၁၀၂၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ် သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသော အခါ များစွာသော ရဟန်းတို့သည် ရွာကျောင်း၌ သင်္ကန်းတစ်ထည်တည်းသာ ဝတ်ကုန်လျက် သင်္ကန်းချုပ်နေကြကုန်၏။
ဘိက္ခုနီမတို့သည် မပန်ကြားဘဲ အရံအတွင်းသို့ ဝင်၍ ထိုသင်္ကန်းချုပ်သော ရဟန်းတို့အထံသို့ ချဉ်းကပ်ကုန်၏။
ရဟန်းတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် မပန်ကြားဘဲ အရံအတွင်းသို့ ဝင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် မပန်ကြားဘဲ အရံတွင်းသို့ ဝင်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် မပန်ကြားဘဲ အရံတွင်းသို့ ဝင်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
(က) ''အကြင် ဘိက္ခုနီမသည် မပန်ကြားဘဲ အရံအတွင်းသို့ ဝင်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ဘိက္ခုနီမတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၁၀၂၂။ ထိုစဉ်အခါ၌ ရဟန်းတို့သည် ထိုကျောင်းမှ ဖဲသွားကုန်၏။ ဘိက္ခုနီမတို့သည် ''အသျှင် ကောင်းတို့ ဖဲသွားကုန်ပြီ''ဟု အရံတွင်းသို့ မသွားကုန်။ ထိုအခါ ရဟန်းတို့သည် ထိုကျောင်းသို့ တစ်ဖန် ပြန်လာကုန်၏။ ဘိက္ခုနီမတို့သည် ''အသျှင်ကောင်းတို့ ပြန်လာကုန်ပြီ''ဟု ပန်ကြား၍ အရံတွင်းသို့ ဝင်ပြီးလျှင် ထိုရဟန်းတို့ အထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးနောက် တစ်ခုသော နေရာ၌ နေကုန်၏။
တစ်ခုသော နေရာ၌ နေသော ဘိက္ခုနီမတို့ကို ထိုရဟန်းတို့က ''နှမတို့ သင်တို့သည် အဘယ့် ကြောင့် အရံကို တံမြက်မလှည်းကုန်ဘိသနည်း၊ သောက်ရေ သုံးဆောင်ရေကို မတည်ထားကုန်ဘိသနည်း''ဟု ဆိုကုန်၏။
အသျှင်တို့ ''အရံတွင်းသို့ မပန်ကြားဘဲ မဝင်ရ''ဟု သိက္ခာပုဒ်ကို မြတ်စွာဘုရား ပညတ်တော်မူ၏။
ထို့ကြောင့် အကျွန်ုပ်တို့သည် အရံတွင်းသို့ မလာကြပါကုန်ဟု လျှောက်ကြကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ရဟန်းတို့ ထင်ရှားရှိသော ရဟန်းကို ပန်ကြား၍ အရံတွင်းသို့ ဝင်ခြင်းငှါ ခွင့်ပြုတော်မူ၏ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
(ခ) ''အကြင်ဘိက္ခုနီမသည် ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ အရံတွင်းသို့ ဝင်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ဘိက္ခုနီမတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၁၀၂၃။ ထိုစဉ်အခါ ရဟန်းတို့သည် ထိုကျောင်းမှ ဖဲသွားပြီးနောက် ထိုကျောင်းသို့ပင် တစ်ဖန် ပြန်လာကြကုန်၏။
ဘိက္ခုနီမတို့သည်
''အသျှင်ကောင်းတို့ ဖဲသွားကုန်ပြီ''ဟု မပန်ကြားဘဲ အရံတွင်းသို့ ဝင်ကုန်၏။
မြတ်စွာဘုရားသည် 'ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ အရံတွင်းသို့ မဝင်ရ'ဟု သိက္ခာပုဒ်ကို ပညတ်ထားတော်မူ၏။ သို့သော်လည်း ငါတို့သည် ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ အရံတွင်းသို့ ဝင်မိကြလေပြီ၊ အသို့နည်း ငါတို့အား ပါစိတ်အာပတ် သင့်သလော''ဟု ထိုဘိက္ခုနီမတို့ အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ကုန်၏။ပ။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို မိန့်တော်မူ၏။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၂၄။ ''အကြင် ဘိက္ခုနီမသည် သိလျက် ရဟန်းရှိသော အရံတွင်းသို့ မပန်ကြားဘဲ ဝင်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၂၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ သူတစ်ပါးတို့ကမူလည်း ထိုဘိက္ခုနီမအား ပြောကြားကုန်၏၊ ထိုရဟန်းတို့ကမူလည်း ပြောကြားကုန်၏။
ရဟန်း ရှိသော အရံတွင်း မည်သည် အကြင်အရံ၌ ရဟန်းတို့သည် သစ်ပင်ရင်း၌သော်လည်း နေကုန်၏၊ (ထိုအရပ်တည်း)။
မပန်ကြားဘဲ အရံတွင်းသို့ ဝင်ငြားအံ့ဟူသည် ရဟန်းကိုဖြစ်စေ သာမဏေကိုဖြစ်စေ အရံစောင့် ကိုဖြစ်စေ မပန်ကြားဘဲ အရံရှိသော ကျောင်း၏ အရံအတားကို လွန်စေသော ဘိက္ခုနီမအား ပါစိတ်အာပတ် သင့်၏။
