Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

6. Dutiyasahaseyyasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၅၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
အသျှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည်သို့ ကြွသွားရာညနေချမ်းအချိန်တွင် ကောသလတိုင်း ဇနပုဒ်ရွာတစ်ရွာသို့ ရောက်၏။
ထိုအခါ ထိုရွာ၌ မိန်းမတစ်ယောက်သည် ဧည့်သည်တည်းခိုရန် အိမ်ကို ပြုလုပ်ထား၏။
ထိုအခါအသျှင်အနုရုဒ္ဓါသည် ထိုမိန်းမထံသို့ ချဉ်းကပ်ပြီးလျှင်
ထိုမိန်းမကို ''နှမ အကယ်၍ ဝန်မလေးပါမူကားဧည့်သည်တည်းခိုရန် အိမ်၌ တစ်ညဉ့်နေလို၏''ဟု ပြောဆို၏။
အသျှင်ဘုရား နေတော်မူပါလော့ဟု (လျှောက်၏)။
အခြားခရီးသည်တို့လည်း ထိုမိန်းမထံသို့ချဉ်းကပ်ပြီးလျှင်
ထိုမိန်းမကို ''အရှင်မ သင့်အား အကယ်၍ ဝန်မလေးပါမူကား ဧည့်သည်တည်းခိုရန်အိမ်၌ တစ်ညဉ့်မျှ တည်းခိုကြပါရစေ''ဟု ပြောဆိုကြကုန်၏။
အမောင်တို့ ဤရဟန်းသည် ရှေ့ဦးစွာ ကြွလာ၏၊
ထိုရဟန်း ခွင့်ပြုပါက နေကုန်လော့ဟု (ဆို၏)။
ထိုအခါ ထိုခရီးသည်တို့သည် အသျှင်အနုရုဒ္ဓါ မထေရ်ထံသို့ ချဉ်းကပ်၍
အသျှင်အနုရုဒ္ဓါကို ''အသျှင်ဘုရားအသျှင်အား အကယ်၍ ဝန်မလေးပါမူကား ဧည့်သည်တည်းခိုရန် အိမ်၌ တစ်ညဉ့်မျှတည်းခိုကြပါရစေ''ဟု လျှောက်ကြကုန်၏။
ဒါယကာတို့ နေကုန်လော့ဟု (မိန့်ဆို၏)။
ထိုအခါ ထိုမိန်းမသည် အသျှင်အနုရုဒ္ဓါကို မြင်သည်နှင့် တစ်ပြိုင်နက် တပ်မက်စိတ် ဖြစ်နေ၏။
ထိုအခါထိုမိန်းမသည် အသျှင်အနုရုဒ္ဓါထံသို့ ချဉ်းကပ်၍
အသျှင်အနုရုဒ္ဓါကို ''အသျှင်ဘုရား အသျှင်သည်ဤလူတို့နှင့်ရောပြွန်းသောကြောင့် ချမ်းသာစွာ နေရမည် မဟုတ်ပါ၊
အသျှင်ဘုရား တောင်းပန်ပါသည်၊ အကျွန်ုပ်သည် အသျှင်ဘုရား၏ ညောင်စောင်း 'ခုတင်' ကို အိမ်တွင်း၌ ခင်းပေးပါအံ့''ဟု လျှောက်၏။
အသျှင်အနုရုဒ္ဓါ ဆိတ်ဆိတ်နေ၍ လက်ခံလေ၏။
ထိုအခါ ထိုမိန်းမသည် အသျှင်အနုရုဒ္ဓါ၏ ညောင်စောင်းကို အိမ်တွင်း၌ ခင်း၍ အဝတ်တန်ဆာကောင်းစွာ ဝတ်စားဆင်ယင်ပြီးလျှင် သင်းပျံ့မွှေးကြိုင်သော နံ့သာအနံ့တို့ဖြင့် ကြိုင်လှိုင်စေလျက် အသျှင်အနုရုဒ္ဓါထံသို့ ချဉ်းကပ်၍
အသျှင်အနုရုဒ္ဓါကို ''အသျှင်ဘုရား အသျှင်သည် အလွန်အဆင်းလှ၏၊ ရှုချင်စဖွယ် ရှိ၏၊ ကြည်ညိုဖွယ် ကောင်းလှ၏။ အကျွန်ုပ်သည်လည်း အဆင်းလှပါသည်။ ရှုချင်စဖွယ်ရှိပါသည်၊ ကြည်ညိုဖွယ်ကောင်းပါသည်။
အသျှင်ဘုရား တောင်းပန်ပါသည်၊ တပည့်တော်မသည် အသျှင်ဘုရား၏ မယားဖြစ်လိုပါ၏''ဟု လျှောက်၏။
ဤသို့ လျှောက်သောအခါ အသျှင်အနုရုဒ္ဓါမထေရ်သည်ဆိတ်ဆိတ် နေ၏။
နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ထိုမိန်းမသည် အသျှင်အနုရုဒ္ဓါကို ''အသျှင်ဘုရား အသျှင်သည် အလွန်အဆင်းလှ၏၊ ရှုချင်စဖွယ် ရှိ၏၊ ကြည်ညိုဖွယ်ကောင်းလှ၏၊ အကျွန်ုပ် သည်လည်း အလွန်အဆင်းလှပါသည်၊ ရှုချင်စဖွယ် ရှိပါသည်၊ ကြည်ညိုဖွယ်ကောင်းပါသည်၊
အသျှင်ဘုရား တောင်းပန် ပါသည်၊ အသျှင်သည် တပည့်တော်မနှင့် ဥစ္စာပစ္စည်းအားလုံးကို သိမ်းပိုက်ခံယူတော်မူပါ''ဟုလျောက်၏။
အသျှင်အနုရုဒ္ဓါသည် သုံးကြိမ်မြောက်လည်း ဆိတ်ဆိတ်နေ၏။
ထိုအခါ ထိုမိန်းမသည် အဝတ်ထဘီကို ချွတ်၍ အသျှင်အနုရုဒ္ဓါ၏ ရှေ့မှ စင်္ကြံလည်း လျှောက်၏၊ ရပ်လည်း ရပ်၏၊ ထိုင်လည်း ထိုင်၏၊ အိပ်လည်း အိပ်၏၊
