၅၆၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
သာဝတ္ထိပြည်တွင် တစ်ဦးသော အမျိုးသည် လင်ဘက် မယားဘက် နှစ်ဖက်လုံးမှပင် ကြည်ညို၏။
သဒ္ဓါတရားအားဖြင့် ပွါးများ၏၊ ပစ္စည်းဥစ္စာအားဖြင့်ကား ဆုတ်ယုတ်၏၊ ထိုအမျိုး၌ နံနက်အခါ ဖြစ်ပေါ်သမျှသော ခဲဖွယ် ဘောဇဉ် အလုံးစုံကို ရဟန်းတို့အား စွန့်လှူသဖြင့် တစ်ရံတစ်ခါ မစားဘဲ နေရကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် အတိုင်းအရှည်မသိဘဲ ခံယူကုန်ဘိသနည်း၊
ဤသူတို့သည် ဤရဟန်းတို့အား ပေးလှူရသောကြောင့် တစ်ရံတစ်ခါ မစားဘဲ နေရကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာ တည်း။
ထိုအခါ ရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို-
''ရဟန်းတို့ အကြင်အမျိုးသည် သဒ္ဓါတရားအားဖြင့် ပွါးများ၏၊ ပစ္စည်းဥစ္စာအားဖြင့်ကား ဆုတ် ယုတ်၏၊ ဤသို့ သဘောရှိသော အမျိုးအား ဉတ္တိဒုတိယကံဖြင့် သေက္ခသမ္မုတိ 'သေက္ခဟု သမုတ်ခြင်း'ကို ပေးခြင်းငှါခွင့် ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့ ပေးရမည်၊
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည် ရှိသော ရဟန်းသည် သံဃာကို သိစေရမည်။
၅၆၃။ ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အမျိုးသည် သဒ္ဓါတရားအားဖြင့် ပွါးများ၏၊ ပစ္စည်းဥစ္စာအားဖြင့်ကား ဆုတ်ယုတ်၏၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော အမျိုးအား သေက္ခ 'အရိယာပုဂ္ဂိုလ်'ဟု သမုတ်ခြင်းကို ပေးရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အမျိုးသည် သဒ္ဓါတရားအားဖြင့် ပွါးများ၏၊ ပစ္စည်းဥစ္စာအားဖြင့်ကား ဆုတ်ယုတ်၏၊
သံဃာသည် ဤမည်သော အမျိုးအား သေက္ခဟု သမုတ်ခြင်းကို ပေး၏ 'သေက္ခဟု သမုတ်' ၏၊
ဤမည်သော အမျိုးအား သေက္ခသမ္မုတိပေးခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။
သံဃာသည် ဤမည်သော အမျိုးအား သေက္ခသမ္မုတိကို ပေးအပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်ဟု မိန့်တော်မူ၏)။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''သေက္ခဟု သမုတ်အပ်ကုန်သော အကြင်အမျိုးတို့သည် ရှိကုန်၏၊ အကြင်ရဟန်းသည် ထိုသို့သဘောရှိကုန်သော သေက္ခဟု သမုတ်အပ်ပြီးသော အမျိုးတို့၌ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ထိုရဟန်းသည် 'ငါ့သျှင်တို့ ငါသည် ကဲ့ရဲ့အပ်, မလျောက်ပတ်သော ပါဋိဒေသနီ အာပတ်သို့ ရောက်ပြီ၊ ထိုအာပတ်ကို ပြောကြားပါ၏'ဟု ပြောကြားရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၅၆၄။ ထိုအခါ သာဝတ္ထိပြည်၌ ပွဲသဘင် ဖြစ်၏။
လူတို့သည် ရဟန်းတို့ကို ပင့်ဖိတ်၍ ဆွမ်းကျွေးကုန်၏၊
ထိုအမျိုးသည်လည်း ရဟန်းတို့ကို ပင့်ဖိတ်လေ၏၊
ရဟန်းတို့သည် ''သေက္ခဟု သမုတ်အပ်ပြီး သော အမျိုးတို့၌ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲခြင်း စားခြင်းကို မြတ်စွာဘုရား မြစ်ပယ်တော်မူသောကြောင့် မအပ်''ဟု တွေးတောမှု 'သံသယကုက္ကုစ္စ'ရှိ သည်ဖြစ်၍ လက်မခံကုန်၊
