၁၀၆၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ် သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် ကိုယ်ဝန်ဆောင်မကို ရဟန်း ပြုပေးကုန်၏။
ထိုဘိက္ခုနီမသည် ဆွမ်းအလို့ငှါ လှည့်လည်၏။
လူတို့သည် ''အသျှင်မအား ဆွမ်းကို ပေးလှူကုန်လော့၊ အသျှင်မသည်ကား လေးသောကိုယ်ဝန် ရှိ၏''ဟု ဆိုကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကိုယ်ဝန်ဆောင်မကို ရဟန်းပြုပေး ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကိုယ်ဝန်ဆောင်မကို ရဟန်းပြုပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် ကိုယ်ဝန်ဆောင်မကို ရဟန်းပြုပေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် ကိုယ်ဝန်ဆောင်မကို ရဟန်းပြုပေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၆၈။ ''အကြင် ဘိက္ခုနီမသည် ကိုယ်ဝန်ဆောင်မကို ရဟန်းပြု ပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၆၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ကိုယ်ဝန်ဆောင်မ မည်သည် (ဝမ်း၌) ရောက်သော သတ္တဝါရှိသူ (မိန်းမ) ကို ဆိုအပ်၏။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးငြားအံ့။
''ရဟန်းပြုပေးအံ့''ဟု နှလုံးသွင်း၍ ဂိုဏ်းကိုသော်လည်းကောင်း၊ ကမ္မဝါစာဆရာမကိုသော်လည်း ကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာနှစ်ကြိမ်တို့၏ အဆုံး ၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။ ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့အား ဒုက္ကဋ်အာပတ် သင့်၏။
၁၀၇၀။ ကိုယ်ဝန်ဆောင်မ၌ ကိုယ်ဝန်ဆောင်မဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ကိုယ်ဝန်ဆောင်မ၌ ယုံမှားရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်ဝန်ဆောင်မ၌ ကိုယ်ဝန်ဆောင်မ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။
ကိုယ်ဝန်ဆောင်မ မဟုတ်သည်၌ ကိုယ်ဝန်ဆောင်မဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်ဝန် ဆောင်မ မဟုတ်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်ဝန်ဆောင်မ မဟုတ်သည်၌ ကိုယ်ဝန် ဆောင်မ မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၀၇၁။ ကိုယ်ဝန်ဆောင်မကို ကိုယ်ဝန်ဆောင်မ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ကိုယ်ဝန်ဆောင်မ မဟုတ်သည်ကို ကိုယ်ဝန်ဆောင်မ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပဌမသိက္ခာပုဒ် ပြီး၏။
၁၀၇၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် နို့စို့သားငယ်ရှိသော မိန်းမကို ရဟန်းပြုပေးကုန်၏။
ထိုဘိက္ခုနီမသည် ဆွမ်းအလို့ငှါ လှည့်လည်၏။
လူတို့သည် ''အသျှင်မအား ဆွမ်းကို လှူကုန်လော့၊ အသျှင်မသည် အဖော်သားငယ် ရှိ၏''ဟု ဆိုကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် နို့စို့သားငယ်ရှိသော မိန်းမကို ရဟန်းပြုပေး ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် နို့စို့သားငယ် ရှိသော မိန်းမကို ရဟန်းပြုပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် နို့စို့သားငယ်ရှိသော မိန်းမကို ရဟန်းပြုပေးကုန်၏ဟူသည့်မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် နို့စို့သားငယ်ရှိသော မိန်းမကို ရဟန်းပြုပေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၇၃။ ''အကြင် ဘိက္ခုနီမသည် နို့စို့သားငယ်ရှိသော မိန်းမကို ရဟန်းပြုပေး ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေ ကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၇၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
နို့စို့သားငယ်ရှိသော မိန်းမ မည်သည် အမိမူလည်း ဖြစ်စေ နို့ထိန်းမူလည်း ဖြစ်စေ (တစ်ယောက် ယောက်တည်း)။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးငြားအံ့။
''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ ကမ္မဝါစာဆရာမကိုသော်လည်းကောင်း၊ သပိတ် ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ် အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့အားကား ဒုက္ကဋ်အာပတ် သင့်၏။
၁၀၇၅။ နို့စို့သားငယ်ရှိသော မိန်းမ၌ နို့စို့သားငယ်ရှိသော မိန်းမဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်း ပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
နို့စို့သားငယ်ရှိသော မိန်းမ၌ ယုံမှားရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နို့စို့သားငယ်ရှိသော မိန်းမ၌ နို့စို့သားငယ်မရှိသော မိန်းမဟု အမှတ်ရှိသည် ဖြစ်၍ ရဟန်းပြု ပေးအံ့၊ အာပတ် မသင့်။