အရံမရှိသော ကျောင်း၏ ဥပစာသို့ သက်သော ဘိက္ခုနီမအား ပါစိတ်အာပတ် သင့်၏။
၁၀၂၆။ ရဟန်းရှိသော အရံတွင်း၌ ရဟန်းရှိသော အရံတွင်းဟု အမှတ်ရှိသည်ဖြစ်၍ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ အရံတွင်းသို့ ဝင်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းရှိသော အရံတွင်း၌ ယုံမှားရှိသည်ဖြစ်၍ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ အရံတွင်း သို့ ဝင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းရှိသော အရံတွင်း၌ ရဟန်းမရှိဟု အမှတ်ရှိသည်ဖြစ်၍ ထင်ရှားရှိသော ရဟန်းကို မပန်ကြား ဘဲ အရံတွင်းသို့ ဝင်အံ့၊ အာပတ် မသင့်။
ရဟန်းမရှိသော အရံ၌ ရဟန်း ရှိ၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမရှိသော အရံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမရှိသော အရံ၌ ရဟန်းမရှိဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၀၂၇။ ထင်ရှားရှိသော ရဟန်းကို ပန်ကြား၍ ဝင်အံ့၊ ရဟန်း ထင်ရှားမရှိသောကြောင့် မပန်ကြားဘဲ ဝင်အံ့၊ ရှေးဦးဝင်နှင့်သော ဘိက္ခုနီမတို့၏ ခေါင်းဆောင်မှုကို ကြည့်ရှု၍၁ ဝင်သွားအံ့၊ ဘိက္ခုနီမတို့ စည်းဝေးနေရာ အရပ်သို့ သွားအံ့၊ အရံဖြင့် (ဖြတ်သန်းသွားရသော) လမ်းခရီးဖြစ်အံ့၊ အာပတ် မသင့်။
နာဖျားသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။
ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပဌမသိက္ခာပုဒ် ပြီး၏။
၁။ သီသာနုလောကိကာတိ ပဋ္ဌမံ ပဝိသန္တီနံ ဘိက္ခုနီနံ သီသံ အနုလောကေန္တီ ပဝိသတိ၊ အနာပတ္တိ (အဋ္ဌကထာ)
၁၀၂၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝေသာလိပြည် မဟာဝုန်တော ပြာသာဒ်ဆောင် ပေါက်သော ကျောင်းကြီး၌ သီတင်းသုံးနေတော်မူသောအခါ အသျှင်ဥပါလိ၏ ဥပဇ္ဈာယ်ဆရာဖြစ်သော အသျှင်ကပ္ပိတကသည် သင်းချိုင်း၌ နေ၏။
ထိုစဉ်အခါ၌ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့တွင် သီတင်းကြီးဖြစ်သော ဘိက္ခုနီမသည် ကွယ်လွန်လေ၏။
ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် ထိုဘိက္ခုနီမ (ရုပ်အလောင်း) ကို ယူဆောင်၍ အသျှင်ကပ္ပိတက၏ ကျောင်းအနီး၌ မီးသြင်္ဂိုဟ်၍ စေတီပြုလုပ်ပြီးနောက် ထိုစေတီသို့ သွား၍ ငိုကြကုန်၏။
ထိုအခါ အသျှင်ကပ္ပိတကသည် ထိုငိုသံနှိပ်စက်သဖြင့် စေတီကို ဖျက်ဆီး၍ ကစဉ့်ကရဲ ဖြန့်ကြဲ ထားလေ၏။
ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ''ဤကပ္ပိတကသည် ငါတို့ အသျှင်မ၏ စေတီကို ဖျက်ဆီး၏၊ ယခုပင်လျှင် ထိုကပ္ပိတကကို သတ်ကြစို့''ဟု တိုင်ပင်ကြကုန်၏။
ဘိက္ခုနီမတစ်ပါးက အသျှင်ဥပါလိအား ဤအကြောင်းကို လျှောက်၏။
အသျှင်ဥပါလိသည် အသျှင်ကပ္ပိတကအား ဤအကြောင်းကို လျှောက်၏။
ထိုအခါ အသျှင်ကပ္ပိတကသည် ကျောင်းမှ ထွက်၍ တိမ်းရှောင်ပုန်းကွယ်နေရလေ၏။
ထို့နောက် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် အသျှင်ကပ္ပိတက၏ ကျောင်းသို့ ချဉ်းကပ်ကြပြီးလျှင် အသျှင်ကပ္ပိတက၏ ကျောင်း ကို ကျောက်ခဲ မြေစိုင်ခဲတို့ဖြင့် လွှမ်းဖိစေ၍ ''ကပ္ပိတကသည် သေလေပြီ''ဟု ထင်မှတ်ကာ ဖဲသွားကုန်၏။
ထို့နောက် အသျှင်ကပ္ပိတကသည် ထိုညဉ့်လွန်သော နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူပြီးလျှင် ဝေသာလီပြည်သို့ ဆွမ်းခံဝင်လေ၏။
ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် အသျှင်ကပ္ပိတက ဆွမ်းခံလှည့်လည်နေသည်ကို မြင်၍ ''ဤကပ္ပိတကသည် အသက်ရှင်နေသေး၏၊ အဘယ်သူသည် ငါတို့၏ တိုင်ပင်ချက်ကို ဖျက်ဆီးလေသနည်း''ဟု ပြောဆိုကုန်၏။
ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ''အသျှင်ဥပါလိမထေရ် သည် ငါတို့၏ တိုင်ပင်ချက်ကို ဖျက်ဆီးလေသတတ်''ဟု ကြားကုန်၏။
