၈၁၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
မဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍
ရှိခိုးပြီးလျှင် လေအောက်၌ ရပ်တည်နေ၏။
''ဘုန်းတော်ကြီးသော မြတ်စွာဘုရား မိန်းမမည်သည်ကား အနံ့ဆိုး ရှိပါ၏''ဟု လျှောက်၏။
ထိုအခါ မြတ်စွာဘုရားသည်
''ဘိက္ခုနီမတို့သည် စင်ကြယ်အောင် ရေဖြင့် သန့်စင်ကြစေကုန်လော့''ဟု မိန့်တော်မူ၍ မဟာပဇာပတိဂေါတမီကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေပြီးသော်
ထိုမဟာပဇာပတိ ဂေါတမီသည် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။
ထိုအခါ မြတ်စွာဘုရားသည် ဤသို့သော အကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို
''ရဟန်းတို့ ဘိက္ခုနီမတို့အား စင်ကြယ်အောင် ရေဖြင့် သန့်စင်စေခြင်းငှါ ခွင့်ပြုတော် မူ၏''ဟု မိန့်တော်မူ၏။
ထိုစဉ်အခါ၌ ဘိက္ခုနီမတစ်ယောက်သည်
''မြတ်စွာဘုရားသည် စင်ကြယ်အောင် ရေဖြင့် သန့်စင် ခြင်းကို ခွင့်ပြုတော်မူ၏''ဟု အလွန်နက်စွာ စင်ကြယ်အောင် ရေဖြင့် သန့်စင်ခြင်းကြောင့် ကျင်ငယ်ပေါက် (မိန်းမကိုယ်) ၌ အနာဖြစ်လေ၏။
ထိုအခါ ထိုဘိက္ခုနီမသည် ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် အလွန်နက်စွာ စင်ကြယ်အောင် ရေဖြင့် သန့်စင်စေ ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမသည် အလွန်နက်စွာ စင်ကြယ်အောင် ရေဖြင့် သန့်စင်စေ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှေက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ သည် အလွန်နက်စွာ စင်ကြယ်အောင် ရေဖြင့် သန့်စင်စေဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၁၁။ ''စင်ကြယ်အောင် ရေဖြင့် သန့်စင်သော ဘိက္ခုနီမသည် လက် နှစ်ဆစ် အတိုင်းအရှည်ရှိသော အရပ်တိုင်ရုံသာ ဆေးရမည်၊
ထိုအတိုင်းအရှည်ကို လွန်စေသော ဘိက္ခုနီမအား ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၈၁၂။ စင်ကြယ်အောင် ရေဖြင့် သန့်စင်သောဟူသည် ကျင်ငယ်ပေါက် (မိန်းမကိုယ်) ကို ရေဆေး ခြင်းကို ဆိုရ၏။
သန့်စင်သော ဘိက္ခုနီမဟူသည် ရေဆေးခြင်းကို ပြုသော ဘိက္ခုနီမတည်း။
လက်နှစ်ဆစ်အတိုင်းအရှည်ရှိသော အရပ်တိုင်ရုံသာ ဆေးရမည်ဟူသည် လက်နှစ်ချောင်း တို့၌ လက်နှစ်ဆစ် အတိုင်းအရှည်ရှိသော အရပ်တိုင်ရုံသာ ဆေးရမည်။
ထိုအတိုင်းအရှည်ကို လွန်စေသော ဘိက္ခုနီမအားဟူသည် အတွေ့ကို သာယာနှစ်သက်၍ အယုတ် သဖြင့် တစ်ဆံချည်ဖျားမျှလည်း လွန်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
၈၁၃။ လက်နှစ်ဆစ်ထက် ပိုလွန်သည်၌ ပိုလွန်၏ဟု အမှတ်ရှိသည်ဖြစ်၍ ဆေးအံ့၊ ပါစိတ်အာပတ် သင့်၏။
လက်နှစ်ဆစ်ထက် ပိုလွန်သည်၌ ယုံမှားရှိသည်ဖြစ်၍ ဆေးအံ့၊ ပါစိတ်အာပတ် သင့်၏။
လက်နှစ်ဆစ်ထက် ပိုလွန်သည်၌ ယုတ်လျော့၏ဟု အမှတ်ရှိသည်ဖြစ်၍ ဆေးအံ့၊ ပါစိတ်အာပတ် သင့်၏။
လက်နှစ်ဆစ်အောက် ယုတ်လျော့သည်၌ လွန်၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
လက် နှစ်ဆစ်အောက် ယုတ်လျော့သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
လက်နှစ်ဆစ်အောက် ယုတ်လျော့ သည်၌ ယုတ်လျော့၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၈၁၄။ လက်နှစ်ဆစ်အောက် အတိုင်းအရှည်တိုင်ရုံသာ ဆေးအံ့၊ လက်နှစ်ဆစ် အတိုင်းအရှည်အောက် ယုတ်လျော့၍ ဆေးအံ့၊ အနာဟူသော အကြောင်းကြောင့် ဆေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပဉ္စမသိက္ခာပုဒ် ပြီး၏။