၇၂၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမ၏ အနီးနေတပည့် ဘိက္ခုနီမ တို့သည် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ 'မကောင်းသတင်း' ယုတ်မာသော အသက်မွေးခြင်းရှိလျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် လူတို့နှင့်ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်းရှိလျက် ဘိက္ခုနီသံဃာ အား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမတို့သည် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်းရှိလျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ ဘိက္ခုနီမတို့သည် အဘယ့် ကြောင့် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်းရှိလျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့ အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၇၂၂။ ''ဘိက္ခုနီမတို့သည်သာလျှင် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်း ရှိလျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်၏၊
ထိုဘိက္ခုနီမတို့ကို အခြား ဘိက္ခုနီမတို့က 'ညီမ အစ်မတို့သည် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်းရှိလျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်၏၊ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာက ချီးမွမ်း၏'ဟု ပြောဆိုရာ၏။
ဤသို့လျှင် ထိုဘိက္ခုနီမတို့သည် အခြားသော ဘိက္ခုနီမတို့က့ပြောဆိုအပ်ပါလျက် ရှေးနည်း အတူသာလျှင် ချီးမြှောက်ပြောဆိုကုန်ငြားအံ့၊ ထိုဘိက္ခုနီမတို့ကို အခြား ဘိက္ခုနီမ တို့က သုံးကြိမ်တိုင်အောင် ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမရမည်၊
သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမအပ်သော် ထိုအယူကို အကယ်၍ စွန့်ကုန်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊
အကယ်၍ မစွန့်ကုန်အံ့၊ ဤဘိက္ခုနီမတို့သည်လည်း သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာ ဖြင့် ဆိုဆုံးမသည်၏ အဆုံး၌ သင့်သည်ဖြစ်၍ (သံဃာမှ) နှင်ထုတ်စေတတ်သော သံဃာဒိသိသ် အာပတ်သို့ ရောက်ကုန်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၇၂၃။ ဘိက္ခုနီမတို့သည်သာလျှင်ဟူသည် ပဉ္စင်းဖြစ်သော ဘိက္ခုနီမတို့ကို ဆိုအပ်ကုန်၏။
လူတို့နှင့်ရောနှောကာ နေကုန်၏ဟူရာ၌ ရောနှောခြင်း မည်သည် ရဟန်းတို့အား မလျောက်ပတ်သော ကိုယ်မှု နှုတ်မှုဖြင့် ရောနှော၍ နေကုန်၏။
ယုတ်မာသော အကျင့် ရှိလျက်ဟူသည် ယုတ်မာသော အကျင့်နှင့် ပြည့်စုံကုန်၏။
ယုတ်မာသော ကျော်စောသံ ရှိလျက်ဟူသည် ယုတ်မာသော ကျော်စောသံဖြင့် 'မကောင်းသတင်း' ဖြင့် ပျံ့နှံ့ ကျော်ကြားကုန်၏။
ယုတ်မာသော အသက်မွေးခြင်း ရှိလျက်ဟူသည် ယုတ်မာသော မှားသော အသက်မွေးခြင်းဖြင့် အသက်မွေးခြင်းကို ပြုကုန်၏။
ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင်ဟူသည် အချင်းချင်း၏ ကံကို ပြုသည်ရှိသော် တားမြစ် ကန့်ကွက်ကုန်၏။
အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက်ဟူသည် အချင်းချင်း၏ အပြစ်ကို ဖုံးလွှမ်းကုန်၏။
ထိုဘိက္ခုနီမတို့ကိုဟူသည် လူတို့နှင့်ရောနှော၍ နေသော ဘိက္ခုနီမတို့ကို။
ဘိက္ခုနီမတို့ကဟူသည် အခြားသော ဘိက္ခုနီမတို့သည်။
မြင်ကုန် ကြားကုန်သော ဘိက္ခုနီမတို့က ''ညီမ အစ်မတို့သည် လူတို့နှင့် ရောနှောကာ ယုတ်မာ သော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်းရှိလျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်၏၊ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာက ချီးမွမ်း၏''ဟု ပြောဆိုဆုံးမရမည်။
နှစ်ကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်၊
သုံးကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။
အကယ်၍ အယူကို စွန့်ကုန်အံ့၊ ဤသို့စွန့်ခြင်းသည် ကောင်း၏၊
အကယ်၍ အယူကို မစွန့်ကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကြား၍ မပြောမဆိုကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုဘိက္ခုနီမတို့ကို သံဃာ့အလယ်သို့လည်း ဆွဲငင်၍ ''ညီမ အစ်မတို့သည် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်းရှိလျက် ဘိက္ခုနီ သံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်၏၊ အသျှင်မတို့ ဆိတ်ငြိမ်စွာ နေကုန်လော့၊ ညီမ အစ်မတို့၏ ဆိတ်ငြိမ်စွာ နေခြင်းကိုသာလျှင် သံဃာက ချီးမွမ်း၏''ဟု ပြောဆို ဆုံးမရမည်။