ထိုဘိက္ခုနီမတို့သည် အသျှင်ဥပါလိမထေရ်ကို ''ဖန်ရည်စွန်းသော ဆတ္တာသည်တို့၏ အဝတ်ကို ဝတ်၍့အညစ်အကြေးကို သုတ်သင်ပေးရသည့် ဤဇာတ်ညံ့သူ (ဥပါလိ) သည် အဘယ့်ကြောင့် ငါတို့၏ တိုင်ပင်ချက်ကို ဖျက်ဆီးလေဘိသနည်း''ဟု ဆဲရေးကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် အသျှင်ဥပါလိကို ဆဲရေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ဥပါလိကို ဆဲရေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် ဥပါလိကို ဆဲရေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၂၉။ ''အကြင် ဘိက္ခုနီမသည် ရဟန်းကို ဆဲရေးမူလည်း ဆဲရေးငြားအံ့၊ ခြိမ်းချောက်မူလည်း ခြိမ်းခြောက်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၃၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ရဟန်းကိုဟူသည် ပဉ္စင်းဖြစ်သော သူကို။
ဆဲရေးငြားအံ့ဟူသည် ဆဲရေးခြင်း အကြောင်းဆယ်မျိုးတို့ဖြင့်သော်လည်း ဆဲရေးအံ့၊ ထိုဆဲရေးခြင်း ဆယ်မျိုးတို့တွင် တစ်မျိုးမျိုးဖြင့်သော်လည်း ဆဲရေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ခြိမ်းခြောက်ငြားအံ့ဟူသည် ဘေးကို ပြအံ့၊ ပါစိတ်အာပတ် သင့်၏။
၁၀၃၁။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ ဆဲရေးမူလည်း ဆဲရေးအံ့၊ ခြိမ်းခြောက်မူလည်း ခြိမ်းခြောက်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ ဆဲရေးမူလည်း ဆဲရေးအံ့၊ ခြိမ်းခြောက်မူလည်း ခြိမ်းခြောက်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ဆဲရေးမူလည်း ဆဲရေးအံ့၊ ခြိမ်းခြောက်မူလည်း ခြိမ်းခြောက်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူကို ဆဲရေးမူလည်း ဆဲရေးအံ့၊ ခြိမ်းခြောက်မူလည်း ခြိမ်းခြောက်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူ၌ ရဟန်းမဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၁၀၃၂။ အနက်ကို ရှေးရှုသော ဘိက္ခုနီမ၊ ပါဠိကို ရှေးရှုသော ဘိက္ခုနီမ၊ အဆုံးအမကို ရှေးရှုသော ဘိက္ခုနီမ၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒုတိယသိက္ခာပုဒ် ပြီး၏။
၁၀၃၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသော အခါ
စဏ္ဍကာဠီဘိက္ခုနီမသည် ခိုက်ရန်ဖြစ်တတ်၏၊ ငြင်းခုံရန်ပွါး ဆန့်ကျင်ဘက်စကားကို ဆိုတတ်သည့်ပြင် စကားများ၍ သံဃာ့အဓိကရုဏ်းကိုလည်း ပြုတတ်၏၊
ထုလ္လနန္ဒာဘိက္ခုနီမသည် ထိုဘိက္ခုနီမအား ကံပြုသည်ရှိသော် ကန့်ကွက်တားမြစ်၏။
ထိုစဉ်အခါ၌ ထုလ္လနန္ဒာဘိက္ခုနီမသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် ရွာငယ်သို့ သွားခိုက်
ဘိက္ခုနီသံဃာသည်
''ထုလ္လနန္ဒာဘိက္ခုနီမ ဖဲသွားပြီ''ဟု စဏ္ဍကာဠီဘိက္ခုနီမအား အာပတ်ကို မရှုခြင်း ကြောင့် နှင်ထုတ်၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် ရွာငယ်၌ ထိုပြုဖွယ်ကိစ္စကို ပြီးဆုံးစေပြီးလျှင် တစ်ဖန် သာဝတ္ထိပြည်သို့ ပြန်လာ၏။
စဏ္ဍကာဠီဘိက္ခုနီမသည် ပြန်လာသော ထုလ္လနန္ဒာဘိက္ခုနီမအား နေရာကို မခင်းပေး၊ ခြေဆေး ရေ ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်းကိုလည်း အနီး၌ ယူမထား၊
ခရီးဦးကြိုဆို၍ သပိတ်သင်္ကန်း ကိုလည်း လှမ်းမယူ၊ သောက်ရေဖြင့်လည်း မမေးမြန်း 'သောက်ရေကိုလည်း မဆက်ကပ်'။
ထုလ္လနန္ဒာဘိက္ခုနီမသည် စဏ္ဍကာဠီဘိက္ခုနီအား-
''အသျှင်မ သင်သည် ငါလာနေပါလျက် အဘယ့်ကြောင့် နေရာကို မခင်းပါသနည်း၊ ခြေဆေးရေ ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်းကို မထားပါသနည်း၊
ခရီးဦးကြိုဆို၍ သပိတ်သင်္ကန်းကိုလည်း လှမ်းမယူပါသနည်း၊ သောက်ရေဖြင့် မမေးမြန်းပါသနည်း၊ 'သောက်ရေကိုလည်း မဆက်ကပ်ပါသနည်း'ဟု မေး၏။
အသျှင်မ အကျွန်ုပ်မှာ ကိုးကွယ်ရာမဲ့ဘို့ရန် အကြောင်းဖြစ်လျက် ရှိပါ၏ဟု (လျှောက်၏)။
အသျှင်မ သင်သည် အဘယ့်ကြောင့် ကိုးကွယ်ရာမဲ့ ဖြစ်ရပါသနည်းဟု (မေး၏)။
အသျှင်မ အကျွန်ုပ်အား ဤဘိက္ခုနီမတို့က
''ဤစဏ္ဍကာဠီသည် ကိုးကွယ်ရာမရှိ၊ ထင်ရှားသူ မဟုတ်၊ စဏ္ဍကာဠီအတွက် တားမြစ်ကန့်ကွက်မည့် ဘိက္ခုနီမသည် တစ်စုံတစ်ယောက်မျှ မရှိတော့ပြီ''ဟု (နှလုံးသွင်း၍) အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်ပါကုန်ဟု (ပြောဆို၏)။