နို့စို့သားငယ်မရှိသော မိန်းမ၌ နို့စို့သားငယ်ရှိသော မိန်းမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နို့စို့သားငယ်မရှိသော မိန်းမ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နို့စို့သားငယ်မရှိသော မိန်းမ၌ နို့စို့သားငယ်မရှိသော မိန်းမဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၀၇၆။ နို့စို့သားငယ်ရှိသော မိန်းမကို နို့စို့သားငယ်မရှိသော မိန်းမဟု အမှတ်ရှိသည် ဖြစ်၍ ရဟန်းပြုပေးအံ့၊ နို့စို့သားငယ်မရှိသော မိန်းမကို နို့စို့သားငယ်မရှိသော မိန်းမဟု အမှတ်ရှိသည် ဖြစ်၍ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အား လည်း အာပတ် မသင့်။
ဒုတိယသိက္ခာပုဒ် ပြီး၏။
၁၀၇၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် နှစ်နှစ်ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကို ကျင့်ထားပြီးမဟုတ်သော သိက္ခမာန်ကို ရဟန်းပြုပေးကုန်၏။
ထိုဘိက္ခုနီမတို့သည် မိုက်မဲ့ကုန်၏၊ မကျွမ်းကျင်ကုန်၊ အပ် မအပ်ကိုလည်း မသိကုန်။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် နှစ်နှစ်ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကို ကျင့်ထားပြီးမဟုတ်သော သိက္ခမာန်ကို ရဟန်းပြုပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် နှစ်နှစ်ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကို ကျင့်ထားပြီးမဟုတ်သော သိက္ခမာန်ကို ရဟန်းပြုပေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် နှစ်နှစ်ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကို ကျင့်ထားပြီးမဟုတ်သော သိက္ခမာန်ကို ရဟန်းပြုပေး ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို-
''ရဟန်းတို့ သိက္ခမာန်အား နှစ်နှစ်ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကို ကျင့်ဖို့ရန်ဟူသော သိက္ခာ သမ္မုတိပေးခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့ ပေးရမည်၊
ထိုသိက္ခမာန်သည် သံဃာသို့ ချဉ်းကပ်၍ လက်ဝဲတစ်ဖက် ပခုံး ထက်၌ ဧကသီကို စံပယ်တင်လျက် ဘိက္ခုနီမတို့၏ ခြေတို့ကို ရှိခိုးပြီးလျှင် ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီလျက်- ''အသျှင်မတို့ အကျွန်ုပ်သည် ဤအမည် ရှိပါ၏၊ ဤမည်သော အသျှင်မ၏ သိက္ခမာန်ပါတည်း၊
အကျွန်ုပ်သည် သံဃာအား နှစ်နှစ်ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကို ကျင့်ဖို့ရန်ဟူသော သိက္ခာသမ္မုတိကို တောင်းပန်ပါ၏''ဟု လျှောက်ရမည်။
နှစ်ကြိမ်မြောက်လည်း တောင်းပန်ရမည်။
သုံးကြိမ်မြောက်လည်း တောင်းပန်ရမည်။
ကျွမ်းကျင် လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေရမည်။
၁၀၇၈။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ ဤမည်သော သိက္ခမာန်သည် သံဃာအား နှစ်နှစ်ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ရန်ဟူသော သိက္ခာသမ္မုတိကို တောင်း၏၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော သိက္ခမာန်အား နှစ်နှစ်ပတ်လုံး သိက္ခာပုဒ် ခြောက်ပါးကျင့်ရန်ဟူသော သိက္ခာသမ္မုတိကို ပေးရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ ဤမည်သော သိက္ခမာန်သည် သံဃာအား နှစ်နှစ်ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ရန်ဟူသော သိက္ခာသမ္မုတိကို တောင်း၏၊
သံဃာသည် ဤမည်သော သိက္ခမာန်အား နှစ်နှစ်ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ရန်ဟူသော သိက္ခာသမ္မုတိကို ပေး၏၊
ဤမည်သော သိက္ခမာန်အား နှစ်နှစ်တို့ ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ရန်ဟူသော သိက္ခာသမ္မုတိပေးခြင်းကို အကြင်အသျှင်မအား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မသည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်မအား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်မသည် ပြောဆိုရာ၏။
သံဃာသည် ဤမည်သော သိက္ခမာန်အား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ရန်ဟူသော သိက္ခာသမ္မုတိကို ပေးအပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်ဟု (သိစေရမည်)။
၁၀၇၉။ ထိုသိက္ခမာန်ကို-
(၁) ''အသက်သတ်ခြင်းမှ ကြဉ်ရှောင်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို နှစ်နှစ်တို့ပတ်လုံး မလွန်ကျူးအောင် ကျင့်သုံးဆောက်တည်ပါ၏။
(၂) မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို နှစ်နှစ်တို့ပတ်လုံး မလွန်ကျူးအောင် ကျင့်သုံး ဆောက်တည်ပါ၏။
(၃) မမြတ်သော အကျင့်မှ ကြဉ်ရှောင်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို နှစ်နှစ်တို့ပတ်လုံး မလွန်ကျူးအောင် ကျင့်သုံးဆောက်တည်ပါ၏။
(၄) မဟုတ်မမှန်ပြောဆိုခြင်းမှ ကြဉ်ရှောင်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို နှစ်နှစ်တို့ပတ်လုံးမလွန်ကျူးအောင် ကျင့်သုံးဆောက်တည်ပါ၏။
