Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

2. Atthaṅgatasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၁၅၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
မထေရ်ကြီးဖြစ်ကုန်သော ရဟန်းတို့သည် အလှည့် အားဖြင့် ရဟန်းမိန်းမတို့ကို ဆုံးမကုန်၏။
ထိုအခါ၌ ရဟန်းမိန်းမတို့ကို ဆုံးမခြင်းငှါ အသျှင်စူဠပန်၏ အလှည့်ဖြစ်၏။
ရဟန်းမိန်းမတို့သည် ''ယခုအခါ၌ ယနေ့အဆုံးအမသည် မပြည့်စုံလတ္တံ့၊ ယခုအခါ၌ ထိုဥဒါန်းကိုသာလျှင် အသျှင်စူဠပန်သည် အဖန်တလဲလဲ ရွတ်ဆိုလတ္တံ့''ဟု ဆိုကုန်၏။
ထိုအခါ ထိုရဟန်းမိန်းမတို့သည် အသျှင်စူဠပန်ထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်စူဠပန်ကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊
တစ်ခုသော နေရာ၌ ထိုင်သော ထိုရဟန်းမိန်းမတို့ကို အသျှင်စူဠပန် သည်- ''နှမတို့ ညီညွတ်ကုန်၏လော''ဟု မေး၏။
ညီညွတ်ပါကုန်၏ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။
နှမတို့ ဂရုဓမ္မရှစ်ပါးတို့သည် နှုတ်၌ လာကုန်၏လောဟု (မေးပြန်၏)။
ဂရုဓမ္မရှစ်ပါးတို့သည် နှုတ်၌ လာပါကုန်၏ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။
''နှမတို့ ဤသည်ကား အဆုံးအမပေတည်း''ဟု ဆောက်နှင်း၍ 'အပ်နှံ၍' ဤဥဒါန်းကို အဖန် တလဲလဲ ရွတ်ဆို၏-
''လွန်ကဲသော 'အရဟတ္တဖိုလ်' စိတ်ရှိသော မမေ့မလျော့သော (အရဟတ္တမဂ် အရဟတ္တဖိုလ်) ဉာဏ်၏ အကြောင်းဖြစ်သော (ဗောဓိပက္ခိယ) တရားတို့၌ ကျင့်သော
တာဒိဂုဏ် 'သည်းခံခြင်းစသော မတုန်လှုပ်သော ဂုဏ်'နှင့် ပြည့်စုံသော (ရာဂ စသည်မှ) ငြိမ်းပြီးသော အခါခပ်သိမ်း သတိရှိသော ရဟန္တာပုဂ္ဂိုလ်အား စိုးရိမ်ခြင်း တို့သည် မဖြစ်ကုန်''ဟု (ဤဥဒါန်းကို အဖန်တလဲလဲ ရွတ်ဆို၏)။
ရဟန်းမိန်းမတို့သည် ''ယခုအခါ၌ ယနေ့အဆုံးအမသည် မပြည့်စုံလတ္တံ့၊ ယခုအခါ၌ ထိုဥဒါန်းကိုသာ လျှင် အသျှင်စူဠပန်သည် အဖန်တလဲလဲ ရွတ်ဆိုလတ္တံ့ဟု ဆိုခဲ့သည် မဟုတ်ပါလော''ဟု ပြောဆိုကုန်၏။
အသျှင်စူဠပန်သည် ထိုရဟန်းမိန်းမတို့၏ ဤသို့သော စကားပြောဆိုခြင်းကို ကြားလေ၏။
ထိုအခါ အသျှင်စူဠပန်သည် ကောင်းကင်သို့ ပျံတက်၍ ဟင်းလင်းပြင်ဟုဆိုအပ်သော ကောင်းကင်၌ စကြံလည်း သွား၏၊ ရပ်လည်း ရပ်၏၊ ထိုင်လည်း ထိုင်၏၊ အိပ်လည်း အိပ်၏၊ အခိုးလည်း လွှတ်၏၊ အလျှံလည်း လွှတ်၏၊ အကြား၌လည်း ကွယ်၏၊ ထိုဥဒါန်းကိုလည်း ရွတ်ဆို၏၊ တစ်ပါးသော ဘုရား စကားတော်များစွာကိုလည်း ရွတ်ဆို၏။
ရဟန်းမိန်းမတို့သည် ''အံ့ဖွယ် ရှိပေစွ အချင်းတို့၊ မဖြစ်ဖူးမြဲဖြစ်ပေစွ အချင်းတို့၊ အသျှင်စူဠပန်၏့အဆုံးအမသည် ပြည့်စုံသကဲ့သို့ ထို့အတူ ငါတို့အား ဤအခါမှ ရှေးကာလ၌ အဆုံးအမသည် မပြည့်စုံ စဖူးချေ''ဟု ဆိုကြကုန်၏။
ထိုအခါ အသျှင်စူဠပန်သည် ရဟန်းမိန်းမတို့ကို မှောင်မိုက်သည့်တိုင်အောင် အဆုံးအမပေး၍ ''နှမတို့ သွားကုန်လော့''ဟု လွှတ်လိုက်၏။