ထုလ္လနန္ဒာဘိက္ခုနီမက
''ထိုဘိက္ခုနီမတို့သည် မိုက်မဲကုန်၏၊ ထိုဘိက္ခုနီမတို့သည် မလိမ္မာကုန်၊ ထိုဘိက္ခုနီမတို့သည် ကံကိုလည်းကောင်း၊ ကံ၏အပြစ်ကိုလည်းကောင်း၊ ကံ၏ပျက်စီးခြင်းကိုလည်းကောင်း၊ ကံ၏ပြည့်စုံခြင်းကိုလည်းကောင်း မသိကြကုန်''ဟု ဂိုဏ်းကို ကြမ်းတမ်းစွာ ရေရွတ်ပြောဆို၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ဂိုဏ်းကို ကြမ်းတမ်း စွာ ရေရွတ်ပြောဆိုဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ဂိုဏ်းကို ကြမ်းတမ်းစွာ ရေရွတ်ပြောဆို၏ဟူသည် မှန်သ လော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ဂိုဏ်းကို ကြမ်းတမ်းစွာ ရေရွတ်ပြောဆိုဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၃၄။ ''အကြင် ဘိက္ခုနီမသည် ကြမ်းတမ်းစွာ ဂိုဏ်းကို ရေရွတ် ပြောဆိုငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၃၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ကြမ်းတမ်းစွာ မည်သည် အမျက်ထွက်ခြင်းကို ဆိုလိုသည်။
ဂိုဏ်း မည်သည် ဘိက္ခုနီမသံဃာကို ဆိုလို၏။
ရေရွတ်ငြားအံ့ဟူသည် ''ထိုဘိက္ခုနီမတို့သည် မိုက်ကုန်၏၊ မလိမ္မာကုန်၊ ထိုဘိက္ခုနီမတို့သည် ကံကိုလည်းကောင်း၊ ကံ၏အပြစ်ကိုလည်းကောင်း၊ ကံ၏ပျက်စီးခြင်းကိုလည်းကောင်း၊ ကံ၏ပြည့်စုံခြင်း ကိုလည်းကောင်း မသိကြကုန်''ဟု ရေရွတ်အံ့၊ ပါစိတ်အာပတ် သင့်၏။
များစွာသော ဘိက္ခုနီမတို့ကိုသော်လည်းကောင်း၊ တစ်ယောက်သော ဘိက္ခုနီမကိုသော်လည်းကောင်း၊ လူသာမဏေကိုသော်လည်းကောင်း ရေရွတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၁၀၃၆။ အနက်ကို ရှေးရှုသော ဘိက္ခုနီမ၊ ပါဠိကို ရှေးရှုသော ဘိက္ခုနီမ၊ ဆုံးမခြင်းကို ရှေးရှုသော ဘိက္ခုနီမ၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦးလွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
တတိယသိက္ခာပုဒ် ပြီး၏။
၁၀၃၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ပုဏ္ဏားတစ်ယောက်သည် ဘိက္ခုနီမတို့ကို ပင့်ဖိတ်၍ ဆွမ်းကျွေး၏။
ဘိက္ခုနီမတို့သည် ဆွမ်းစားစဉ် 'တော်ပြီ တန်ပြီ'ဟု တားမြစ်၍ (အခြား) ဒါယကာတို့ အိမ်သို့ သွားပြီးလျှင် အချို့က စား၍ အချို့က ဆွမ်းကို ယူသွားကုန်၏။
ထို့နောက် ပုဏ္ဏားသည် ''အမောင်တို့ အကျွန်ုပ်သည် ဘိက္ခုနီမတို့ကို (ဆွမ်းဖြင့်) ရောင့်ရဲစေပါပြီ၊ လာကြကုန်လော့၊ သင်တို့ကိုလည်း (ကျွေးမွေး) ရောင့်ရဲစေအံ့''ဟု အိမ်နီးချင်းတို့အား ပြောဆို၏၊ ထိုအိမ်နီးချင်းတို့သည်-
''ပုဏ္ဏား သင်သည် အဘယ်သို့လျှင် အကျွန်ုပ်တို့ကို ရောင့်ရဲစေအံ့နည်း၊ သင်ပင့်ဖိတ်ထားသော ဘိက္ခုနီမတို့သည်ပင် ငါတို့၏ အိမ်သို့လာပြီးလျှင် အချို့က စား၍ အချို့က ဆွမ်းကို ယူသွားကုန်၏''ဟု ပြောဆိုကုန်၏။
ထိုအခါ ထိုပုဏ္ဏားသည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ငါတို့၏အိမ်၌ စားပြီးဖြစ်လျက် အခြားအိမ်၌ စားကြကုန်ဘိသနည်း။ ငါသည်လည်း အလိုရှိသလောက် ပေးလှူခြင်းငှါ မစွမ်းနိုင် သလော''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုသော ပုဏ္ဏား၏ စကားကို ကြားကြသည်သာ တည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ဆွမ်းစားစဉ် 'တော်ပြီ တန်ပြီ'ဟု မြစ်၍ အခြားအိမ်၌ စားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် ဆွမ်းစားစဉ် 'တော်ပြီ တန်ပြီ'ဟု မြစ်၍ အခြားအိမ်၌ စားကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် ဆွမ်းစားစဉ် 'တော်ပြီ တန်ပြီ'ဟု မြစ်၍ အခြားအိမ်၌ စားကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၃၈။ ''အကြင် ဘိက္ခုနီမသည် ပင့်ဖိတ်ထားပြီးမှလည်းကောင်း၊ 'တော်ပြီ တန်ပြီ'ဟု တားမြစ်ပြီးမှလည်းကောင်း ခဲဖွယ်ကိုဖြစ်စေ ဘောဇဉ်ကိုဖြစ်စေ ခဲမူလည်း ခဲငြားအံ့၊ စားမူလည်းစားငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော် မူ၏)။