(၅) မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည်အရက်ကို သောက်ခြင်းမှ ကြဉ်ရှောင်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို နှစ်နှစ်တို့ပတ်လုံး မလွန်ကျူးအောင် ကျင့်သုံးဆောက် တည်ပါ၏။
(၆) နေလွဲညစာ စားခြင်းမှ ကြဉ်ရှောင်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို နှစ်နှစ်တို့ပတ်လုံး မလွန်ကျူးအောင် ကျင့်သုံးဆောက်တည်ပါ၏''ဟု ဤသို့ဆိုလော့ဟု ပြောဆိုရမည်။
ထိုအခါ မြတ်စွာဘုရားသည် ဘိက္ခုနီမတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်တော်မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၈၀။ ''အကြင်ဘိက္ခုနီမသည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ် ခြောက်ပါး ကျင့်ထားပြီး မဟုတ်သော သိက္ခမာန်ကို ရဟန်းပြုပေးငြားအံ့၊ (ထို ဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၈၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
နှစ်နှစ်တို့ပတ်လုံးဟူသည် နှစ်နှစ်အပိုင်းအခြားတို့ ကာလပတ်လုံး။
ကျင့်ထားပြီး မဟုတ်သော မည်သည် သိက္ခာ 'အကျင့်' ကိုသော်လည်း မပေးရသေး၊ ပေးထားပြီး သိက္ခာ 'အကျင့်' သော်လည်း ပျက်၏။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးငြားအံ့။
''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ် အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်ဆရာမအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့အားကား ဒုက္ကဋ်အာပတ် သင့်၏။
၁၀၈၂။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၁၀၈၃။ နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးဖြစ်သော သိက္ခမာန်ကို ရဟန်းပြု ပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
တတိယသိက္ခာပုဒ် ပြီး၏။
၁၀၈၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသာ ဖြစ်၍ သံဃာက မသမုတ်ရသေးသော သိက္ခမာန်ကို ရဟန်းပြုပေးကုန်၏။
ဘိက္ခုနီမတို့သည် ''သိက္ခမာန်တို့ လာကြကုန်၊ ဤဝတ္ထုကို သိကုန်လော့၊ ဤဝတ္ထုကို ပေးကုန် လော့၊ ဤဝတ္ထုကို ဆောင်ခဲ့ကုန်လော့၊ ဤဝတ္ထုကို အလိုရှိ၏၊ ဤဝတ္ထုကို အပ်အောင် ပြုကုန်လော့''ဟု ဆိုကုန်၏။
(ထိုအခါ) ထိုဘိက္ခုနီမတို့က ''အသျှင်မတို့ အကျွန်ုပ်တို့သည် သိက္ခမာန်တို့မဟုတ်ကုန်၊ အကျွန်ုပ်တို့သည်ကား ဘိက္ခုနီမတို့သာတည်း''ဟု ပြောဆိုကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသာဖြစ်၍ သံဃာက မသမုတ်ရသေးသော သိက္ခမာန်ကို ရဟန်းပြုပေးကြကုန် ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသာ ဖြစ်၍ သံဃာက မသမုတ်ရသေးသော သိက္ခမာန်ကို ရဟန်းပြုပေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသာဖြစ်၍ သံဃာက မသမုတ်ရသေးသော သိက္ခမာန်ကို ရဟန်းပြုပေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည် ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောတော် မူပြီးလျှင် ရဟန်းတို့ကို-
''ရဟန်းတို့ နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးဖြစ်သော သိက္ခမာန်အား ဝုဋ္ဌာန သမ္မုတိပေးခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့ ပေးရမည်။
နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးဖြစ်သော ထိုသိက္ခမာန်သည် သံဃာသို့ ချဉ်းကပ်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်လျက် ဘိက္ခုနီမတို့၏ ခြေတို့ကို ရှိခိုးပြီးလျှင် ဆောင့်ကြောင့် ထိုင်ကာ လက်အုပ်ချီလျက်-
''အသျှင်မတို့ အကျွန်ုပ်သည် ဤအမည် ရှိပါ၏၊ ဤမည်သော အသျှင်မ၏ နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးဖြစ်သော သိက္ခမာန်ပါတည်း၊ အကျွန်ုပ်သည် သံဃာအား ဝုဋ္ဌာနသမ္မုတိ 'ရဟန်းပြုဖို့ သမုတ်ခြင်း'ကို တောင်းပန်ပါ၏''ဟု လျှောက်ရာ၏။
နှစ်ကြိမ်မြောက်လည်း တောင်းပန်ရ မည်။
သုံးကြိမ်မြောက် လည်း တောင်းပန်ရမည်။
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေရမည်။
၁၀၈၅။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးဖြစ်သူ ဤမည်သော သိက္ခမာန် သည် သံဃာအား ဝုဋ္ဌာနသမ္မုတိ 'ရဟန်းပြုဖို့သမုတ်ခြင်း' ကို တောင်း၏၊
သံဃာအား လျောက်ပတ် သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီး ဖြစ်သူ ဤမည်သော သိက္ခမာန်အား ဝုဋ္ဌာနသမ္မုတိ 'ရဟန်းပြုဖို့သမုတ်ခြင်း'ကို ပေးရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးဖြစ်သူ ဤမည်သော သိက္ခမာန်သည် သံဃာအား ဝုဋ္ဌာနသမ္မုတိ 'ရဟန်းပြုဖို့သမုတ်ခြင်း'ကို တောင်း၏၊
သံဃာသည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးဖြစ်သူ ဤမည်သော သိက္ခမာန်အား ဝုဋ္ဌာနသမ္မုတိ 'ရဟန်းပြုဖို့ သမုတ်ခြင်း'ကို ပေး၏၊
နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးဖြစ်သူ ဤမည်သော သိက္ခမာန်အား ဝုဋ္ဌာနသမ္မုတိ 'ရဟန်းပြုဖို့ သမုတ်ခြင်း'ကို ပေးခြင်းကို အကြင်အသျှင်မအား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မသည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်မအား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်မသည် ပြောဆိုရာ၏။
သံဃာသည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးဖြစ်သူ ဤမည်သော သိက္ခမာန် အား ဝုဋ္ဌာနသမ္မုတိ 'ရဟန်းပြုဖို့သမုတ်ခြင်း' ကို ပေးအပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရ ပါသည်''ဟု (သိစေရမည်)။
ထိုအခါ မြတ်စွာဘုရားသည် ထိုဘိက္ခုနီမတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်တော်မူ ပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၈၆။ ''အကြင် ဘိက္ခုနီမသည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ် ခြောက်ပါး ကျင့်ထားပြီး ဖြစ်၍ သံဃာက မသမုတ်ရသေးသော သိက္ခမာန်ကို ရဟန်း ပြုပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၈၇။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
နှစ်နှစ်တို့ပတ်လုံးဟူသည် နှစ်နှစ်အပိုင်းအခြားတို့ ကာလပတ်လုံး။
ကျင့်ထားပြီးသော မည်သည် သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသော။
မသမုတ်ရသေးသော မည်သည် ဉတ်လျှင် နှစ်ကြိမ်မြောက်သော ကံဖြင့် ပဉ္စင်းခံခြင်းငှါ သမ္မုတိ မပေးရသေးသော။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးငြားအံ့။
''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာနှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမ တို့အားမူကား ဒုက္ကဋ်အာပတ် သင့်၏။
၁၀၈၈။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၁၀၈၉။ နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးဖြစ်၍ ဤသံဃာက သမ္မုတိပေးထားပြီးသော သိက္ခမာန်ကို ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူး သော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
စတုတ္ထသိက္ခာပုဒ် ပြီး၏။
၁၀၉၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် ယောက်ျားရဖူးသော တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော မိန်းမကို ရဟန်းပြုပေးကုန်၏။
ထိုဘိက္ခုနီမတို့သည် အချမ်း အပူ ဆာလောင်ခြင်း မွတ်သိတ်ခြင်း မှက် ခြင် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့တို့ကို သည်းမခံနိုင်ကုန်၊ မကောင်းသဖြင့် ဆိုအပ်, မကောင်းသဖြင့် ရောက်လာသော စကားတို့ကိုလည်းကောင်း၊
ကိုယ်၌ ဖြစ်ဆဲဖြစ်သော ပြင်းထန် ကြမ်းကြုတ် ခါးစပ် ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကိုလည်းကောင်း သည်းခံနိုင်ခြင်းသဘော မရှိကုန်။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ယောက်ျားရဖူးသော တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော မိန်းမကို ရဟန်းပြုပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမတို့သည် ယောက်ျားရဖူးသော တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော မိန်းမကို ရဟန်းပြုပေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် ယောက်ျားရဖူးသော တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော မိန်းမကို ရဟန်းပြုပေးကုန်ဘိသနည်း၊
ရဟန်းတို့ ယောက်ျားရဖူးသော တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော မိန်းမသည် အချမ်း အပူ ဆာလောင် ခြင်း မွတ်သိတ်ခြင်း မှက် ခြင် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့တို့ကို သည်းခံနိုင်ခဲ၏၊ မကောင်းသဖြင့် ဆိုအပ်, မကောင်းသဖြင့် ရောက်လာသောစကားတို့ကိုလည်းကောင်း၊
ကိုယ်၌ဖြစ်ဆဲ ဖြစ်သော ပြင်းထန် ကြမ်းကြုတ် ခါးစပ် ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက် သော ဆင်းရဲဝေဒနာတို့ကိုလည်းကောင်း သည်းခံနိုင်သောသဘော မရှိ။
ရဟန်းတို့ ယောက်ျားရဖူးသော တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးသော မိန်းမသည်သာလျှင် အချမ်း အပူ ဆာလောင်ခြင်း မွတ်သိတ်ခြင်း မှက် ခြင် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့တို့ကို သည်းခံနိုင်၏၊ မကောင်းသဖြင့် ဆိုအပ်, မကောင်းသဖြင့် ရောက်လာသော စကားတို့ကိုလည်းကောင်း၊
ကိုယ်၌ ဖြစ်ဆဲဖြစ်သော ပြင်းထန် ကြမ်းကြုတ် ခါးစပ် ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကိုလည်းကောင်း သည်းခံနိုင်သောသဘော ရှိ၏။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၉၁။ ''အကြင် ဘိက္ခုနီမသည် ယောက်ျားရဖူးသော တစ်ဆယ့်နှစ်နှစ် မပြည့် သေးသော မိန်းမကို ရဟန်းပြုပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၉၂။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
