Issues
ເລືອກເວີຊັນ
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

4. Rahopaṭicchannasikkhāpadaṃ

ຜູ້ຂຽນ: my-tipitaka @ visuddhinanda

၂၈၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် မိတ်ဆွေ၏ အိမ်သို့ သွား၍ ထိုမိတ်ဆွေ၏ မယားနှင့်အတူ ဆိတ်ကွယ်ဖုံးလွှမ်းသော နေရာ၌ ထိုင်နေ၏။
ထိုအခါ ထိုယောက်ျားသည် ''အဘယ့်ကြောင့် အသျှင်ဥပနန္ဒသည် ငါ၏ မယားနှင့်အတူ ဆိတ်ကွယ် ဖုံးလွှမ်းသော နေရာ၌ ထိုင်နေဘိသနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုသော ထိုယောက်ျား၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် မာတုဂါမနှင့် အတူ ဆိတ်ကွယ်ဖုံးလွှမ်းသော နေရာ၌ ထိုင်နေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ဥပနန္ဒ သင်သည် မာတုဂါမနှင့်အတူ ဆိတ်ကွယ်ဖုံးလွှမ်းသော နေရာ၌ ထိုင်နေ၏ဟူသည် မှန်သ လော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် အဘယ့်ကြောင့် မာတုဂါမနှင့်အတူ ဆိတ်ကွယ်ဖုံးလွှမ်းသော နေရာ၌ ထိုင်နေဘိသ နည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေး သော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၂၈၅။ ''အကြင်ရဟန်းသည် မာတုဂါမနှင့်အတူ ဆိတ်ကွယ်ဖုံးလွှမ်းသော နေရာ၌ ထိုင်နေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော် မူ၏)။
၂၈၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
မာတုဂါမ မည်သည် လူမိန်းမတည်း၊ ဘီလူး (နတ်) မ မဟုတ်၊ ပြိတ္တာမ မဟုတ်၊ တိရစ္ဆာန်မ မဟုတ်၊ အယုတ်သဖြင့် ထိုနေ့မွေးဖွားသော သူငယ်မသည်လည်း (မာတုဂါမ မည်၏)၊ ကြီးသောမိန်းမမူကား အဘယ်ဆို ဖွယ်ရာရှိအံ့နည်း။
အတူဟူသည် အတူတကွတည်း။
ဆိတ်ကွယ်ရာ မည်သည် မျက်စိ၏ ဆိတ်ကွယ်ရာ၊ နား၏ ဆိတ်ကွယ်ရာတည်း။
မျက်စိဆိတ်ကွယ်ရာ မည်သည် မျက်စိကို မှိတ်သော်လည်းကောင်း၊ မျက်မှောင်ကို ချီသော်လည်း ကောင်း၊ ဦးခေါင်းကို မော့သော်လည်းကောင်း မြင်ခြင်းငှါ မစွမ်းနိုင်သော နေရာတည်း။
နား၏ ဆိတ်ကွယ်ရာ မည်သည် ပကတိပြောသော စကားကို ကြားခြင်းငှါ မစွမ်းနိုင်သော နေရာ တည်း။
ဖုံးလွှမ်းသောနေရာ မည်သည် နေရာကို နံရံဖြင့်သော်လည်းကောင်း၊ တံခါးရွက်ဖြင့်သော်လည်း ကောင်း၊ ဖျာဖြင့်သော်လည်းကောင်း၊ တင်းတိမ် ကန့်လန့်ကာဖြင့်သော်လည်းကောင်း၊ သစ်ပင်ဖြင့်သော် လည်းကောင်း၊ တိုင်ဖြင့်သော်လည်းကောင်း၊ ရိုင်ဖြင့်သော်လည်းကောင်း အမှတ်မရှိ တစ်ခုခုသော အရာ ဝတ္ထုဖြင့် ဖုံးကွယ်သော နေရာတည်း။
ထိုင်နေငြားအံ့ဟူသည် မာတုဂါမသည် ထိုင်နေစဉ် ရဟန်းသည် အနီး၌ ထိုင်နေသော် လည်းကောင်း၊ အနီး၌ အိပ်နေသော်လည်းကောင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ထိုင်နေစဉ် မာတုဂါမသည် အနီး၌ ထိုင်နေသော်လည်းကောင်း၊ အနီး၌ အိပ်နေ့သော်လည်းကောင်း ပါစိတ်အာပတ် သင့်၏။ နှစ်ယောက်လုံး ထိုင်နေသော်လည်းကောင်း၊ နှစ်ယောက်လုံး အိပ်နေသော်လည်းကောင်း ပါစိတ်အာပတ် သင့်၏။
၂၈၇။ မာတုဂါမ၌ မာတုဂါမဟု အမှတ်ရှိသည်ဖြစ်၍ ဆိတ်ကွယ်ဖုံးလွှမ်းသော နေရာ၌ ထိုင်နေ ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
မာတုဂါမ၌ ယုံမှားရှိသည်ဖြစ်၍ ဆိတ်ကွယ်ဖုံးလွှမ်းသော နေရာ၌ ထိုင်နေ ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
မာတုဂါမ၌ မာတုဂါမမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ဆိတ်ကွယ်ဖုံးလွှမ်း သော နေရာ၌ ထိုင်နေငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ဘီလူးမနှင့်သော်လည်းကောင်း၊ ပြိတ္တာမနှင့်သော်လည်းကောင်း၊ ပဏ္ဍုက်နှင့်သော်လည်းကောင်း၊ တိရစ္ဆာန်မနှင့်သော်လည်းကောင်း၊ လူယောင်ဖန်ဆင်းသော တိရစ္ဆာန်မနှင့်သော်လည်းကောင်း အတူ ဆိတ် ကွယ်ဖုံးလွှမ်းသော နေရာ၌ ထိုင်နေငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မာတုဂါမ မဟုတ်သူ၌ မာတုဂါမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မာတုဂါမ မဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မာတုဂါမ မဟုတ်သူ၌ မာတုဂါမ မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၂၈၈။ အမှတ်မရှိ သိကြားလိမ္မာသော အဖော်ယောက်ျား ရှိအံ့၊ ရပ်သာရပ်၍ မထိုင်အံ့၊ ဆိတ်ကွယ် သည်ကို မငဲ့အံ့၊ အခြားအာရုံကို နှလုံးသွင်းလျက် ထိုင်နေအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
စတုတ္ထ ရဟောပဋိ စ္ဆန္နသိက္ခာပုဒ် ပြီး၏။