၂၄၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ရဟန်းနှစ်ပါးတို့သည် ကောသလတိုင်း ဇနပုဒ်၌ သာဝတ္ထိပြည်သို့ ခရီးရှည် ကြွသွားကုန်၏၊
ရဟန်းတစ်ပါးသည် မကျင့်သင့်သည်ကို ကျင့်၏၊
အဖော်ဖြစ် သော ရဟန်းသည် ထိုရဟန်းကို
''ငါ့သျှင် ဤသို့ သဘောရှိသော အမှုကို မပြုကျင့်ပါလင့်၊ ဤအမှုသည် မအပ်''ဟု ဆို၏။
ထိုရဟန်းသည် ထိုဆုံးမသော ရဟန်း၌ ရန်ငြိုးဖွဲ့၏။
ထို့နောက် ထိုရဟန်းတို့သည် သာဝတ္ထိပြည်သို့ သွားကုန်၏။
ထိုအခါ သာဝတ္ထိပြည်၌ အသင်းတစ်ခုသည် သံဃာအား ဆွမ်းလှူ၏၊
အဖော်ဖြစ်သော ရဟန်းသည် ဆွမ်းစားစဉ် တန်ပြီဟု မြစ်ပယ်မိ၏၊
ရန်ငြိုးဖွဲ့သော ရဟန်းသည် ဆွေမျိုးအိမ်သို့ သွား၍ ဆွမ်းကို ယူလျက် ထိုရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင်
ထိုရဟန်းအား
''ငါ့သျှင် စားလော့''ဟု ဆို၏။
ငါ့သျှင် တန်ပြီ ပြည့်စုံပြီဟု (ဆို၏)။
ငါ့သျှင် ဆွမ်းသည် ကောင်းမွန်လှ၏၊ စားပါလော့ဟု (ဆိုပြန်၏)။
ထိုအခါ ရဟန်းသည် ထိုရန်ငြိုးဖွဲ့သော ရဟန်းက အတင်းအကြပ် ခိုင်းသောကြောင့် ထိုဆွမ်းကို စားရ၏။
ရန်ငြိုးဖွဲ့သော ရဟန်းသည် ထိုရဟန်းအား-
''ငါ့သျှင် သင်ကဲ့သို့သောသူသည် ငါ့ကို ဆိုဆုံးမအပ်၏ဟု မှတ်ထင်ဘိ၏၊ သင်သည် ဆွမ်းစားစဉ် တန်ပြီဟု မြစ်ပယ်ပြီးပါလျက် အတိရိက်ဝိနည်းကံ မပြုသော ဘောဇဉ်ကို စားဘိ၏''ဟု ဆို၏။
ငါ့သျှင် ပြောကြားသင့်သည် မဟုတ်လောဟု (ပဌမရဟန်းက ဆို၏)။
ငါ့သျှင် မေးမြန်းသင့်သေးသည် မဟုတ်လောဟု (ဒုတိယရဟန်းက ဆို၏)။
ထိုအခါ ထိုရဟန်းသည် ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းသည် ဆွမ်းစားစဉ် တန်ပြီဟု မြစ်ပယ် သော ရဟန်းကို အတိရိက်ဝိနည်းကံ မပြုသော ဘောဇဉ်ဖြင့် ရှေးရှုဆောင်၍ ဖိတ်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်း သင်သည် ဆွမ်စားစဉ် (တန်ပြီဟု) မြစ်သော ရဟန်းကို အတိရိက်ဝိနည်းကံ မပြုသော ဘောဇဉ်ဖြင့် ရှေးရှုဆောင်၍ ဖိတ်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် သင်သည် ဆွမ်းစားစဉ် (တန်ပြီဟု) မြစ်သော ရဟန်းကို အတိရိက်ဝိနည်းကံ မပြုအပ်သော ဘောဇဉ်ဖြင့် ရှေးရှုဆောင်၍ ဖိတ်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၂၄၃။ ''အကြင်ရဟန်းသည် ဆွမ်းစားစဉ် (တန်ပြီဟု) မြစ်သော ရဟန်းကို အတိရိက်ဝိနည်းကံမပြုသော ခဲဖွယ်ဖြင့်သော်လည်းကောင်း၊ ဘောဇဉ်ဖြင့် သော်လည်းကောင်းရှေးရှုဆောင်ယူ၍ 'ရဟန်း ခဲမူလည်း ခဲလော့ စားမူလည်း စားလော့'ဟု (ပဝါရိက်သင့်မှန်း) သိလျက် အရှိန်အစော်မဲ့ 'ဂုဏ်သတင်း ပျက်စေခြင်း'ကို အလိုရှိသည်ဖြစ်၍ ဖိတ်ငြားအံ့၊ စားသည်ရှိသော် ထို (ဖိတ်သော ရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၂၄၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ရဟန်းကိုဟူသည် အခြားသော ရဟန်းကို။
ဆွမ်စားစဉ် မည်သည် ဘောဇဉ်ငါးပါးတို့တွင် တစ်ပါးပါးသော ဘောဇဉ်ကို အယုတ်သဖြင့် သမန်း မြက်ဖျားမျှဖြင့်သော်လည်း စားပြီးဖြစ်၏။
မြစ်ခြင်း မည်သည် စားခြင်းသည် ထင်ရှား၏၊ ဘောဇဉ်သည် ထင်ရှား၏၊ (ရဟန်း၏ နှစ်တောင့်ထွာ) ဟတ္ထပါသ်အတွင်း၌ ရပ်တည်လျက် ရှေးရှုဆောင်၏၊ မြစ်ခြင်းသည် ထင်ရှား၏။
အတိရိက်ဝိနည်းကံ မပြုသော မည်သည် မကပ္ပိဘဲ 'မအပ်သည်ကို' ပြုအပ်၏၊ အကပ်မခံဘဲ ပြုအပ်၏၊ မချီမကြွဘဲ ပြုအပ်၏၊ ဟတ္ထပါသ် 'နှစ်တောင့်ထွာ' ၌ မတည်ဘဲ ပြုအပ်၏၊ မစားဘဲ ပြုအပ်၏၊ ဆွမ်းစားစဉ် တားမြစ်မိ၍ နေရာမှ ထသော ရဟန်းသည် ပြုအပ်၏၊ ''ဤအလုံးစုံကို ငါတန်ပြီ''ဟု မဆိုအပ်၊ သူနာ၏ အကြွင်းအကျန်မဟုတ်၊ ဤအလုံးစုံသည် အတိရိက်ဝိနည်းကံ မပြုအပ် သည် မည်၏။
ခဲဖွယ် မည်သည် ဘောဇဉ်ငါးပါးတို့ကိုလည်းကောင်း၊ ယာမကာလိကကိုလည်းကောင်း၊ သတ္တာဟ ကာလိကကိုလည်းကောင်း၊ ယာဝဇီဝိကကိုလည်းကောင်း ဖယ်ထား၍ အကြွင်းသည် ခဲဖွယ် မည်၏။
ဘောဇဉ် မည်သည် ထမင်း၊ မုယောမုန့်၊ မုန့်လုံး၊ ငါး၊ စမဲဟင်းလျာဟူသော ဘောဇဉ်ငါးပါး တို့တည်း။
ရှေးရှုဆောင်၍ ဖိတ်ငြားအံ့ဟူသည် အလိုရှိသလောက် ယူလော့ဟု ဆိုငြားအံ့။
သိ၏ မည်သည် မိမိကိုယ်တိုင်မူလည်း သိ၏၊ သူတစ်ပါးတို့သည်လည်း ထိုသူအား ပြောကြားကုန်၏၊ ထိုသူသည်လည်း ပြောကြား၏။
အရှိန်အစော်မဲ့ 'ဂုဏ်သတင်းပျက်စေခြင်း'ကို အလိုရှိသည်ဖြစ်၍ဟူသည် ဤဝတ္ထုဖြင့် ဤရဟန်းကို ''စောဒနာအံ့ အောက်မေ့စေအံ့၊ တစ်ဖန် စောဒနာအံ့ တစ်ဖန် အောက်မေ့စေအံ့၊ မျက်နှာမလှ ဖြစ်စေအံ့''ဟူ၍ ရှေးရှုဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုရဟန်း၏ စကားဖြင့် ''ခဲအံ့ စားအံ့''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
