Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

7. Sañciccasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၄၆၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီရဟန်းတို့အား -
''ငါ့သျှင်တို့ မြတ်စွာဘုရားသည် 'အသက်နှစ်ဆယ်မပြည့်သော သူကို ပဥွင်းမခံရ'ဟု သိက္ခာပုဒ်ကို ပညတ်ထားတော်မူ၏၊ သင်တို့သည်လည်း အသက်နှစ်ဆယ် မပြည့်ဘဲ ပဉ္စင်းခံကုန်၏၊ သင်တို့သည် သာမဏေတို့လော''ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ကို ဖြစ်စေကုန်၏။
ထိုသတ္တရသဝဂ္ဂီရဟန်းတို့သည် ငိုကြွေးကုန်၏။
ရဟန်းတို့သည် ''ငါ့သျှင်တို့ သင်တို့သည် အဘယ့်ကြောင့် ငိုကြွေးကုန်ဘိသနည်''ဟု မေးကုန်၏
ငါ့သျှင်တို့ ဤဆဗ္ဗဂ္ဂီရဟန်းတို့သည် ငါတို့အား စေတနာရှိသည်ဖြစ်၍ တွေးတောမှု 'သံသယကုက္ကုစ္စ' ကို ဖြစ်စေကုန်၏ဟု (ပြောဆိုကုန်၏)။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းတို့အား စေတနာ ရှိသည် ဖြစ်၍ တွေးတောမှု 'သံသယကုက္ကုစ္စ' ကို ဖြစ်စေကုန်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် ရဟန်းတို့အား စေတနာရှိသည်ဖြစ်၍ တွေးတောမှု 'သံသယကုက္ကုစ္စ' ကို ဖြစ်စေကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ရဟန်းတို့အား စေတနာရှိသည်ဖြစ်၍ တွေးတောမှု 'သံသယကုက္ကုစ္စ' ကို ဖြစ်စေကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၄၆၅။ ''အကြင်ရဟန်းသည် ရဟန်းအား 'ဤသို့ ပြောဆိုလျှင် တစ်ခဏမျှလည်း မချမ်းသာခြင်းဖြစ်လတ္တံ့'ဟု ထိုမချမ်းသာခြင်းတည်းဟူသော အကြောင်းကိုသာလျှင် အကြောင်းပြု၍ အကြောင်းတစ်ပါးမရှိဘဲ စေတနာရှိသည်ဖြစ်၍ တွေးတောမှု 'သံသယကုက္ကုစ္စ' ကို ဖြစ်စေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၄၆၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ရဟန်းအားဟူသည် အခြားသော ရဟန်းအား။
စေတနာရှိသည်ဖြစ်၍ဟူသည် သိလျက် အသေအချာသိလျက် စေ့ဆော်လျက် လွှမ်းမိုး၍ လွန်ကျုး ခြင်းတည်း။
တွေးတောမှု 'သံသယကုက္ကုစ္စ' ကို ဖြစ်စေငြားအံ့ဟူသည် ''သင်သည် အသက်နှစ်ဆယ် မပြည့်ဘဲ ပဉ္စင်းခံလေယောင်တကား၊ သင်သည် နေလွဲသောအခါ၌ စားလေယောင်တကား၊ သင်သည် သေအရက်ကို သောက်လေယောင်တကား၊ သင်သည် မိန်းမနှင့်အတူ ဆိတ်ကွယ်ရာအရပ်၌ ထိုင်နေယောင် တကား''ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ကို ဖြစ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
ထိုမချမ်းသာခြင်းတည်းဟူသော အကြောင်းကိုသာလျှင် အကြောင်းပြု၍ အကြောင်း တစ်ပါး မရှိဘဲဟူသည် တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်စေခြင်းငှါ တစ်စုံတစ်ခုသော အခြား အကြောင်းသည် မရှိ။
၄၆၇။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ စေတနာရှိသည်ဖြစ်၍ တွေးတောမှု 'သံသယ ကုက္ကုစ္စ'ကို ဖြစ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ စေတနာရှိသည်ဖြစ်၍ တွေးတောမှု 'သံသယကုက္ကုစ္စ' ကို ဖြစ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ စေတနာရှိသည်ဖြစ်၍ တွေးတောမှု 'သံသယကုက္ကုစ္စ' ကို ဖြစ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းမဟုတ်သော သူအား စေတနာရှိသည်ဖြစ်၍ တွေးတောမှု 'သံသယကုက္ကုစ္စ' ကို ဖြစ်စေအံ့၊ ဒုက္က္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သော သူ၌ ရဟန်းဟု အမှတ်ရှိအံ့။ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်း မဟုတ်သော သူ၌ ယုံမှားရှိအံ့၊ ဒုက္က္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သော သူ၌ ရဟန်းမဟုတ်ဟု အမှတ် ရှိအံ့၊ ဒုက္က္ကဋ်အာပတ် သင့်၏။
၄၆၈။ တွေးတောမှု 'သံသယကုက္ကုစ္စ' ကို ဖြစ်စေခြင်းငှါ အလိုမရှိမူ၍ ''သင်သည် အသက်နှစ်ဆယ် မပြည့်ဘဲ ပဉ္စင်းခံလေယောင်တကား၊ သင်သည် နေလွဲသောအခါ၌ စားလေယောင်တကား၊ သင်သည် သေအရက်ကို သောက်လေယောင်တကား၊ သင်သည် မိန်းမနှင့်အတူ ဆိတ်ကွယ်ရာအရပ်၌ ထိုင်နေယောင် တကား၊ တိုက်တွန်း၏ သိလော့၊ သင့်အား နောက်မှ တွေးတောမှု 'သံသယကုက္ကုစ္စ' သည် မဖြစ်ပါ စေလင့်''ဟု ပြောဆိုအံ့၊ အာပတ် မသင့်။
ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အား လည်း အာပတ် မသင့်။