
ငါ့သျှင် လာလော့၊ ရွာသို့သော်လည်းကောင်း၊ နိဂုံးသို့သော်လည်းကောင်းဟူသည် ရွာသည် လည်းကောင်း၊ နိဂုံးသည်လည်းကောင်း၊ မြို့သည်လည်းကောင်း ရွာလည်း မည်၏ နိဂုံးလည်း မည်၏။
ထိုရဟန်းအား အာမိသကိုပေးစေ၍ဟူသည် ယာဂုကိုသော်လည်းကောင်း၊ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း ပေးစေ၍။
မပေးစေမူ၍ဟူသည် တစ်စုံတစ်ရာကိုမျှ မပေးစေမူ၍။
လွှတ်လိုက်ငြားအံ့ဟူသည် မာတုဂါမနှင့်အတူ ရယ်ရွှင်လို၍ မြူးထူးလို၍ ဆိတ်ကွယ်ရာ၌ နေလို၍ မကျင့်အပ်သော အကျင့်ကို ကျင့်လို၍
''ငါ့သျှင် သွားပေတော့၊ ငါ့အား သင်နှင့်အတူ စကားပြောရခြင်း သည်လည်းကောင်း၊ နေထိုင်ရခြင်းသည်လည်းကောင်း မချမ်းသာ၊ တစ်ယောက်ထီးတည်းသော ငါ့အား စကားပြောရခြင်းသည်လည်းကောင်း၊ နေထိုင်ရခြင်းသည်လည်းကောင်း ချမ်းသာ၏''ဟု ဆို၍ လွှတ်လိုက် ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မြင်လောက်သော ဥပစာကိုလည်းကောင်း၊ ကြားလောက်သော ဥပစာကို လည်းကောင်း စွန့်စဉ် ဒုက္ကဋ်အာပတ် သင့်၏။
စွန့်ပြီးသော် ပါစိတ်အာပတ် သင့်၏။
ထိုအကြောင်းကိုသာလျှင် အကြောင်းပြု၍ အကြောင်းတစ်ပါးမရှိဘဲဟူသည် စေလွှတ်ခြင်းငှါ အခြားသော အကြောင်း တစ်စုံတစ်ရာမရှိ။
၂၇၇။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ လွှတ်လိုက်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ လွှတ်လိုက်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ လွှတ်လိုက်အံ့၊ ပါစိတ်အာပတ် သင့်၏။
အမျက်ထွက်၍ ဆုံးမအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သော သူကို လွှတ်လိုက်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အမျက်ထွက်၍ ဆုံးမအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သော သူကို ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်း မဟုတ်သော သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သော သူကို ရဟန်းမဟုတ်ဟု အမှတ်ရှိအံ့ ဒုက္ကဋ်အာပတ် သင့်၏။
၂၇၈။ ''ရဟန်းနှစ်ပါးတို့သည် တစ်ပေါင်းတည်းဖြစ်မူ မမျှတကုန်လတ္တံ့''ဟု လွှတ်လိုက်အံ့၊ အာပတ် မသင့်၊ ''အဖိုးထိုက်တန်သော ဘဏ္ဍာကို တွေ့မြင်၍ လောဘတရား ဖြစ်လိမ့်မည်''ဟု လွှတ်လိုက်အံ့၊ ''မာတုဂါမကို တွေ့မြင်၍ (သာသနာတော်၌) မမွေ့လျော်ခြင်းဖြစ်လိမ့်မည်''ဟု လွှတ်လိုက်အံ့၊ အာပတ် မသင့်၊ ''နာဖျားလာသောရဟန်း ကျန်ရစ်သောရဟန်း ကျောင်းစောင့်ရဟန်းအား ယာဂု ထမင်း ခဲဖွယ် ဘောဇဉ်ကို ပို့ဆောင်လော့''ဟု စေလွှတ်အံ့၊ မကျင့်အပ်သော အကျင့်ကို မကျင့်လိုဘဲ အကြောင်းရှိ၍ လွှတ်လိုက်အံ့၊ အာပတ် မသင့်၊ ရူးသောရဟန်း အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒုတိယ ဥယျောဇနသိက္ခာပုဒ် ပြီး၏။