တစ်ဆယ့်နှစ်နှစ် မပြည့်သေးသော မိန်းမ မည်သည် တစ်ဆယ့်နှစ်နှစ်သို့ မရောက်သေးသော မိန်းမတည်း။
ယောက်ျားရဖူးသောမိန်းမ မည်သည် ယောက်ျားတစ်ပါး သွားလာဖူးသော မိန်းမကို ဆိုလို၏။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးငြားအံ့။
''ရဟန်းပြုလုပ်ပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာနှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့ အားမူကား ဒုက္ကဋ်အာပတ် သင့်၏။
၁၀၉၃။ တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော မိန်းမ၌ တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော မိန်းမဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော မိန်းမ၌ ယုံမှားရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော မိန်းမ၌ တစ်ဆယ့်နှစ်နှစ်ပြည့်၏ဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြု ပေးအံ့၊ အာပတ် မသင့်။
တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးသော မိန်းမ၌ တစ်ဆယ့်နှစ်နှစ်မပြည့်သေးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးသော မိန်းမ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးသော မိန်းမ၌ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၀၉၄။ တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော မိန်းမကို တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်း ပြုပေးအံ့၊ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးသော မိန်းမကို တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အား လည်း အာပတ် မသင့်။
ပဉ္စမသိက္ခာပုဒ် ပြီး၏။
၁၀၉၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး မကျင့်ရသေးသော မိန်းမကို ရဟန်းပြုပေးကုန်၏။
ထိုဘိက္ခုနီမတို့သည် မိုက်မဲကုန်၏၊ မကျွမ်းကျင်ကုန်၊ အပ် မအပ်ကိုလည်း မသိကုန်။
အလိုနည်း သော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူး သော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး မကျင့်ရသေးသော မိန်းမကို ရဟန်းပြုပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး မကျင့်ရသေးသော မိန်းမကို ရဟန်းပြုပေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ ''အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး မကျင့်ရ သေးသော မိန်းမကို ရဟန်းပြုပေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို-
ရဟန်းတို့ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး မကျင့်ရသေးသော မိန်းမကို သိက္ခာသမ္မုတိပေးခြင်းငှါ ခွင့်ပြုတော်မူ၏ဟု မိန့်တော်မူ၏၊
ရဟန်းတို့ ဤသို့ ပေးရမည်၊
တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော ထိုမိန်းမသည် သံဃာသို့ ချဉ်းကပ်ပြီးလျှင် လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ ဘိက္ခုနီမတို့ကို ရှိခိုးလျက် ဆောင့်ကြောင့် ထိုင်ပြီးကာ လက်အုပ်ချီလျက်-
''အသျှင်မတို့ အကျွန်ုပ်သည် ဤအမည် ရှိပါ၏၊ ဤမည်သော အသျှင်မ၏ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော သူပါတည်း၊ အကျွန်ုပ်သည် သံဃာအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးတို့၌ သိက္ခာသမ္မုတိကို တောင်းပါ၏''ဟု လျှောက်ရာ၏။
နှစ်ကြိမ်မြောက်လည်း တောင်းရမည်။
သုံးကြိမ်မြောက်လည်း တောင်းရမည်။
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေရမည်။
၁၀၉၆။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော ဤမည်သော မိန်းမသည် သံဃာအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ဖို့ရန် သိက္ခာသမ္မုတိကို တောင်း၏၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် တစ်ဆယ့်နှစ်နှစ် ပြည့်ပြီး၍ ယောက်ျားရဖူးသော ဤမည်သော မိန်းမအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ဖို့ရန် သိက္ခာသမ္မုတိကို ပေးရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော ဤမည်သော မိန်းမသည် သံဃာအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ဖို့ရန် သိက္ခာသမ္မုတိကို တောင်း၏၊
သံဃာသည် တစ်ဆယ့်နှစ်နှစ် ပြည့်ပြီး၍ ယောက်ျားရဖူးသော ဤမည်သော မိန်းမအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ဖို့ရန် သိက္ခာသမ္မုတိကို ပေး၏၊
တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျား ရဖူးသော ဤမည်သော မိန်းမအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ဖို့ရန် သိက္ခာ သမ္မုတိပေးခြင်းကို အကြင်အသျှင်မအား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မသည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်မအား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်မသည် ပြောဆိုရာ၏။
သံဃာသည် တစ်ဆယ့်နှစ်နှစ် ပြည့်ပြီး၍ ယောက်ျားရဖူးသော ဤမည်သော မိန်းမအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ဖို့ရန် သိက္ခာသမ္မုတိကို ပေးအပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော ထိုမိန်းမကို- (၁) ''အသက်သတ်ခြင်းမှ ရှောင်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို နှစ်နှစ်တို့ပတ်လုံး မလွန်ကျူးအောင် ကျင့်သုံးဆောက်တည်ပါ၏။ပ။ (၆) နေလွဲညစာစားခြင်းမှ ကြဉ်ရှောင်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို နှစ်နှစ်တို့ပတ်လုံး မလွန်ကျူးအောင် ကျင့်သုံးဆောက်တည်ပါ၏''ဟု ဤသို့ ဆိုလော့ဟု ပြောဆိုရမည်။
ထိုအခါ မြတ်စွာဘုရားသည် ထိုဘိက္ခုနီမတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ ပြစ်တင်တော် မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၉၇။ အကြင် ဘိက္ခုနီမသည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီး မဟုတ် သော မိန်းမကို ရဟန်းပြုပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၉၈။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး မည်သည် တစ်ဆယ့်နှစ်နှစ်သို့ ဝင်ရောက်ပြီးသော မိန်းမတည်း။
ယောက်ျားရဖူးသောမိန်းမ မည်သည် ယောက်ျားတစ်ပါး သွားလာဖူးသော မိန်းမကို ဆိုလို၏။
နှစ်နှစ်တို့ပတ်လုံးဟူသည် နှစ်နှစ်အပိုင်းအခြား ရှိသော ကာလပတ်လုံး။
ကျင့်ထားပြီး မဟုတ်သော မည်သည် အကျင့်သိက္ခာကိုသော်လည်း မပေးရသေး၊ ပေးထားပြီး ဖြစ်သော အကျင့်သိက္ခာသည်သော်လည်း ပျက်၏။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးအံ့။
''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာမှီးအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဉတ်၏အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာနှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့အား မူကား ဒုက္ကဋ်အာပတ် သင့်၏။
၁၀၉၉။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၁၁၀၀။ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော, နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသော မိန်းမကို ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌသိက္ခာပုဒ် ပြီး၏။
၁၁၀၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသာ ဖြစ်၍ သံဃာက မသမုတ် ရသေးသော မိန်းမကို ရဟန်းပြုပေးကုန်၏။
ဘိက္ခုနီမတို့သည် ''သိက္ခမာန်တို့ လာကြကုန်၊ ဤဝတ္ထုကို သိကုန်လော့၊ ဤဝတ္ထုကို ပေးကုန်လော့၊ ဤဝတ္ထုကို ဆောင်ခဲ့ကုန်လော့၊ ဤဝတ္ထုကို အလိုရှိ၏၊ ဤဝတ္ထုကို အပ်အောင် ပြုကုန်လော့''ဟု ဆိုကုန်၏။
ထိုမိန်းမတို့သည် ''အသျှင်မတို့ ငါတို့သည် သိက္ခမာန်တို့ မဟုတ်ကုန်၊ ငါတို့သည်ကား ဘိက္ခုနီမ တို့သာတည်း''ဟု ဆိုကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် တစ်ဆယ့်နှစ်နှစ် ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသာ ဖြစ်၍ သံဃာက မသမုတ်ရသေးသော မိန်းမကို ရဟန်းပြုပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
ရဟန်းတို့ ဘိက္ခုနီမတို့သည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသာ ဖြစ်၍ သံဃာက မသမုတ်ရသေးသော သိက္ခမာန်ကို ရဟန်းပြု ပေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့် ထားပြီးသာ ဖြစ်၍ သံဃာက မသမုတ်ရသေးသော သိက္ခမာန်ကို ရဟန်းပြုပေးကုန်ဘိသနည်း။
ရဟန်း တို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့ကိုကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ဟု ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို-
''ရဟန်းတို့ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသော သိက္ခမာန်ကို ရဟန်းပြုရန် သမ္မုတိပေးခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့ ပေးရမည်၊
တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသော ထိုသိက္ခမာန်သည် သံဃာသို့ ချဉ်းကပ်ပြီးလျှင် လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ ဘိက္ခုနီမတို့၏ ခြေတို့ကို ရှိခိုး၍ ဆောင့်ကြောင့်ထိုင်ကာ လက်အုပ် ချီလျက်-
''အသျှင်မတို့ အကျွန်ုပ်သည် ဤအမည် ရှိပါ၏၊ ဤမည်သော အသျှင်မ၏ တစ်ဆယ့်နှစ်နှစ် ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသူ သိက္ခမာန်ပါ တည်း။ သံဃာအား ရဟန်းပြုဖို့ရန် သမုတ်ခြင်း 'ဝုဋ္ဌာနသမ္မုတိ' ကို တောင်းပါ၏''ဟု လျှောက်ရာ၏။
နှစ်ကြိမ်မြောက်လည်း တောင်းရမည်။
