၁၈၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းမိန်းမတို့နှင့်အတူ တိုင်ပင်ညီညွတ်၍ လှေတစ်စင်းတည်းကို စီးကုန်၏။
လူတို့က ''ငါတို့သည် မယားနှင့်အတူတကွ လှေဖြင့် ကစားကုန်ဘိသကဲ့သို့၊ ဤအတူပင်လျှင် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်ကုန်သော ဤရဟန်းတို့သည် ရဟန်းမိန်းမတို့နှင့်အတူ တိုင်ပင် ညီညွတ်၍ လှေဖြင့် ကစားကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာ တည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းမိန်းမတို့နှင့် အတူ တိုင်ပင်ညီညွတ်၍ တစ်စင်းတည်းသော လှေကို စီးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ သင်တို့သည် ရဟန်းမိန်းမတို့နှင့် အတူ တိုင်ပင်ညီညွတ်၍ တစ်စင်းတည်းသော လှေကို စီးကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ အဘယ့်ကြောင့် သင်တို့သည် ရဟန်းမိန်းမတို့နှင့်အတူ တိုင်ပင်ညီညွတ်၍ တစ်စင်းတည်း သော လှေကို စီးကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''အကြင်ရဟန်းသည် ရဟန်းမိန်းမနှင့်အတူ တိုင်ပင်ညီညွတ်၍ အထက်သို့ ဆန်တက် သည်လည်းဖြစ်သော အောက်သို့ စုန်ဆင်းသည်လည်းဖြစ်သော တစ်စင်း တည်းသော လှေကို စီးငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၁၈၇။ တစ်ရံရောအခါ များစွာသော ရဟန်းယောက်ျား ရဟန်းမိန်းမတို့သည် သာကေတမြို့မှ သာဝတ္ထိပြည်သို့ အဓွန့်ရှည်သော ခရီးသို့ သွားကုန်၏။
လမ်းခရီးအကြား၌ မြစ်ကို ကူးရ၏။
ထိုအခါ ထိုရဟန်းမိန်းမတို့သည် ထိုရဟန်းယောက်ျားတို့ကို ''အကျွန်ုပ်တို့သည်လည်း အသျှင်ဘုရားတို့နှင့်အတူ ကူးကုန်အံ့''ဟု ဆိုကုန်၏။
နှမတို့ ရဟန်းမိန်းမနှင့်အတူ တိုင်ပင်ညီညွတ်၍ တစ်စင်းတည်းသော လှေကို စီးခြင်းငှါ မအပ်ချေ၊
သင်တို့သော်လည်း ရှေးဦးစွာ ကူးကုန်လော့၊ ငါတို့သော်လည်း ကူးကုန်အံ့ဟု (ဆိုကုန်၏)။
အသျှင်ဘုရား အသျှင်တို့သည် ယောက်ျားမြတ်တို့ပါတည်း၊
အသျှင်တို့သည်သာလျှင် ရှေးဦးစွာ ကူးကုန်လော့ဟု (ဆိုကုန်၏)။
ထိုအခါ နောက်မှကူးကုန်သော ထိုရဟန်းမိန်းမတို့အား ခိုးသူတို့သည် လုလည်း လုယက်ကုန်၏၊ ဖျက်လည်း ဖျက်ဆီးကုန်၏။
ထိုအခါ ထိုရဟန်းမိန်းမတို့သည် သာဝတ္ထိပြည်သို့ သွား၍ ရဟန်းမိန်းမတို့အား ဤအကြောင်းကို ပြောကြားကုန်၏။
ရဟန်းမိန်းမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို လျှောက်ကုန်၏၊
ရဟန်းယောက်ျားတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်း တို့ကို ''ရဟန်းတို့ မြစ်ကို ဖီလာကန့်လန့်ဖြတ်၍ ကူးသည်ရှိသော် ရဟန်းမိန်းမနှင့်အတူ တိုင်ပင် ညီညွတ်၍ တစ်စင်းတည်းသော လှေကို စီးခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၈၈။ ''အကြင်ရဟန်းသည် ရဟန်းမိန်းမနှင့်အတူ တိုင်ပင်ညီညွတ်၍ ဖီလာ 'ကန့်လန့်' ဖြတ်ကူးခြင်းကို ကြဉ်၍ အထက်သို့ ဆန်တက်သည်လည်းဖြစ်သော အောက်သို့ စုန်ဆင်းသည်လည်း ဖြစ်သော တစ်စင်းတည်းသော လှေကို စီးငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၁၈၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ရဟန်းမိန်းမ မည်သည် ဥဘတောသံဃာ၌ ပဉ္စင်းဖြစ်သော ရဟန်းမိန်းမတည်း။
