၈၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော် မူသောအခါ
အာဠဝီပြည်သား ရဟန်းတို့သည် အမှုသစ်ကို ပြုလုပ်ကုန်သော် သစ်ပင်ကို ကိုယ်တိုင်လည်း ခုတ်ဖြတ်ကုန်၏၊ သူတစ်ပါးတို့ကိုလည်း ခုတ်ဖြတ်စေကုန်၏။
အာဠဝီပြည်သား ရဟန်းတစ်ပါးသည်လည်း သစ်ပင်ကို ခုတ်ဖြတ်ရာ
ထိုသစ်ပင်ကို စိုးအုပ်၍ နေသော နတ်သမီးသည် ထိုရဟန်းအား ''အသျှင်ဘုရား မိမိ၏ ဗိမာန်ကို ပြုလုပ်လို၍ အကျွန်ုပ်၏ ဗိမာန်ကို မခုတ်ဖြတ်ပါလင့်''ဟု ဆို၏။
ထိုရဟန်းသည် (ထိုနတ်သမီး၏စကားကို) နားမထောင်မူ၍ ခုတ်ဖြတ်မြဲ ခုတ်ဖြတ်လေရာ ထိုနတ်သမီး၏ ကလေးလက်မောင်းကို ခုတ်ဖြတ်မိ၏။
ထိုအခါ ထိုနတ်သမီးအား ''ငါသည် ဤရဟန်းကို ဤနေရာ၌ပင် သတ်ဖြတ်လိုက်ရမူ ကောင်းလေစွ''ဟု အကြံ ဖြစ်၏။
ထို့နောက် ထိုနတ်သမီးအား ''ငါသည် ဤရဟန်းကို ဤနေရာ၌ပင် သတ်ဖြတ်ခြင်းသည် မသင့် လျော်ချေ၊ စင်စစ်သော်ကား မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ရမူ ကောင်းလေရာ၏''ဟု အကြံဖြစ်ပြန်၏။
ထိုအခါ ထိုနတ်သမီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်၏။
နတ်သမီး ကောင်းလေစွ ကောင်းလေစွ၊
နတ်သမီး သင်သည် ထိုရဟန်းကို မသတ်ဖြတ်ခြင်းသည် ကောင်းမွန်လှပေစွ၊
နတ်သမီး သင်သည် ထိုရဟန်းကို အကယ်၍ သတ်ဖြတ်မိပါမူ သင့်အား မကောင်းမှု တိုးပွားလေရာ၏။
နတ်သမီး သင် သွားချေလော့၊ ဤမည်သော အရပ်၌ ရှိသော သစ်ပင်သည် (အုပ်စိုးသူ နတ်မှ) ကင်းဆိတ်၏။ ထိုသစ်ပင်ကို စွဲမှီ၍ နေလေလော့ဟု မိန့်တော်မူ၏။
လူတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် သစ်ပင်ကို ကိုယ်တိုင်လည်း ခုတ်ဖြတ်ကုန်ဘိသနည်း၊ သူတစ်ပါးတို့ကိုလည်း ခုတ်ဖြတ်စေကုန်ဘိသနည်း။ သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် တစ်ခုသော ဣန္ဒြေရှိသော အသက်ကို အဘယ့်ကြောင့် ညှဉ်းဆဲကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားတို့ကို ကြားကြသည်သာ တည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အာဠဝီပြည်သား ရဟန်းတို့သည် သစ်ပင်ကို ကိုယ်တိုင်လည်း ခုတ်ဖြတ်ကုန်ဘိသနည်း၊ သူတစ်ပါးတို့ကိုလည်း ခုတ်ဖြတ်စေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ သင်တို့သည် သစ်ပင်ကို ကိုယ်တိုင်လည်း ခုတ်ဖြတ်ကုန်၏။ သူတစ်ပါးတို့ကိုလည်း ခုတ်ဖြတ်စေကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် သစ်ပင်ကို ကိုယ် တိုင်လည်း ခုတ်ဖြတ်ကုန်ဘိသနည်း၊ သူတစ်ပါးတို့ကိုလည်း ခုတ်ဖြတ်စေကုန်ဘိသနည်း၊
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ လူတို့သည် သစ်ပင်၌ အသက်ရှိ၏ဟု မှတ်ထင်ကြကုန်၏။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၉၀။ ''ကြီးပွားပြီး ကြီးပွားဆဲဖြစ်သော မျိုးစေ့ မြက်သစ်ပင် အပေါင်းကို ခုတ်ဖြတ် ဖျက်ဆီးခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြ ကုန်လော့ဟု မိန့်တော်မူ၏)။
၉၁။ ကြီးပွါးပြီး ကြီးပွါးဆဲဖြစ်သော မျိုးစေ့မြက်သစ်ပင်အပေါင်း မည်သည် အမြစ်မျိုးစေ့ ပင်စည်မျိုးစေ့ အဆစ်မျိုးစေ့ အညွန့်မျိုးစေ့ ငါးခုမြောက် အစေ့မျိုးစေ့ဟူ၍ မျိုးစေ့ငါးမျိုးတည်း။