၁၀၃၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ပင့်ဖိတ်ထားပြီး မည်သည် ဘောဇဉ်ငါးပါးတို့တွင် တစ်ပါးပါးသော ဘောဇဉ်ဖြင့် ပင့်ဖိတ်ခြင်း တည်း။
မြစ်ပယ်ထားပြီး မည်သည် စားဆဲသည် ထင်ရှား၏၊ ဘောဇဉ်သည် ထင်ရှား၏၊ ဘိက္ခုနီမ၏ နှစ်တောင့်ထွာ (ဟတ္ထပါသ်) အတွင်း၌ ရပ်တည်၏၊ ရှေးရှုဆောင်၏၊ မြစ်ပယ်ခြင်းသည် ထင်ရှား၏။
ခဲဖွယ် မည်သည် ဘောဇဉ်ငါးပါးတို့ကိုလည်းကောင်း၊ ယာဂုကိုလည်းကောင်း၊ ယာမကာလိက သတ္တာဟကာလိက ယာဝဇီဝိကကိုလည်းကောင်း ထား၍ အကြွင်းသည် ခဲဖွယ်မည်၏။
ဘောဇဉ် မည်သည် ထမင်း၊ မုယောမုန့်၊ မုန့်လုံး၊ ငါး၊ အမဲဟင်းလျာဟူသော ဤဘောဇဉ်ငါးပါတို့ တည်း။
''ခဲမည် စားမည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ် သင့်၏။
၁၀၄၀။ ပင့်ဖိတ်ထားပြီးသည်၌ ပင့်ဖိတ်ထားပြီးဟု အမှတ်ရှိသည်ဖြစ်၍ ခဲဖွယ်ဘောဇဉ်ကို ခဲမူလည်း ခဲအံ့ စားမူလည်း စားအံ့၊ ပါစိတ်အာပတ် သင့်၏။
ပင့်ဖိတ်ထားပြီးသည်၌ ယုံမှားရှိသည်ဖြစ်၍ ခဲဖွယ်ဘောဇဉ်ကို ခဲမူလည်း ခဲအံ့ စားမူလည်း စားအံ့၊ ပါစိတ်အာပတ် သင့်၏။
ပင့်ဖိတ်ထားပြီးသည်၌ မပင့်ဖိတ်ရသေးဟု အမှတ်ရှိသည်ဖြစ်၍ ခဲဖွယ်ဘောဇဉ်ကို ခဲမူလည်း ခဲအံ့ စားမူလည်း စားအံ့၊ ပါစိတ်အာပတ် သင့်၏။
ယာမကာလိက သတ္တာဟကာလိက ယာဝဇီဝိကတို့ကို အာဟာရအလို့ငှါ ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
၁၀၄၁။ ပင့်ဖိတ်ထားသည်ဖြစ်၍ ပဝါရိတ်မသင့်ဘဲ 'မတားမြစ်ဘဲ' ယာဂုကို သောက်အံ့၊ ပင့်ဖိတ်သူ ဥစ္စာရှင်တို့ကို ပန်ကြား၍ စားအံ့၊ ယာမကာလိက သတ္တာဟကာလိက ယာဝဇီဝိကတို့ကို အကြောင်းရှိခဲ့ သော် စားအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
စတုတ္ထသိက္ခာပုဒ် ပြီး၏။
၁၀၄၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတစ်ပါးသည် သာဝတ္ထိပြည် ခရီးလမ်းဆုံ တစ်ခု၌ ဆွမ်းအလို့ငှါ လှည့်လည်သည်ရှိသော် ဒါယကာတစ်ဦး၏ အိမ်သို့ ချဉ်းကပ်ပြီးလျှင်
ခင်းထားသော နေရာ၌ ထိုင်နေ၏။
ထိုအခါ ထိုလူတို့သည် ထိုဘိက္ခုနီမကို ဆွမ်းကျွေးပြီးလျှင်
''အသျှင်မ အခြား ဘိက္ခုနီမတို့လည်း လာကြပါစေ''ဟု ပြောဆိုကုန်၏။
ထိုအခါ ထိုဘိက္ခုနီမက ''အဘယ်သို့လျှင် (အခြား) ဘိက္ခုနီမတို့သည် မလာကုန်ရာအံ့နည်း''ဟု (ကြံစည်၍) ဘိက္ခုနီမတို့ထံသို့ ချဉ်းကပ်ပြီးလျှင်
''အသျှင်မတို့ ဤမည်သော အရပ်၌ ခွေးတို့သည် ဆိုးကုန်၏၊ နွားလားသည် ကြမ်းတမ်း၏၊ ရွှံ့ညွန်ထူထပ်သော အရပ်လည်း ဖြစ်၏၊
ထိုအရပ်သို့ မသွား ကြကုန်လင့်''ဟု (ပြောဆို၏)။
ဘိက္ခုနီမတစ်ပါးသည်လည်း ထိုခရီးလမ်းဆုံ၌ပင် ဆွမ်းခံလှည့်လည်သည်ရှိသော် ထိုဒါယကာအိမ်သို့ချဉ်းကပ်ပြီးလျှင်
ခင်းထားသော နေရာ၌ ထိုင်နေ၏။
ထိုအခါ လူတို့သည် ဘိက္ခုနီမကို ဆွမ်းကျွေး ပြီးနောက်-
''အသျှင်မ အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် မလာကုန်သနည်း''ဟု မေးသဖြင့်
ဤအကြောင်းကို ထိုလူတို့အား ပြောကြား၏။
လူတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် ဒါယကာ၌ ဝန်တိုသူ ဖြစ်လေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမသည် ဒါယကာ၌ ဝန်တို၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော် မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ သည် ဒါယကာ၌ ဝန်တိုဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေး သော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၄၃။ ''အကြင် ဘိက္ခုနီမသည် အမျိုး 'ဒါယကာ' ၌ ဝန်တိုသူ ဖြစ်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၄၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အမျိုး 'ဒါယကာ' မည်သည် မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ သူဆင်းရဲဟူ၍ အမျိုး 'ဒါယကာ' လေးမျိုး ရှိ၏။