သုံးကြိမ်မြောက်လည်း တောင်းရမည်။
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည် ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေရမည်။
၁၁၀၂။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး တို့၌ ကျင့်ထားပြီးသော ဤမည်သော သိက္ခမာန်သည် သံဃာအား ရဟန်းပြုဖို့ရန် သမုတ်ခြင်း 'ဝုဋ္ဌာနသမ္မုတိ' ကို တောင်း၏၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ် ခြောက်ပါး ကျင့်ထားပြီးသော ဤမည်သော သိက္ခမာန်အား ရဟန်းပြုဖို့ရန် သမုတ်ခြင်း 'ဝုဋ္ဌာနသမ္မုတိ' ကို ပေးရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသော ဤမည်သော သိက္ခမာန်သည် သံဃာအား ဝုဋ္ဌာနသမ္မုတိကို တောင်း၏၊
သံဃာ သည် တစ်ဆယ့်နှစ်နှစ့်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ် ခြောက်ပါး ကျင့်ထားပြီးသော ဤမည်သော သိက္ခမာန်အား ဝုဋ္ဌာနသမ္မုတိကို ပေး၏။
တစ်ဆယ့်နှစ်နှစ် ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသော ဤမည်သော သိက္ခမာန်အား ဝုဋ္ဌာနသမ္မုတိပေးခြင်းကို အကြင်အသျှင်မအား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မသည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်မအား နှစ်သက်ခြင်းမရှိ၊ ထိုအသျှင်မသည် ပြောဆိုရာ၏။
သံဃာသည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော ဤမည်သော သိက္ခမာန်အား ဝုဋ္ဌာနသမ္မုတိကို ပေးအပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
ထိုအခါ မြတ်စွာဘုရားသည် ထိုဘိက္ခုနီမတို့ကို များစွာသော အကြောင်းဖြင့် ကဲရဲ့ ပြစ်တင်တော် မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၀၃။ အကြင် ဘိက္ခုနီမသည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျား ရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသာ ဖြစ်၍ သံဃာက မသမုတ်ရသော သိက္ခမာန်ကို ရဟန်းပြု ပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၀၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးသော မည်သည် တစ်ဆယ့်နှစ်နှစ်သို့ ရောက်ပြီးသော မိန်းမတည်း။
ယောက်ျားရဖူးသောမိန်းမ မည်သည် ယောက်ျားတစ်ပါး သွားလာဖူးသော မိန်းမကို ဆိုလို၏။
နှစ်နှစ်တို့ပတ်လုံးဟူသည် နှစ်နှစ်အပိုင်းအခြားရှိသော ကာလတို့ပတ်လုံး။
ကျင့်ထားပြီးသော မည်သည် သိက္ခာပုဒ်ခြောက်ပါးတို့၌ ကျင့်ထားပြီးသော မိန်းမတည်း။ မသမုတ်ရသေးသော မည်သည် ဉတ္တိဒုတိယကံဖြင့် ဝုဋ္ဌာနသမ္မုတိကို မပေးရသေးသူ သိက္ခမာန် ဖြစ်၏။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးအံ့။
''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။ ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။ ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။ ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့ အားကား ဒုက္ကဋ်အာပတ် သင့်၏။
၁၁၀၅။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည် ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၁၁၀၆။ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော, နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော, သံဃာက သမုတ်ထားပြီးသော သိက္ခမာန်ကို ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
သတ္တမသိက္ခာပုဒ် ပြီး၏။
၁၁၀၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် အတူနေတပည့်မကို ရဟန်းပြုပေးပြီး၍ နှစ်နှစ်တို့ပတ်လုံး မိမိကိုယ်တိုင်လည်း မချီးမြှောက်၊ သူတစ်ပါးကိုလည်း မချီး မြှောက်စေ။
ထိုဘိက္ခုနီမတို့သည် မိုက်မဲကုန်၏၊ မကျွမ်းကျင်ကုန်၊
အပ် မအပ်ကိုလည်း မသိကုန်။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် အတူနေတပည့်မကို ရဟန်းပြုပေးပြီး၍ နှစ်နှစ်တို့ပတ်လုံး မိမိကိုယ်တိုင်လည်း မချီးမြှောက်၊ သူတစ်ပါးကိုလည်း မချီးမြှောက် စေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကုန်၏။ပ။
''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် အတူနေတပည့်မကို ရဟန်းပြုပေးပြီး၍ နှစ်နှစ်တို့ပတ်လုံး မိမိ ကိုယ်တိုင်လည်း မချီးမြှောက်၊ သူတစ်ပါးကိုလည်း မချီးမြှောက်စေဘဲ နေ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် အတူနေတပည့်မကို ရဟန်းပြုပေးပြီး၍ နှစ်နှစ်တို့ပတ်လုံး မိမိကိုယ်တိုင်လည်း မချီးမြှောက်၊ သူတစ်ပါးကိုလည်း မချီးမြှောက်စေဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၀၈။ ''အကြင် ဘိက္ခုနီမသည် အတူနေတပည့်မကို ရဟန်းပြု ပေးပြီး၍ နှစ်နှစ်တို့ပတ်လုံး (ကိုယ်တိုင်လည်း) မချီးမြှောက်ငြားအံ့၊ (သူတစ်ပါး ကိုလည်း) မချီးမြှောက်စေငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၀၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အတူနေတပည့်မဟူသည် အတူနေလေ့ရှိသော တပည့်မကို ဆိုလို၏။