ထိုအမျိုးတို့သည် ''အသျှင်တို့သည် ငါတို့၏ လှူဖွယ်ဝတ္ထုကို မခံယူကုန်၊ ငါတို့အား အသက်ရှည်သဖြင့် အဘယ်အကျိုး ရှိတော့အံ့နည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြား ကြသည်သာတည်း။
ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို ''ရဟန်းတို့ သေက္ခဟု သမုတ်အပ်ကုန်သော အမျိုးတို့၌ ပင့်ဖိတ်သဖြင့် ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲခြင်း စားခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(ခ) ''သေက္ခဟု သမုတ်အပ်ကုန်သော အကြင် အမျိုးတို့သည် ရှိကုန်၏၊ အကြင်ရဟန်းသည် ထိုသို့ သဘောရှိကုန်သော သေက္ခဟု သမုတ်အပ်ပြီးသော အမျိုးတို့၌ ရှေးအခါက မပင့်ဖိတ်ဘဲ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကို သော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ထိုရဟန်းသည် 'ငါ့သျှင်တို့ ငါသည် ကဲ့ရဲ့အပ်, မလျောက် ပတ်သော ပါဋိဒေသနီအာပတ်သို့ ရောက်ပြီ၊ ထိုအာပတ်ကို ပြောကြားပါ၏'ဟု ပြောကြားရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၅၆၅။ ထိုအခါ ရဟန်းတစ်ပါးသည် ထိုအမျိုး၏အိမ်သို့ ကပ်ရောက်သော ဆရာဖြစ်၏။
ထိုအခါ ထိုရဟန်းသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ထိုအမျိုးသို့ ချဉ်းကပ်၍
ခင်းထားသော နေရာ၌ ထိုင်နေ၏။
ထိုအခါ၌ ထိုရဟန်းသည် နာဖျားနေ၏၊
ထိုအခါ လူတို့သည် ''အသျှင်ဘုရား ဘုဉ်းပေးတော်မူပါလော့''ဟု ထိုရဟန်းအား လျှောက်ကုန်၏။
ထို့နောက် ရဟန်းသည်
''သေက္ခဟု သမုတ်အပ်ပြီးသော အမျိုးတို့၌ မပင့်ဖိတ်ဘဲ ခဲဖွယ်ကိုသော် လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲခြင်း စားခြင်းကို မြတ်စွာဘုရား မြစ်ပယ်တော်မူသောကြောင့် မအပ်''ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည်ဖြစ်၍ မခံယူဘဲ နေ၏၊
ဆွမ်းခံသွားခြင်းငှါလည်း မတတ်နိုင်သောကြောင့်
ဆွမ်းပြတ်လေ၏၊
ထိုအခါ ထိုရဟန်းသည် ကျောင်းအရံ သို့ သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏၊
ရဟန်းတို့သည် မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို ''ရဟန်းတို့ နာဖျားသော ရဟန်းသည် သေက္ခဟု သမုတ်ထားသော အမျိုးတို့၌ ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲခြင်း စားခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၅၆၆။ ''သေက္ခဟု သမုတ်အပ်ကုန်သော အကြင်အမျိုးတို့သည် ရှိကုန်၏၊ အကြင်ရဟန်းသည် ထိုသို့ သဘောရှိကုန်သော သေက္ခဟု သမုတ်အပ် ပြီးသော အမျိုးတို့၌ ရှေးအခါက မပင့်ဖိတ်ဘဲ မနာမဖျားမူ၍ ခဲဖွယ်ကို သော်လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်း ကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ထိုရဟန်းသည် 'ငါ့သျှင်တို့ ငါသည် ကဲ့ရဲ့အပ်, မလျောက်ပတ်သော ပါဋိဒေသနီအာပတ်သို့ ရောက်ပြီ၊ ထိုအာပတ်ကို ပြောကြားပါ၏'ဟု ပြောကြားရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၅၆၇။ သေက္ခဟု သမုတ်အပ်ကုန်သော အကြင်အမျိုးတို့သည် ရှိကုန်၏ဟူရာ၌ သေက္ခဟု သမုတ် အပ်ကုန်သော အမျိုး မည်သည် သဒ္ဓါတရားအားဖြင့် ပွါးများ၍ ပစ္စည်းဥစ္စာအားဖြင့်ကား ဆုတ်ယုတ်သော အမျိုးအား ဉတ္တိဒုတိယကံဖြင့် သေက္ခသမ္မုတိကို ပေးအပ်၏။
အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ထိုသို့သဘောရှိကုန်သော သေက္ခဟု သမုတ်အပ်ပြီးသော အမျိုးတို့၌ဟူသည် ဤသို့သဘော ရှိသော သေက္ခဟု သမုတ်အပ်ပြီးသော အမျိုးတို့၌။
မပင့်ဖိတ်ဘဲ မည်သည် ယနေ့အလို့ငှါသော်လည်းကောင်း၊ နက်ဖြန်အလို့ငှါသော်လည်းကောင်း မပင့်ဖိတ်ဘဲ အိမ်ဥပစာသို့ သက်ရောက်မှ ပင့်ဖိတ်၏၊ ဤသို့ ပင့်ဖိတ်ခြင်းသည် ပင့်ဖိတ်သည် မမည်။
ပင့်ဖိတ်ခြင်း မည်သည် ယနေ့အလို့ငှါသော်လည်းကောင်း၊ နက်ဖြန်အလို့ငှါသော်လည်းကောင်း ပင့်ဖိတ်ထား၏၊ အိမ်ဥပစာသို့ မသက်မရောက်မီ ပင့်ဖိတ်၏၊ ဤသို့ ပင့်ဖိတ်ခြင်းသည် ပင့်ဖိတ်သည် မည်၏။
မနာမဖျားမူ၍ မည်သည် ဆွမ်းခံလှည့်လည်ခြင်းငှါ စွမ်းနိုင်၏။
နာဖျားသော မည်သည် ဆွမ်းခံလှည့်လည်ခြင်းငှါ မစွမ်းနိုင်။
ခဲဖွယ် မည်သည် ဘောဇဉ်ငါးပါး ယာမကာလိက သတ္တာဟကာလိက ယာဝဇီဝိကကို ဖယ်ထား၍ အကြွင်းသည် ခဲဖွယ်မည်၏။
ဘောဇဉ် မည်သည် ထမင်း၊ မုယောမုန့်၊ မုန့်လုံး၊ ငါး၊ အမဲအားဖြင့် ငါးပါးသော ဘောဇဉ်တို့ တည်း။
''မပင့်ဖိတ်ဘဲ မနာမဖျားမူ၍ ခဲမည် စားမည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ် သင့်၏။
၅၆၈။ သေက္ခဟု သမုတ်အပ်ပြီးသော အမျိုး၌ သေက္ခဟု သမုတ်အပ်ပြီဟု အမှတ်ရှိသည်ဖြစ်၍ မပင့်ဖိတ်ဘဲ မနာမဖျားမူ၍ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲအံ့၊ စားမူလည်း စားအံ့၊ ပါဋိဒေသနီအာပတ် သင့်၏။
သေက္ခဟု သမုတ်အပ်ပြီးသော အမျိုး၌ ယုံမှားရှိသည် ဖြစ်၍။ပ။ သေက္ခဟု သမုတ်အပ်ပြီးသော အမျိုး၌ သေက္ခဟု မသမုတ်ရသေးဟု အမှတ်ရှိသည်ဖြစ်၍ မပင့်ဖိတ်ဘဲ မနာမဖျားမူ၍ ခဲဖွယ်ကိုသော် လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲအံ့၊ စားမူလည်း စားအံ့၊ ပါဋိဒေသနီအာပတ် သင့်၏။
ယာမကာလိက သတ္တာဟကာလိက ယာဝဇီဝိကတို့ကို အာဟာရအလို့ငှါ ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
သေက္ခဟု မသမုတ်ရသေးသော အမျိုး၌ သေက္ခဟု သမုတ်ထားပြီဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သေက္ခဟု မသမုတ်ရသေးသော အမျိုး၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သေက္ခဟု မသမုတ်ရသေးသော အမျိုး၌ သေက္ခဟု မသမုတ်ရသေးဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၅၆၉။ ပင့်ဖိတ်သော ရဟန်းအားလည်းကောင်း၊ နာဖျားသော ရဟန်းအားလည်းကောင်း အာပတ် မသင့်၊ ပင့်ဖိတ်သောရဟန်း နာဖျားသော ရဟန်းတို့၏ စားကြွင်းကို စားအံ့၊ အာပတ် မသင့်၊ အခြားသော အမျိုး၏ ထမင်းကို ထိုသေက္ခဟု သမုတ်ထားသော အမျိုးအိမ်၌ ခင်းကျင်းစီမံတည်ထားအံ့၊ အိမ်မှ ထုတ်ဆောင်၍ ပေးလှူကုန်အံ့၊ အာပတ် မသင့်။
အမြဲဆွမ်းလှူခြင်း၊ စာရေးတံချ၍ ဆွမ်းလှူခြင်း၊ ပက္ခိကဘတ် 'လဆန်းပက္ခ လဆုတ် ပက္ခလှူသော ဆွမ်း'၊ ဥပေါသထိကဘတ် 'ဥပုသ်နေ့လှူသောဆွမ်း'၊ ပါဋိပဒိကဘတ် 'အထွက်တစ်ရက်နေ့လှူသောဆွမ်း' တို့၌ အာပတ် မသင့်။
ယာမကာလိက သတ္တာဟကာလိက ယာဝဇီဝိကတို့ကို
''အကြောင်းရှိခဲ့သော် စားပါလော့''ဟု ပေးလှူအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
တတိယ ပါဋိဒေသနီသိက္ခာပုဒ် ပြီး၏။