ဝန်တိုသူ ဖြစ်ငြားအံ့ဟူသည် ''အဘယ်သို့လျှင် (အခြား) ဘိက္ခုနီမတို့သည် မလာကုန်ရာ အံ့နည်း''ဟု (ကြံစည်၍) ဘိက္ခုနီမတို့၏ အထံ၌ ဒါယကာ၏ ဂုဏ်မဲ့ကို ပြောဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။
ဒါယကာထံ၌လည်း ဘိက္ခုနီမတို့၏ ဂုဏ်မဲ့ကို ပြောဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။
၁၀၄၅။ ဒါယကာ၌ ဝန်တိုခြင်း မရှိဘဲ ထင်ရှားရှိသော အပြစ်ကိုသာလျှင် ပြောကြားအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပဉ္စမသိက္ခာပုဒ် ပြီး၏။
၁၀၄၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
များစွာသော ဘိက္ခုနီမတို့သည် ရွာကျောင်း၌ ဝါမှ ထကုန်ပြီးနောက် သာဝတ္ထိပြည်သို့ သွားကုန်၏။
ဘိက္ခုနီမတို့က ''အသျှင်မတို့သည် အဘယ်အရပ်၌ ဝါမှ ထကုန်သနည်း၊ အဆုံးအမဩဝါဒသည် ပြည့်စုံပါ၏လော''ဟု ထိုဘိက္ခုနီမတို့အား မေးကုန်၏။
အသျှင်မတို့ ထိုအရပ်၌ ရဟန်းမရှိပါ၊
အဘယ်မှာ အဆုံးအမပြည့်စုံပါအံ့နည်းဟု (ဆိုကုန်၏)။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ရဟန်းမရှိသော ကျောင်း၌ ဝါကပ်နေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် ရဟန်းမရှိသော ကျောင်း၌ ဝါကပ်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ့တို့သည် ရဟန်းမရှိသော ကျောင်း၌ ဝါကပ်နေကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၄၇။ ''အကြင် ဘိက္ခုနီမသည် (ယူဇနာခွဲအတွင်း) ရဟန်းမရှိသော ကျောင်း၌ ဝါကပ်နေငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၄၈။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ရဟန်းမရှိသောကျောင်း မည်သည် အဆုံးအမခံခြင်းငှါလည်းကောင်း၊ ဥပုသ်မေးခြင်းစသော သံဝါသ အကျိုးငှါလည်းကောင်း သွားရန် မစွမ်းနိုင်။
''ဝါကပ်နေအံ့''ဟု နှလုံးသွင်း၍ အိပ်ရာနေရာကို ခင်းအံ့၊ သောက်ရေ သုံးရေကို တည်ထားအံ့၊ ပရိဝုဏ်ကို တံမြက်လှည်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အရုဏ်တက်သည်နှင့် တစ်ပြိုင်နက် ပါစိတ်အာပတ် သင့်၏။
၁၀၄၉။ ဘိက္ခုနီမ ဝါကပ်ပြီးမှ ရဟန်းတို့သည် အရပ်တစ်ပါးသို့ ဖဲသွားကုန်အံ့၊ လူထွက်ကုန်အံ့၊ သေကျေ ပျက်စီးကုန်အံ့၊ တိတ္ထိကျောင်းသို့ ပြောင်းရွှေ့နေထိုင်ကုန်အံ့၊ အာပတ် မသင့်။ ဘေးရန်တို့ ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌသိက္ခာပုဒ် ပြီး၏။
၁၀၅၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
များစွာသော ဘိက္ခုနီမတို့သည် ရွာကျောင်း၌ ဝါမှထပြီးနောက် သာဝတ္ထိပြည်သို့ သွားကုန်၏။
ဘိက္ခုနီမတို့က ထိုဘိက္ခုနီမတို့အား ''အသျှင်မတို့သည် အဘယ်အရပ်၌ ဝါမှထကုန်သနည်း၊ ရဟန်းသံဃာကို ဖိတ်ကြားထားပါပြီလော''ဟု မေးသဖြင့်
အသျှင်မတို့ အကျွန်ုပ်တို့သည် ရဟန်းသံဃာကို ဖိတ်ကြားမထားပါကုန်ဟု ပြောဆိုကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ဝါမှထပြီးကုန်သည် ရှိသော် ရဟန်းသံဃာကို ဖိတ်ကြားမထားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် ဝါမှထသည်ရှိသော် ရဟန်းသံဃာကို ဖိတ်ကြားမထားကုန်ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် ဝါမှထသည်ရှိသော် ရဟန်းသံဃာကို ဖိတ်ကြားမထားကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၅၁။ ''အကြင် ဘိက္ခုနီမသည် ဝါမှထသည် ရှိသော် နှစ်ဖက်သံဃာ၌ မြင်ခြင်း, ကြားခြင်း, ယုံမှားခြင်း ဤအကြောင်းသုံးပါးတို့ဖြင့် မဖိတ်ကြားငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၅၂။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ဝါမှထသည် ရှိသော် မည်သည် ပုရိမဝါ သို့မဟုတ် ပစ္ဆိမဝါသုံးလပတ်လုံး နေပြီးသော်
''နှစ်ဖက်သံဃာ၌ မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားခြင်း ဤအကြောင်းသုံးပါးတို့ဖြင့် မဖိတ်တော့အံ့''ဟု ဝန်ချကာမျှ၌ ပါစိတ်အာပတ် သင့်၏။