ထိုအခါ ထိုရဟန်းမိန်းမတို့သည် မြို့တံခါးပိတ်ထားသောကြောင့် မြို့၏အပ၌ နေ၍ နံနက်စောစော ကလျှင် မြို့တွင်းသို့ ဝင်ကုန်၏။
လူတို့သည် ''မမြတ်သောအကျင့်ကို ကျင့်ကုန်သော ဤရဟန်းမိန်းမတို့ သည် ကျောင်းအရံ၌ ရဟန်းယောက်ျားတို့နှင့်အတူ နေ၍ ယခုအခါ မြို့တွင်းသို့ ဝင်ကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာ တည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အသျှင်စူဠပန်သည် နေဝင်သည့်တိုင်အောင် ရဟန်းမိန်းမတို့ကို ဆုံးမဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ပ။ ''စူဠပန် သင်သည် နေဝင်သည့်တိုင်အောင် ရဟန်းမိန်းမတို့ကို ဆုံးမ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ စူဠပန် အဘယ့်ကြောင့် နေဝင်သည့် တိုင်အောင် ရဟန်းမိန်းမတို့ကို အဆုံးအမပေးဘိသနည်း။
ဤ (သင်ပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၅၄။ ''သမ္မုတိရသော ရဟန်းသည်လည်း နေဝင်သည့်တိုင်အောင် ရဟန်း မိန်းမတို့ကို အကယ်၍ ဆုံးမငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၁၅၅။ သမ္မုတိရသော ရဟန်း မည်သည် ဉတ်လျှင် လေးကြိမ်မြောက်သော ကံဖြင့် သမုတ် အပ်သော ရဟန်းတည်း။
နေဝင်သည့်တိုင်အောင်ဟူသည် နေသည် ကွယ်ပျောက်သည့်တိုင်အောင်။
ရဟန်းမိန်းမ မည်သည် ဥဘတောသံဃာ 'ရဟန်းယောက်ျားသံဃာ ရဟန်းမိန်းမသံဃာ နှစ်ပါးစုံ' ၌ ပဉ္စင်းခံသော ရဟန်းမိန်းမတည်း။
ဆုံးမငြားအံ့ဟူသည် ဂရုဓံတရားရှစ်ပါးတို့ဖြင့်သော်လည်းကောင်း၊ တစ်ပါးသော တရားဖြင့်သော် လည်းကောင်း ဆုံးမငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
၁၅၆။ နေဝင်သည်၌ နေဝင်သည်ဟု အမှတ်ရှိသည်ဖြစ်၍ ဆုံးမငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
နေဝင်သည်၌ ယုံမှားရှိသည်ဖြစ်၍ ဆုံးမငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
နေဝင်သည်၌ နေမဝင်ဟု အမှတ်ရှိသည်ဖြစ်၍ ဆုံးမငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
တစ်ဖက်သံဃာ၌သာ ပဉ္စင်းခံသော ရဟန်းမိန်းမကို ဆုံးမအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နေမဝင်ဘဲလျက် နေဝင်သည်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နေမဝင်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နေမဝင်ရာ၌ နေမဝင်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၅၇။ (ဂရုဓံ) ရှစ်ပါးပါဠိကို သင်ပေးအံ့၊ (ဂရုဓံ) ရှစ်ပါးပါဠိ၏အနက်ကို သင်ပေးအံ့၊ အသျှင် ဂရုဓံပါဠိကို ရွတ်ပါလော့ဟု ဆိုသောကြောင့် ရွတ်အံ့၊ ပြဿနာကို မေးအံ့၊ ပြဿနာမေးသည်ကို ဖြေအံ့၊ အာပတ် မသင့်၊ သူတစ်ပါးအကျိုးငှါ ဟောပြောစဉ် ရဟန်းမိန်းမတို့သည် နာကုန်အံ့၊ အာပတ် မသင့်၊ သိက္ခမာန် သာမဏေမအား ဆုံးမအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒုတိယ အတ္ထင်္ဂတသိက္ခာပုဒ် ပြီး၏။