ထိုအခါ အသျှင်အနုရုဒ္ဓါသည် (မျက်စိအစရှိသော) ဣနြေတို့ကို အောက်သို့ချ၍ ထိုမိန်းမကို ကြည့်လည်း မကြည့်၊ စကားလည်း မပြော (နေတော်မူ၏)။
ထိုအခါ ထိုမိန်းမသည်
''အချင်းတို့ အံ့ဖွယ် ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊
များစွာသော လူတို့သည် ငါ့ကို အရာအထောင်သော ဥစ္စာပစ္စည်းဖြင့် စေလွှတ်၍ တောင်းရမ်းကုန်၏၊ (စေ့စပ်ကြောင်းလမ်းကြကုန်၏)။
ဤရဟန်းသည်ကား ငါကိုယ်တိုင် တောင်းပန်ပါလျက် ငါနှင့်ဥစ္စာပစ္စည်းအားလုံးကို သိမ်းပိုက်ခံယူဖို့ရန် အလိုမရှိ''ဟု ဆို၍ ထဘီကို ဝတ်ပြီးလျှင် အသျှင်အနုရုဒ္ဓါ၏ ခြေတို့၌ဦးခေါင်းဖြင့် ဝပ်လျှိုးလျက် အသျှင်အနုရုဒ္ဓါကို
''အသျှင်ဘုရား မိုက်သည့်အလျောက် တွေဝေသည်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် တပည့်တော်မကို လွှမ်းမိုးကျရောက်ခဲ့ပါပြီ။ တပည့်တော်မသည် ဤသို့ မတော်မလျော်သော အမှုကို ပြုမိပါ၏၊
အသျှင်ဘုရား အသျှင်သည် တပည့်တော်မ၏အပြစ်ကို အပြစ်အားဖြင့် နောင်အခါ စောင့်စည်းပါရခြင်းငှါ သည်းခံတော်မူပါလော့''ဟု လျှောက်၏။
''နှမ ကောင်းပါပြီ၊ မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ့်သည် သင့်ကို လွှမ်းမိုးနှိပ်စက်ခဲ့၏၊ သင်သည် ဤသို့ မတော်မလျော်သော အမှုကို ပြုမိ၏၊
နှမ သင်သည် အကြင်ကြောင့် အပြစ်ကို အပြစ်အားဖြင့် မြင်၍ တရားနှင့်လျော်စွာ ကုစား၏၊ ထို့ကြောင့် သင်၏ထိုအပြစ်ကို ငါတို့ သည်းခံကုန်၏။
နှမ အကြင်သူသည် အပြစ်ကို အပြစ်အားဖြင့် မြင်၍ တရားနှင့်လျော်စွာ ကုစား၏၊ နောင်အခါ၌လည်း စောင့်စည်း၏၊ ဤသို့ ပြုခြင်းသည် ဘုရား၏အဆုံးအမ၌ ကြီးပွားကြောင်းသာလျှင် ဖြစ်၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ ထိုမိန်းမသည် ထိုညဉ့်လွန်သဖြင့် အသျှင်အနုရုဒ္ဓါကို မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ဖြင့်ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် ကိုယ်တိုင် လုပ်ကျွေးလျက် ဆွမ်းစားပြီး၍ သပိတ်မှလက်ဖယ်ပြီးသောအခါ အသျှင်အနုရုဒ္ဓါကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေ၏။
တစ်ခုသော နေရာ၌ ထိုင်နေသော ထိုမိန်းမကို အသျှင်အနုရုဒ္ဓါသည် တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေ၏။
ထိုအခါ ထိုမိန်းမသည် အသျှင်အနုရုဒ္ဓါက တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေအပ်ပြီးဖြစ်ရကား အသျှင် အနုရုဒ္ဓါအား-
''အသျှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ အသျှင်ဘုရား တရားတော်သည်အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။
အသျှင်ဘုရား ဥပမာသော်ကား ''မှောက်ထားသည်ကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအားလမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ 'မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်'ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင်အသျှင်အနုရုဒ္ဓါသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏။
အသျှင်ဘုရား ထိုတပည့်တော်မသည် ထိုမြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊
အသျှင်သည်တပည့်တော်မကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသိကာမဟူ၍ မှတ်တော်မူပါ''ဟု လျှောက်၏။
ထိုအခါ အသျှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည်သို့ သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏၊
အလိုနည်းသော ရဟန်းတို့သည်
''အဘယ့်ကြောင့် အသျှင်အနုရုဒ္ဓါသည် မာတုဂါမနှင့်အတူ အိပ်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ထိုရဟန်းတို့သည် အသျှင်အနုရုဒ္ဓါကို များစွာသောအကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင်မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''အနုရုဒ္ဓါ သင်သည် မာတုဂါမနှင့်အတူအိပ်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ အနုရုဒ္ဓါ သင်သည် အဘယ့်ကြောင့်မာတုဂါမနှင့်အတူ အိပ်ဘိသနည်း။
အနုရုဒ္ဓါ ဤ (သင်ပြုမိသောအမှု) သည်မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၅၆။ ''အကြင်ရဟန်းသည် မာတုဂါမနှင့်အတူ အိပ်ခြင်းကို ပြုငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၅၇။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍အလိုရှိအပ်၏။
မာတုဂါမဟူသည် လူမိန်းမတည်း၊ ဘီလူး (နတ်) မ မဟုတ်၊ ပြိတ္တာမ မဟုတ်၊ တိရစ္ဆာန်မ မဟုတ်၊
အယုတ်ဆုံးအားဖြင့် ယနေ့မွေးဖွားသော သူငယ်မပင် ဖြစ်စေကာမူ မာတုဂါမ မည်၏၊ ထို့ထက်ကြီးသော မိန်းမဖြစ်မူကား ဆိုဖွယ်ရာမရှိ။
အတူဟူသည် တစ်ပေါင်းတည်း။
အိပ်ရာနေရာ မည်သည် အမိုးအလုံးစုံ ရှိသော အကာအရံ အလုံးစုံရှိသော နေရာ၊ အများအားဖြင့်အမိုးရှိသော အများအားဖြင့် အကာအရံရှိသော နေရာတည်း။
အိပ်ခြင်းကို ပြုငြားအံ့ဟူသည် နေဝင်သောအခါ၌ မာတုဂါမအိပ်နေသော် ရဟန်းသည် အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းအိပ်နေသော် မာတုဂါမသည် အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
နှစ်ဦးလုံးမူလည်း အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။
ထ၍ အဖန်တလဲလဲ အိပ်ကုန်အံ့၊ ပါစိတ်အာပတ်သင့်၏။
၅၈။ မာတုဂါမကို မာတုဂါမဟု အမှတ်ရှိသည်ဖြစ်၍ အတူအိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
မာတုဂါမ၌ ယုံမှားရှိသည်ဖြစ်၍ အတူအိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
မာတုဂါမ၌ မာတုဂါမ မဟုတ်ဟုအမှတ်ရှိသည် ဖြစ်၍ အတူအိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
အမိုးတစ်ဝက် အကာအရံတစ်ဝက် ရှိသော ကျောင်း၌ (အိပ်အံ့)၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘီလူးမနှင့်သော်လည်းကောင်း၊ ပြိတ္တာမနှင့်သော်လည်းကောင်း၊ ပဏ္ဍုက်နှင့်သော်လည်းကောင်း၊ တိရစ္ဆာန်မနှင့်သော်လည်းကောင်း အတူအိပ်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မာတုဂါမ မဟုတ်သူ၌ မာတုဂါမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မာတုဂါမ မဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မာတုဂါမ မဟုတ်သူ၌ မာတုဂါမ မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၅၉။ အမိုးအလုံးစုံ ရှိ၍ အကာအရံလုံးဝ မရှိသော နေရာ၊ အကာအရံအလုံးစုံ ရှိ၍ အမိုးလုံးဝမရှိသော နေရာ၊ အများအားဖြင့် အမိုးမရှိသော အများအားဖြင့် အကာအရံမရှိသော နေရာ၌ အာပတ်မသင့်။ မာတုဂါမအိပ်သော် ရဟန်းသည် ထိုင်နေအံ့၊ ရဟန်းအိပ်သော် မာတုဂါမ ထိုင်နေအံ့၊ နှစ်ဦးလုံးမူ လည်းထိုင်နေကုန်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အား လည်းအာပတ် မသင့်။
ဆဋ္ဌ ဒုတိယသဟသေယျသိက္ခာပုဒ် ပြီး၏။ ၁-မုသာဝါဒဝဂ်