Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

8. Aṭṭhamasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၉၁၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် ကစေသူ ကချေသည်တို့နှင့် ကျွမ်းသမား မျက်လှည့်သမား အိုးစည်သမားတို့အား ''ပရိသတ်အလယ်၌ ငါ၏ ဂုဏ်ကို ချီးကျူး ပြောဆို ကြပါလော့''ဟု (ဆို၍) ရဟန်း (အသုံးအဆောင်) သင်္ကန်းကို ပေးလေ၏။
ကစေသူ ကချေသည်တို့နှင့် ကျွမ်းသမား မျက်လှည့်သမား အိုးစည်သမားတို့က ''အသျှင်မ ထုလ္လနန္ဒာသည် အကြားအမြင်များ၍ အပြောအဟော ကောင်း၏၊ တရားဟောခြင်းငှါ ရဲရင့်၍ စွမ်းရည် သတ္တိရှိ၏၊ အသျှင်မထုလ္လနန္ဒာအား လှူဒါန်းကြကုန်လော့၊ အသျှင်မထုလ္လနန္ဒာအား အရိုအသေ ပြုကြကုန် လော့''ဟု ထုလ္လနန္ဒာဘိက္ခုနီမ၏ ဂုဏ်ကို ပရိသတ်အလယ်၌ ချီးကျူးပြောဆိုကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် လူဝတ်ကြောင်အား ရဟန်း (အသုံးအဆောင်) သင်္ကန်းကို ပေးလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် လူဝတ်ကြောင်အား ရဟန်း (အသုံးအဆောင်) သင်္ကန်းကို ပေး၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲတော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် လူဝတ်ကြောင်အား ရဟန်း (အသုံးအဆောင်) သင်္ကန်းကို ပေးလေဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၁၇။ ''အကြင် ဘိက္ခုနီမသည် လူဝတ်ကြောင်အားလည်းကောင်း၊ ပရိဗိုဇ် ယောက်ျားအားလည်းကောင်း၊ ပရိဗိုဇ်မအားလည်းကောင်း ရဟန်း (အသုံးအဆောင်) သင်္ကန်းကို ပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၁၈။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
လူဝတ်ကြောင် မည်သည် အိမ်၌နေသူ တစ်ယောက်ယောက်တည်း။
ပရိဗိုဇ်ယောက်ျား မည်သည် ရဟန်းသာမဏေတို့မှတစ်ပါး ပရိဗိုဇ်အဖြစ်သို့ ရောက်သူ တစ်ယောက်ယောက်တည်း။
ပရိဗိုဇ်မ မည်သည် ဘိက္ခုနီမ သိက္ခမာန် သာမဏေမတို့မှတစ်ပါး ပရိဗိုဇ်မအဖြစ်သို့ ရောက်သူ မိန်းမတစ်ယောက်ယောက်တည်း။
ရဟန်း (အသုံးအဆောင်) သင်္ကန်း မည်သည် ကပ္ပဗိန္ဒုထိုးပြီးသော သင်္ကန်းကို ဆိုလို၏၊
ပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
၉၁၉။ အမိ အဖတို့အား ပေးအံ့၊ အခိုက်အတန့် ပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
အဋ္ဌမသိက္ခာပုဒ် ပြီး၏။