၉၃၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမနှစ်ယောက်တို့သည် တစ်ညောင်စောင်း 'တစ်ခုတင်' တည်း၌ အိပ်ကုန်၏။
ကျောင်းစဉ်လှည့်လည်သော လူတို့ မြင်ကြသဖြင့် ''အဘယ့်ကြောင့် ဘိက္ခုနီမနှစ်ယောက်တို့သည် ကာမဂုဏ်ချမ်းသာကို ခံစားသော လူမိန်းမတို့ကဲ့သို့ တစ်ညောင်စောင်းတည်း၌ အိပ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမနှစ်ယောက်တို့သည် တစ်ညောင်စောင်းတည်း၌ အိပ်ကြကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
ရဟန်းတို့ ဘိက္ခုနီမနှစ်ယောက်တို့သည် တစ်ညောင်စောင်း 'တစ်ခုတင်' ထည်း၌ အိပ်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ နှစ်ယောက်တို့သည် တစ်ညောင်စောင်း 'တစ်ခုတင်'တည်း၌ အိပ်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၃၃။ ''အကြင် ဘိက္ခုနီမတို့သည် တစ်ညောင်စောင်း 'တစ်ခုတင်' တည်း၌ နှစ်ယောက်အိပ်ကုန်ငြားအံ့၊ (ထိုဘိက္ခုနီမတို့အား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန် လော့ဟု မိန့်တော်မူ၏)။
၉၃၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမတို့ဟူသည် ပဉ္စင်းဖြစ်သောမိန်းမတို့ကို ဆိုလို၏။
တစ်ညောင်စောင်း 'တစ်ခုတင်' တည်း၌ နှစ်ယောက် အိပ်ကုန်ငြားအံ့ဟူသည် တစ်ယောက်အိပ်သည် ရှိသော် အခြားတစ်ယောက်လည်း အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
နှစ်ယောက်လုံးတို့မူလည်း အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။
ထပြီး၍ အဖန်ဖန် အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။
၉၃၅။ တစ်ယောက်အိပ်သည် ရှိသော် အခြားတစ်ယောက်က ထိုင်နေမူ အာပတ် မသင့်၊ နှစ်ယောက် လုံး ထိုင်နေကုန်မူ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အား လည်း အာပတ် မသင့်။
ပဌမသိက္ခာပုဒ် ပြီး၏။