စားပြီးသည်၏ အဆုံး၌ ပါစိတ်အာပတ် သင့်၏။
၂၄၅။ တန်ပြီဟု မြစ်ပြီးသော ရဟန်း၌ တန်ပြီဟု မြစ်ပြီးသော ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ အတိရိက်ဝိနည်းကံ မပြုသော ခဲဖွယ်ဖြင့်သော်လည်းကောင်း၊ ဘောဇဉ်ဖြင့်သော်လည်းကောင်း ရှေးရှု ဆောင်၍ ဖိတ်အံ့၊ ပါစိတ်အာပတ် သင့်၏။
တန်ပြီဟု မြစ်ပြီးသော ရဟန်း၌ ယုံမှားရှိသည် ဖြစ်၍ အတိရိက်ဝိနည်းကံ မပြုသော ခဲဖွယ်ဖြင့်သော်လည်းကောင်း၊ ဘောဇဉ်ဖြင့်သော်လည်းကောင်း ရှေးရှု ဆောင်၍ ဖိတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တန်ပြီဟု မြစ်ပြီးသော ရဟန်း၌ တန်ပြီဟု မြစ်ပြီးသော ရဟန်း မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ အတိရိက်ဝိနည်းကံ မပြုသော ခဲဖွယ်ဖြင့်သော်လည်းကောင်း၊ ဘောဇဉ်ဖြင့် သော်လည်းကောင်း ရှေးရှုဆောင်၍ ဖိတ်အံ့ အာပတ် မသင့်။
ယာမကာလိကကိုလည်းကောင်း၊ သတ္တာဟ ကာလိကကိုလည်းကောင်း၊ ယာဝဇီဝိကကိုလည်းကောင်း အာဟာရအလို့ငှါ ရှေးရှုဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုရဟန်း၏ စကားဖြင့် ''ခဲအံ့ စားအံ့''ဟု ခံယူအံ့၊ ဒုက္ကဋ် အာပတ် သင့်၏၊
မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
တန်ပြီဟု မမြစ်သော ရဟန်း၌ တန်ပြီဟု မြစ်သော ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တန်ပြီဟု မမြစ်သော ရဟန်း၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တန်ပြီဟု မမြစ်သော ရဟန်း၌ တန်ပြီဟု မမြစ်သော ရဟန်းဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၂၄၆။ အတိရိက်ဝိနည်းကံ ပြုစေ၍ ပေးအံ့၊ အတိရိက်ဝိနည်းကံ ပြုစေ၍ စားလော့ဟု ပေးအံ့၊ သူတစ်ပါး၏ အကျိုးငှါ ဆောင်၍ သွားလော့ဟု ပေးအံ့၊ နာဖျားသော ရဟန်း၏ အကြွင်း အကျန်ကို ပေးအံ့၊ ယာမကာလိကကိုလည်းကောင်း၊ သတ္တာဟကာလိကကိုလည်းကောင်း၊ ယာဝဇီဝိကကိုလည်းကောင်း (ဆာလောင်မွတ်သိပ်ခြင်း, အနာဟူသော) အကြောင်းရှိသော် သုံးဆောင်လော့ဟု ပေးအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌ ဒုတိယပဝါရဏာသိက္ခာပုဒ် ပြီး၏။