၁၀၅၃။ အန္တရာယ်ရှိအံ့၊ အဖော်ဘိက္ခုနီမကို ရှာ၍ မရအံ့၊ အာပတ် မသင့်။ နာဖျားသော ဘိက္ခုနီမအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျုးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
သတ္တမသိက္ခာပုဒ် ပြီး၏။
၁၀၅၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီမကျောင်းသို့ သွား၍ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ကို ဆုံးမကုန်၏။
ဘိက္ခုနီမတို့သည် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ကို ''အသျှင်မတို့ လာကုန်လော့၊ အဆုံးအမခံယူရာ အရပ်သို့ သွားကုန်အံ့''ဟု ပြောဆိုကုန်၏။
အသျှင်မတို့ အဆုံးအမခံယူရန်အတွက် အကျွန်ုပ်တို့ သွားကြရကုန်ရာ ၏။ (သို့ရာတွင်) အသျှင်ဆဗ္ဗဂ္ဂီရဟန်းတို့ ကိုယ်တိုင် ဤအရပ်သို့သာလျှင် လာရောက်၍ အကျွန်ုပ်တို့ကို ဆုံးမကြပါသည်ဟု (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့က) ပြောဆိုကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် အဆုံးအမခံယူရာ အရပ်သို့ မသွားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် အဆုံးအမခံယူရာအရပ်သို့ မသွားကုန်ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် အဆုံးအမခံယူရာအရပ်သို့ မသွားကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၅၅။ ''အကြင် ဘိက္ခုနီမသည် အဆုံးအမခံယူခြင်းငှါလည်းကောင်း၊ ဥပုသ် စသော သံဝါသအကျိုးငှါလည်းကောင်း မသွားငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၅၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အဆုံးအမ မည်သည် ဂရုဓံတရားရှစ်ပါးတို့တည်း။
သံဝါသ 'ပေါင်းဖော်ခြင်း' မည်သည် အတူတကွ ကံပြုမှု၊ အတူတကွ ပါတိမောက်ပြမှု၊ အတူတကွ ကျင့်ကြံနေထိုင်မှုတည်း။
''အဆုံးအမခံခြင်းငှါသော်လည်းကောင်း၊ (ဥပုသ်စသော) သံဝါသအကျိုးငှါသော်လည်းကောင်း မသွား တော့အံ့''ဟု ဝန်ချကာမျှ၌ ပါစိတ်အာပတ် သင့်၏။
၁၀၅၇။ အန္တရာယ် ရှိအံ့၊ အဖော်ဘိက္ခုနီမကို ရှာ၍ မရအံ့၊ အာပတ် မသင့်။ နာဖျားသော ဘိက္ခုနီမအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျုးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
အဋ္ဌမသိက္ခာပုဒ် ပြီး၏။
၁၀၅၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် ဥပုသ်နေ့ကိုလည်း မမေးကုန်၊ အဆုံးအမကိုလည်း မတောင်းကုန်၊
ရဟန်းတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ဥပုသ်နေ့ ကိုလည်း မမေးကုန်ဘိသနည်း၊ အဆုံးအမကိုလည်း မတောင်းကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမတို့သည် ''ဥပုသ်နေ့ကိုလည်း မမေးကုန်၊ အဆုံးအမကိုလည်း မတောင်းကုန်''ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် ဥပုသ်နေ့ကိုလည်း မမေးကုန်ဘိသနည်း၊ အဆုံးအမကိုလည်း မတောင်းကုန်ဘိသနည်း။
ရဟန်း တို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၅၉။ ''လခွဲတစ်ကြိမ် ဘိက္ခုနီမသည် ရဟန်းသံဃာမှ ဥပုသ်နေ့ မေးခြင်းကိုလည်းကောင်း၊ အဆုံးအမခံယူရန် ချဉ်းကပ် တောင်းပန်ခြင်းကိုလည်း ကောင်း ဤတရားနှစ်ပါးတို့ကို တောင့်တရမည်၊
ထိုလခွဲတစ်ကြိမ်ကို လွန်စေသော ဘိက္ခုနီမအား ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၆၀။ လခွဲတစ်ကြိမ်ဟူသည် ဥပုသ်နေ့တိုင်းတည်း။
ဥပုသ် မည်သည် စာတုဒ္ဒသီဥပုသ်၊ ပန္နရသီ 'လပြည့် လကွယ်'ဥပုသ်ဟူ၍ ဥပုသ်နှစ်ပါး ရှိကုန်၏။
အဆုံးအမ မည်သည် ဂရုဓံတရားရှစ်ပါးတို့တည်း။
''ဥပုသ်နေ့ကိုလည်း မမေးတော့အံ့၊ အဆုံးအမကိုလည်း မတောင်းတော့အံ့''ဟု ဝန်ချကာမျှ၌ ပါစိတ်အာပတ် သင့်၏။
၁၀၆၁။ အန္တရာယ်ရှိအံ့၊ အဖော်ဘိက္ခုနီမကို ရှာ၍ မရအံ့၊ အာပတ် မသင့်။ နာဖျားသော ဘိက္ခုနီမအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျုးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
နဝမသိက္ခာပုဒ် ပြီး၏။
၁၀၆၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတစ်ယောက်သည် အောက်ခက်မနှစ်ဖြာ 'ပေါင်ခြံ' ၌ ပေါက်သော အိုင်းအမာဖုကို ယောက်ျားနှင့်အတူ တစ်ယောက်ချင်းချင်း ဖောက်ခွဲစေ၏။