အတူဟူသည် တစ်ပေါင်းတည်း။
တိုင်ပင်ညီညွတ်၍ဟူသည် ''နှမ စီးကုန်အံ့၊ အသျှင်ဘုရား စီးကုန်အံ့။
အသျှင်ဘုရား စီးကုန်အံ့၊ နှမ စီးကုန်အံ့။
ယနေ့သော်လည်းကောင်း၊ နက်ဖြန်သော်လည်းကောင်း၊ သန်ဘက်သော်လည်းကောင်း စီးကုန်အံ့''ဟု တိုင်ပင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမိန်းမစီးရာ၌ ရဟန်းယောက်ျား စီးအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းယောက်ျားစီးရာ၌ ရဟန်းမိန်းမ စီးအံ့၊ ပါစိတ်အာပတ် သင့်၏။
နှစ်ဦးလုံးသော်လည်း စီးကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။
အထက်သို့ ဆန်တက်သောဟူသည် အထက်အညာသို့ ဆန်တက်သော လှေဖြင့်။
အောက်သို့ စုန်ဆင်းသောဟူသည် အောက်အကြေသို့ စုန်ဆင်းသော လှေဖြင့်။
ဖီလာကန့်လန့် ကူးခြင်းကို ကြဉ်၍ဟူသည် ဖီလာ 'ကန့်လန့်' မြစ်ကို ကူးခြင်းကို ကြဉ်၍။
ကြက်ပျံတစ်ကျဝေးသော ရွာ၌ ရွာတစ်ပါးတိုင်း ရွာတစ်ပါးတိုင်း ပါစိတ်အာပတ် သင့်၏။
ရွာမဟုတ် သော တော၌ ယူဇနာခွဲတိုင်း ယူဇနာခွဲတိုင်း ပါစိတ်အာပတ် သင့်၏။
၁၉၀။ တိုင်ပင်ရာ၌ တိုင်ပင်၏ဟု အမှတ်ရှိသည်ဖြစ်၍ ဖီလာကန့်လန့် ဖြတ်ကူးခြင်းကို ကြဉ်၍ အထက်သို့ ဆန်တက်သည်လည်း ဖြစ်သော အောက်သို့ စုန်ဆင်းသည်လည်း ဖြစ်သော တစ်စင်းတည်း သော လှေကို စီးငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
တိုင်ပင်ရာ၌ ယုံမှားရှိသည်ဖြစ်၍ ဖီလာကန့်လန့်ဖြတ်ကူးခြင်းကို ကြဉ်၍ အထက်သို့ ဆန်တက် သည်လည်း ဖြစ်သော အောက်သို့ စုန်ဆင်းသည်လည်း ဖြစ်သော တစ်စင်းတည်းသော လှေကို စီးငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
တိုင်ပင်ရာ၌ မတိုင်ပင်ဟု အမှတ်ရှိသည်ဖြစ်၍ ဖီလာကန့်လန့် ဖြတ်ကူးခြင်းကို ကြဉ်၍ အထက်သို့ ဆန်တက်သည်လည်းဖြစ်သော အောက်သို့ စုန်ဆင်းသည်လည်းဖြစ်သော တစ်စင်းတည်းသော လှေကို စီးငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းယောက်ျားသည် တိုင်ပင်၏၊ ရဟန်းမိန်းမသည် မတိုင်ပင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မတိုင်ပင်ရာ၌ တိုင်ပင်၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မတိုင်ပင်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မတိုင်ပင်ရာ၌ မတိုင်ပင်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၉၁။ မြစ်ကို ဖီလာ 'ကန့်လန့်' ဖြတ်ကူးခြင်းဖြင့် ကူးအံ့၊ မတိုင်ပင်မူ၍ စီးကုန်အံ့၊ ရဟန်းမိန်းမ သည် တိုင်ပင်၏၊ ရဟန်းယောက်ျားကား မတိုင်ပင်အံ့၊ ချိန်းဆိုခြင်း ချွတ်ယွင်းသဖြင့် စီးကုန်အံ့၊ ဘေးရန် ရှိ၍ စီးအံ့၊ အာပတ် မသင့်။
ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။