နှစ်ကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။
သုံးကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။
အကယ်၍ အယူကို စွန့်ကုန်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊
အကယ်၍ အယူကို မစွန့်ကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုဘိက္ခုနီမတို့ကို ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမရမည်။
ရဟန်းတို့ ဤသို့လျှင် ကောင်းစွာ ဆိုဆုံးမရမည်၊
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမ သည့်သံဃာကို သိစေရမည်။
၇၂၄။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည် ဤ မည်သော ဘိက္ခုနီမတို့သည် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်း ရှိလျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်း ချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်၏၊
ထိုဘိက္ခုနီမတို့သည် ထိုအယူကို မစွန့်ကုန်၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဤမည် ဤမည်သော ဘိက္ခုနီမတို့ကို ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည် ဤမည်သော ဘိက္ခုနီမတို့သည် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့် ယုတ်မာသော ကျော်စောသံ ယုတ်မာသော အသက်မွေးခြင်းရှိလျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်းအပြစ်ကို ဖုံးလွှမ်းလျက် နေကုန်၏၊
ထိုဘိက္ခုနီမတို့သည် ထိုအယူကို မစွန့်ကုန်၊
သံဃာသည် ဤမည် ဤမည်သော ဘိက္ခုနီမတို့ကို ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမ၏၊
ဤမည် ဤမည်သော ဘိက္ခုနီမတို့ကို ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမခြင်းကို အကြင်အသျှင်မအား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မသည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်မအား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်မသည် ပြောဆိုရာ၏။
နှစ်ကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။ သုံးကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။
သံဃာသည် ဤမည် ဤမည်သော ဘိက္ခုနီမတို့ကို ထိုအယူကို စွန့်စေခြင်းငှါ ဉတ် ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမအပ်ကုန်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။ ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ် သင့်၏။ ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ် သင့်၏။
သံဃာဒိသိသ်အာပတ် သင့်သော ဘိက္ခုနီမတို့အား ဉတ်၏ အဆုံး၌ သင့်သော ဒုက္ကဋ်၊ ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ သင့်သော ထုလ္လစ္စဉ်းအာပတ်တို့သည် ငြိမ်းကုန်၏။
နှစ်ယောက်သုံးယောက်သော ဘိက္ခုနီမတို့ကို တစ်ပြိုင်နက် ဆိုဆုံးမရမည်၊
ထို့ထက်ပိုလွန်သော ဘိက္ခုနီမတို့ကို မဆုံးမရ။
ဤဘိက္ခုနီမတို့သည်လည်းဟူသည် ရှေးအာပတ်သင့်သော ဘိက္ခုနီမတို့ကို ထောက်၍ ဆိုအပ်ကုန်၏။
သုံးကြိမ်တိုင်အောင်ဟူသည် သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမခြင်းကြောင့် သင့်ကုန်၏၊ ဝတ္ထုကို လွန်ကျူးသည်နှင့်တစ်ပြိုင်နက် သင့်သည် မဟုတ်ကုန်။
နှင်ထုတ်စေတတ်သောဟူသည် သံဃာမှ နှင်ထုတ်စေတတ်သော။
သံဃာဒိသိသ်ဟူသည်။ပ။ ထို့ကြောင့်လည်း သံဃာဒိသိသ်ဟူ၍ ဆိုအပ်၏။
၇၂၅။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ အယူကို မစွန့်ကုန်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ အယူကို မစွန့်ကုန်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ အယူကို မစွန့်ကုန်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၇၂၆။ ဉတ်ကမ္မဝါစာဖြင့် မဆိုမဆုံးမရသေးသော ဘိက္ခုနီမ၊ အယူကို စွန့်သော ဘိက္ခုနီမ၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒွါဒသမ သံဃာဒိသိသ်သိက္ခာပုဒ် ပြီး၏။