အမြစ်မျိုးစေ့ မည်သည် နနွင်း ချင်းစိမ်း လင်းလေ ဆိတ်ဖူး ဓိဝုတ် ကုလားဆောင်းမေခါး ပန်းရင်း နွားမြေရင်းတည်း၊ ထိုမှတစ်ပါး အမြစ်၌ ဖြစ်ကုန်သော အမြစ်ကို စိုက်၍ ကောင်းစွာ ပေါက်ရောက်ကုန် သော အပင်တို့သည် ရှိကုန်၏။ ဤအလုံးစုံသည် အမြစ်မျိုးစေ့ မည်၏။
ပင်စည်မျိုးစေ့ မည်သည် ညောင်ဗုဒ္ဓဟေပင် ပညောင်ပင် ညောင်ကြတ်ပင် သဖန်းပင် ခအောင်းပင် ညောင်ချဉ်ပင်တည်း၊ ထိုမှတစ်ပါး ပင်စည်အကိုင်းအခက်၌ ဖြစ်ကုန်သော အကိုင်းအခက်ကို စိုက်၍ ကောင်းစွာ ပေါက်ရောက်ကုန်သော အပင်တို့သည် ရှိကုန်၏။ ဤအလုံးစုံသည် ပင်စည်မျိုးစေ့ မည်၏။
အဆစ်မျိုးစေ့ မည်သည် ကြံပင် ဝါးပင် ကျူပင်တည်း၊ ထိုမှတစ်ပါး အဆစ်၌ ဖြစ်ကုန်သော အဆစ်ကို စိုက်၍ ကောင်းစွာ ပေါက်ရောက်ကုန်သော အပင်တို့သည် ရှိကုန်၏။ ဤအလုံးစုံသည် အဆစ် မျိုးစေ့ မည်၏။
အညွန့်မျိုးစေ့ မည်သည် ကညို့ပင် ရုံးရိုင်းပင် (တောရုံးဖြူပင်) ပန်းမပင် (ခေါင်ရမ်းကြီးပင်) တည်း၊ ထိုမှတစ်ပါး အညွန့်၌ ဖြစ်ကုန်သော အညွန့်ကို စိုက်၍ ကောင်းစွာ ပေါက်ရောက်ကုန်သော အပင် တို့သည် ရှိကုန်၏၊ ဤအလုံးစုံသည် အညွန့်မျိုးစေ့ မည်၏။
အစေ့မျိုးစေ့ မည်သည် ကောက်စပါး ပဲတည်း၊ ထိုမှတစ်ပါး အစေ့၌ ဖြစ်ကုန်သော အစေ့ကို စိုက်၍ ကောင်းစွာ ပေါက်ရောက်ကုန်သော အပင်တို့သည် ရှိကုန်၏။ ဤအလုံးစုံသည် အစေ့မျိုးစေ့ မည်၏။
၉၂။ မျိုးစေ့၌ မျိုးစေ့ဟု အမှတ်ရှိသည်ဖြစ်၍ ဖြတ်မူလည်း ဖြတ်အံ့၊ ဖြတ်စေမူလည်း ဖြတ်စေအံ့၊ ခွဲဖျက်မူလည်း ခွဲဖျက်အံ့၊ ခွဲဖျက်စေမူလည်း ခွဲဖျက်စေအံ့၊ ချက်မူလည်း ချက်အံ့၊ ချက်စေမူလည်း ချက်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
မျိုးစေ့၌ ယုံမှားရှိသည်ဖြစ်၍ ဖြတ်မူလည်း ဖြတ်အံ့၊ ဖြတ်စေမူလည်း ဖြတ်စေအံ့၊ ခွဲဖျက်မူလည်း ခွဲဖျက်အံ့၊ ခွဲဖျက်စေမူလည်း ခွဲဖျက်စေအံ့၊ ချက်မူလည်း ချက်အံ့၊ ချက်စေမူလည်း ချက်စေအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
မျိုးစေ့၌ မျိုးစေ့မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ဖြတ်မူလည်း ဖြတ်အံ့၊ ဖြတ်စေမူလည်း ဖြတ်စေအံ့၊ ခွဲဖျက်မူလည်း ခွဲဖျက်အံ့၊ ခွဲဖျက်စေမူလည်း ခွဲဖျက်စေအံ့၊ ချက်မူလည်း ချက်အံ့၊ ချက်စေမူလည်း ချက်စေအံ့၊ အာပတ် မသင့်။
မျိုးစေ့မဟုတ်သည်၌ မျိုးစေ့ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုးစေ့မဟုတ်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုးစေ့မဟုတ်သည်၌ မျိုးစေ့မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၉၃။ ''ဤမျိုးစေ့ကို သိလော့၊ ဤမျိုးစေ့ကို ပေးလော့၊ ဤမျိုးစေ့ကို ဆောင်ယူခဲ့လော့၊ ဤ မျိုးစေ့ဖြင့် အလိုရှိ၏။ ဤမျိုးစေ့ကို အပ်အောင်ပြုလော့''ဟု ဆိုအံ့၊ အာပတ် မသင့်။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့၍ ပြုမိသော ရဟန်း၊ မသိသော ရဟန်းး ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဌမ ဘူတဂါမသိက္ခာပုဒ် ပြီး၏။