ထိုအခါ ထိုယောက်ျားသည် ဘိက္ခုနီမကို ဖျက်ဆီးစော်ကားခြင်းငှါ လုံ့လပြု၏၊
ထိုဘိက္ခုနီမသည် ဖောက်ပြန်သော အသံကို ပြုသဖြင့်
ဘိက္ခုနီမတို့သည် ပြေးလာကြကုန်ပြီးလျှင် ''အသျှင်မ သင်သည် အဘယ့်ကြောင့် ဖောက်ပြန်သော အသံကို ပြုဘိသနည်း''ဟု ထိုဘိက္ခုနီမကို မေးကုန်၏။
ထိုအခါ ထိုဘိက္ခုနီမသည် အခြားဘိက္ခုနီမတို့အား ဤအကြာင်းကို ပြောကြား၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် အောက်ခက်မနှစ်ဖြာ 'ပေါင်ခြံ' ၌ ပေါက်သော အိုင်း အမာဖုကို ယောက်ျားနှင့်အတူ တစ်ယောက်ချင်းချင်း ဖောက်ခွဲစေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမသည် အောက်ခက်မနှစ်ဖြာ 'ပေါင်ခြံ' ၌ ပေါက်သော အိုင်းအမာဖုကို ယောက်ျားနှင့် အတူ တစ်ယောက်ချင်းချင်း ဖောက်ခွဲစေ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်း တော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ သည် အောက်ခက်မနှစ်ဖြာ 'ပေါင်ခြံ'၌ ပေါက်သော အိုင်းအမာဖုကို ယောက်ျားနှင့်အတူ တစ်ယောက် ချင်းချင်း ဖောက်ခွဲစေဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၆၃။ ''အကြင် ဘိက္ခုနီမသည် အောက်ခက်မနှစ်ဖြာ 'ပေါင်ခြံ' ၌ ပေါက်သော အိုင်းအမာဖုကိုသော်လည်းကောင်း၊ သွေးစုနာကိုသော်လည်းကောင်း၊ သံဃာကို ဖြစ်စေ ဂိုဏ်းကို ဖြစ်စေ မပန်ကြားဘဲ ယောက်ျားနှင့်အတူ တစ်ယောက် ချင်းချင်း ခွဲမူလည်း ခွဲစေအံ့၊ ဖောက်မူလည်း ဖောက်စေအံ့၊ ဖန်ရေမူလည်း ဆေးစေအံ့၊ ဆေးမူလည်း လိမ်းစေအံ့၊ ကျပ်မူလည်း စည်းစေအံ့၊ (ကျပ်စည်း ထားသည်ကို) ဖြေမူလည်း ဖြေစေအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၆၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အောက်ခက်မနှစ်ဖြာ 'ပေါင်ခြံ' မည်သည် ချက်အောက် ပုဆစ်ဒူးဝန်း အထက်ဖြစ်သော အရပ်တည်း။
ပေါက်သောဟူသည် ထိုအရပ်၌ ဖြစ်ပေါ်လာသော အနာတည်း။
အိုင်းအမာ မည်သည် တစ်စုံတစ်ခုသော အိုင်းအမာတည်း။
သွေးစုနာ မည်သည် တစ်စုံတစ်ခုသော အနာတည်း။
မပန်ကြားဘဲဟူသည် မပြောကြားမူ၍။
သံဃာ မည်သည် ဘိက္ခုနီသံဃာကို ဆိုလို၏။
ဂိုဏ်း မည်သည် များစွာ (နှစ်ပါး သုံးပါး) သော ဘိက္ခုနီမတို့ကို ဆိုလို၏။
ယောက်ျား မည်သည် ဘီလူး (နတ်) ယောက်ျား မဟုတ်၊ ပြိတ္တာယောက်ျား မဟုတ်၊ တိရစ္ဆာန် ယောက်ျား မဟုတ်၊ သိကြားလိမ္မာ၍ ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော လူယောက်ျားတည်း။
အတူဟူသည် တစ်ပေါင်းတည်း။
တစ်ယောက်ချင်းချင်းဟူသည် ယောက်ျားသည်လည်းကောင်း၊ ဘိက္ခုနီမသည် လည်းကောင်း တည်း။
၁၀၆၅။ ''ခွဲပါလော့''ဟု စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ခွဲသည်ရှိသော် ပါစိတ်အာပတ် သင့်၏။
''ဖောက်ပါလော့''ဟု စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဖောက်သည်ရှိသော် ပါစိတ်အာပတ် သင့်၏။
''ဖန်ရေဆေးပါလော့''ဟု စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဖန်ရေဆေးသည်ရှိသော် ပါစိတ်အာပတ် သင့်၏။
''ဆေးလိမ်းပါလော့''ဟု စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဆေးလိမ်းကျံသည်ရှိသော် ပါစိတ်အာပတ် သင့်၏။
''ကျပ်စည်းပါလော့''ဟု စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကျပ်စည်းသည်ရှိသော် ပါစိတ်အာပတ် သင့်၏။
''ကျပ်စည်းထားသည်ကို ဖြေပါလော့''ဟု စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကျပ်စည်းထား သည်ကို ဖြေသည်ရှိသော် ပါစိတ်အာပတ် သင့်၏။
၁၀၆၆။ ပန်ကြား၍ ခွဲမူလည်း ခွဲစေအံ့၊ ဖောက်မူလည်း ဖောက်စေအံ့၊ ဖန်ရေမူလည်း ဆေးစေအံ့၊ ဆေးမူလည်း လိမ်းကျံစေအံ့၊ ကျပ်မူလည်း စည်းစေအံ့၊ ကျပ်စည်းထားသည်ကိုမူလည်း ဖြေစေအံ့၊ သိကြားလိမ္မာသူ အဖော်တစ်ဦးတစ်ယောက်သော်လည်း ရှိအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ် ပြီး၏။
ဆဋ္ဌအာရာမဝဂ် ပြီး၏။