၄၂၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိလျက် ထိုသို့ မိစ္ဆာအယူ ရှိခြင်း ဝိနည်းတရားနှင့်အညီ မပြုရသေးခြင်း ထိုမိစ္ဆာအယူကို စွန့်ခြင်းမရှိသေးသော အရိဋ္ဌရဟန်းနှင့် အတူလည်း သုံးဆောင်ကုန်၏၊ အတူလည်း နေကုန်၏၊ အတူလည်း အိပ်ကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိလျက် ထိုသို့ မိစ္ဆာ အယူရှိခြင်း ဝိနည်းတရားနှင့်အညီ မပြုရသေးခြင်း ထိုမိစ္ဆာအယူကို စွန့်ခြင်းမရှိသော အရိဋ္ဌရဟန်းနှင့် အတူလည်း သုံးဆောင်ကုန်ဘိသနည်း၊ အတူလည်း နေကုန်ဘိသနည်း၊ အတူလည်း အိပ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ သင်တို့သည် သိလျက် ထိုသို့ မိစ္ဆာအယူ ရှိခြင်း ဝိနည်းတရားနှင့်အညီ မပြုရသေးခြင်း ထိုမိစ္ဆာအယူကို စွန့်ခြင်းမရှိသော အရိဋ္ဌရဟန်းနှင့် အတူလည်း သုံးဆောင်ကုန်၏၊ အတူလည်း နေကုန်၏၊ အတူလည်း အိပ်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် သိလျက် အဘယ့်ကြောင့် ထိုသို့ မိစ္ဆာအယူရှိခြင်း ဝိနည်းတရားနှင့်အညီ မပြုရသေးခြင်း ထိုမိစ္ဆာအယူကို စွန့်ခြင်းမရှိသော အရိဋ္ဌရဟန်းနှင့် အတူလည်း သုံးဆောင်ကုန်ဘိသနည်း၊ အတူလည်း နေကုန်ဘိသနည်း၊ အတူလည်း အိပ်ကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၄၂၄။ ''အကြင်ရဟန်းသည် သိလျက် ထိုသို့ မိစ္ဆာအယူရှိခြင်း ဝိနည်းတရားနှင့်အညီ မပြုရသေးခြင်း ထိုမိစ္ဆာအယူကို စွန့်ခြင်းမရှိသော ရဟန်းနှင့် အတူလည်း သုံးဆောင်ငြားအံ့၊ အတူလည်း နေငြားအံ့၊ အတူလည်း အိပ်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၄၂၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ သူတစ်ပါးတို့သော်လည်း ထိုရဟန်းအား ပြောကြားကုန်၏၊ ထိုရဟန်းကမူလည်း ပြောကြား၏။
ထိုသို့ မိစ္ဆာအယူရှိခြင်းဟူသည်
''(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို မြတ်စွာဘုရား ဟောထားတော်မူသည့်အတိုင်း ငါသိပါ၏၊ ထိုတရား တို့သည် မှီဝဲသောသူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်''ဟု မိစ္ဆာအယူရှိခြင်း တည်း။
ဝိနည်းတရားနှင့်အညီ မပြုရသေးခြင်း မည်သည် ထုတ်ပယ် နှင်ထုတ်ထားခြင်း, မထည့်သွင်း ခြင်းတည်း။
ထိုမိစ္ဆာအယူကို စွန့်ခြင်းမရှိသော ရဟန်းနှင့်အတူဟူသည် ဤမှားသောအယူကို မစွန့်သော ရဟန်းနှင့်အတူ။
အတူသုံးဆောင်ငြားအံ့ဟူရာ၌ အတူသုံးဆောင်ခြင်း မည်သည် ပစ္စည်းအတူ သုံးဆောင်ခြင်း 'အာမိသသမ္ဘောဂ'၊ တရားအတူ သုံးဆောင်ခြင်း 'ဓမ္မသမ္ဘောဂ'ဟူ၍ သုံးဆောင်ခြင်း နှစ်မျိုးရှိ၏။
ပစ္စည်းသုံးအတူဆောင်ခြင်း 'အာမိသသမ္ဘောဂ' မည်သည် ဆွမ်းစသော အာမိသကို ပေးမူလည်း ပေးအံ့၊ ယူမူလည်း ယူအံ့၊ ပါစိတ်အာပတ် သင့်၏။
တရားအတူသုံးဆောင်ခြင်း 'ဓမ္မသမ္ဘောဂ' မည်သည် သင်မူလည်း သင်အံ့ သင်စေမူလည်း သင်စေအံ့၊ ပုဒ်ဖြင့် သင်မူလည်း သင်အံ့ သင်စေမူလည်း သင်စေအံ့၊ ပုဒ်တိုင်း ပုဒ်တိုင်း ပါစိတ်အာပတ် သင့်၏။
အက္ခရာဖြင့် သင်မူလည်း သင်အံ့ သင်စေမူလည်း သင်စေအံ့၊ အက္ခရာတိုင်း အက္ခရာတိုင်း ပါစိတ်အာပတ် သင့်၏။
အတူလည်း နေငြားအံ့ဟူသည် နှင်ထုတ်ထားသော ရဟန်းနှင့်အတူ ဥပုသ်ကိုသော်လည်းကောင်း၊ ပဝါရဏာကိုသော်လည်းကောင်း၊ သံဃကံကိုသော်လည်းကောင်း ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
အတူလည်း အိပ်ငြားအံ့ဟူသည် အမိုးတစ်ခုတည်းရှိသော ကျောင်း၌ နှင်ထုတ်ထားသော ရဟန်း အိပ်သည် ရှိသော် (အခြား) ရဟန်းသည် အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
(အခြား) ရဟန်း အိပ်သည် ရှိသော် နှင်ထုတ်ထားသော ရဟန်း အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
နှစ်ယောက်လုံးပင် အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။
ထ၍ အဖန်ဖန် အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။
၄၂၆။ နှင်ထုတ်ထားသော ရဟန်း၌ နှင်ထုတ်ထားသော ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ အတူလည်း သုံးဆောင်အံ့၊ အတူလည်း နေအံ့၊ အတူလည်း အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
နှင်ထုတ်ထားသော ရဟန်း၌ ယုံမှားသည် ရှိသည်ဖြစ်၍ အတူလည်း သုံးဆောင်အံ့၊ အတူလည်း နေအံ့၊ အတူလည်း အိပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နှင်ထုတ်ထားသော ရဟန်း၌ နှင်ထုတ်ထားသော ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ အတူလည်း သုံးဆောင်အံ့၊ အတူလည်း နေအံ့၊ အတူလည်း အိပ်အံ့၊ အာပတ် မသင့်။
နှင်ထုတ်ထားသော ရဟန်း မဟုတ်ရာ၌ နှင်ထုတ်ထားသော ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နှင်ထုတ်ထားသော ရဟန်း မဟုတ်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နှင်ထုတ်ထားသော ရဟန်းမဟုတ်ရာ၌ နှင်ထုတ်ထားသော ရဟန်း မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၄၂၇။ နှင်ထုတ်ထားသော ရဟန်း မဟုတ်ဟု သိအံ့၊ နှင်ထုတ်ထားသော ရဟန်းကို သံဃာဘောင် သို့ သွင်းပြီဟု သိအံ့၊ ထိုအယူကို စွန့်ပြီဟု သိအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
နဝမ ဥက္ခိတ္တသမ္ဘောဂသိက္ခာပုဒ် ပြီး၏။