ရဟန်းပြုပေးပြီး၍ဟူသည် ပဉ္စင်းခံပေးပြီး၍။
နှစ်နှစ်တို့ ပတ်လုံးဟူသည် နှစ်နှစ်အပိုင်းအခြားရှိသော ကာလတို့ပတ်လုံး။
မိမိလည်း မချီးမြှောက်ငြားအံ့ဟူသည် ပါဠိသင်ခြင်း အဋ္ဌကထာသင်ခြင်း သွန်သင်ခြင်း ဆုံးမခြင်းဖြင့် ကိုယ်တိုင် မချီးမြှောက်ငြားအံ့။
မချီးမြှောက်စေငြားအံ့ဟူသည် သူတစ်ပါးကို မစေခိုင်းငြားအံ့၊
''နှစ်နှစ်တို့ပတ်လုံး မိမိမူလည်း မချီးမြှောက်တော့အံ့၊ သူတစ်ပါးကိုလည်း မချီးမြှောက်စေတော့အံ့''ဟု ဝန်ချကာမျှ၌ ပါစိတ်အာပတ် သင့်၏။
၁၁၁၀။ အန္တရာယ် ရှိအံ့၊ ရှာ၍ မရအံ့၊ အာပတ် မသင့်၊ နာဖျားသော ဘိက္ခုနီမအားလည်း အာပတ့်မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
အဋ္ဌမသိက္ခာပုဒ် ပြီး၏။
၁၁၁၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဘိက္ခုနီမတို့သည် နှစ်နှစ်တို့ပတ်လုံး ရဟန်းပြု ပေးသော ဆရာမ 'ဥပဇ္ဈာယ်' နောက်သို့ မလိုက်ကုန်။
ထိုဘိက္ခုနီမတို့သည် မိုက်မဲကုန်၏၊ မကျွမ်းကျင်ကုန်၊
အပ် မအပ်ကိုလည်း မသိကုန်။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် နှစ်နှစ်တို့ပတ်လုံး ရဟန်း ပြုပေးသော ဆရာမနောက်သို့ မလိုက်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆို ကြကုန်၏။ပ။
ရဟန်းတို့ ဘိက္ခုနီမတို့သည် နှစ်နှစ်တို့ပတ်လုံး ရဟန်းပြုပေးသော ဆရာမနောက်သို့ မလိုက် ကုန်ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် နှစ်နှစ်တို့ပတ်လုံး ရဟန်းပြုပေးသော ဆရာမနောက်သို့ မလိုက်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၁၂။ ''အကြင် ဘိက္ခုနီမသည် နှစ်နှစ်တို့ပတ်လုံး ရဟန်းပြု ပေးသော (ဥပဇ္ဈာယ်) ဆရာမနောက်သို့ မလိုက်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၁၃။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ရဟန်းပြုပေးသောဟူသည် ပဉ္စင်းခံပေးသော ရဟန်းမိန်းမတည်း။
ဆရာမ မည်သည် ဥပဇ္ဈာယ်ဆရာမကို ဆိုလို၏။
နှစ်နှစ်တို့ပတ်လုံးဟူသည် နှစ်နှစ်အပိုင်းအခြားရှိသော ကာလတို့ပတ်လုံး။
နောက်သို့မလိုက်ငြားအံ့ဟူသည် ကိုယ်တိုင် မလုပ်ကျွေးငြားအံ့။
''နှစ်နှစ်တို့ပတ်လုံး မလုပ်ကျွေးတော့အံ့''ဟု ဝန်ချကာမျှ၌ ပါစိတ်အာပတ် သင့်၏။
၁၁၁၄။ ဥပဇ္ဈာယ်မသည် မိုက်မဲသူသော်လည်းဖြစ်စေ အလဇ္ဇီသော်လည်းဖြစ်စေ အာပတ် မသင့်၊ နာဖျားသော ဘိက္ခုနီမအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
နဝမသိက္ခာပုဒ် ပြီး၏။
၁၁၁၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် အတူနေတပည့်မကို ရဟန်းပြုပေးပြီးနောက် မိမိလည်း ခေါ်မသွား၊ သူတစ်ပါးကိုလည်း ခေါ်မသွားစေ။
လင်ဖြစ်သူက ဖမ်းယူ သွား၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မ ထုလ္လနန္ဒာသည် အတူနေ တပည့်မ ကို ရဟန်းပြုပေးပြီးနောက် မိမိလည်း ခေါ်မသွား၊ သူတစ်ပါးကိုလည်း ခေါ်မသွားစေဘိသနည်း၊ လင်ဖြစ်သူက ဖမ်းယူသွား၏၊ ဤဘိက္ခုနီမသည် အရပ်တစ်ပါးသို့ အကယ်၍ ဖဲသွားအံ့၊ လင်ဖြစ်သူက မဖမ်းမယူလေရာ''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကုန်၏။ပ။
''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် အတူနေတပည့်မကို ရဟန်းပြုပေးပြီးနောက် မိမိလည်း ခေါ်မသွား သူတစ်ပါးကိုလည်း ခေါ်မသွားစေ၊ လင်ယောက်ျားသည် ဖမ်းယူသွား၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် အတူနေတပည့်မကို ရဟန်းပြုပေးပြီးနောက် မိမိလည်း ခေါ်မသွား၊ သူတစ်ပါးကိုလည်း ခေါ်မသွားစေဘိသနည်း။ လင်ဖြစ်သူက ဖမ်းယူသွားဘိ၏၊
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၁၆။ ''အကြင် ဘိက္ခုနီမသည် အတူနေတပည့်မကို ရဟန်းပြုပေး ပြီးနောက် အယုတ်သဖြင့် ခြောက်ယူဇနာ ငါးယူဇနာခရီးတို့သို့လည်း မိမိလည်း ခေါ်မသွားအံ့၊ သူတစ်ပါးကိုလည်း ခေါ်မသွားစေငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန် လော့ဟု မိန့်တော်မူ၏)။
၁၁၁၇။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အတူနေတပည့်မ မည်သည် အတူနေလေ့ရှိသော တပည့်မကို ဆိုလို၏။
ရဟန်းပြုပေးပြီးနောက်ဟူသည် ပဉ္စင်းခံပေးပြီးနောက်။
မိမိလည်းခေါ်မသွားအံ့ဟူသည် ကိုယ်တိုင်ခေါ်၍ မသွားငြားအံ့။
သူတစ်ပါးကိုလည်း ခေါ်မသွားစေအံ့ဟူသည် သူတစ်ပါးကို မစေခိုင်းငြားအံ့။
''အယုတ်သဖြင့် ခြောက်ယူဇနာ ငါးယူဇနာခရီးတို့သို့လည်း မိမိလည်း ခေါ်မသွား သူတစ်ပါးကို လည်း ခေါ်မသွားစေတော့အံ့''ဟု ဝန်ချကာမျှ၌ ပါစိတ်အာပတ် သင့်၏။
၁၁၁၈။ အန္တရာယ် ရှိအံ့၊ အဖော်ဘိက္ခုနီမကိုရှာ၍ မရအံ့၊ အာပတ် မသင့်၊ နာဖျားသော ဘိက္ခုနီမ အားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ် ပြီး၏။
သတ္တမဂဗ္ဘိနီဝဂ် ပြီး၏။