Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

4. Catutthasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၉၄၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် ဆင်းရဲနေသော အတူနေ ဘိက္ခုနီမကို မလုပ်ကျွေး မပြုစု၊ လုပ်ကျွေးပြုစုစေခြင်းငှါလည်း ကြောင့်ကြမစိုက်။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ဆင်းရဲနေသော အတူနေ ဘိက္ခုနီမကို ကိုယ်တိုင်လည်း မလုပ်ကျွေး မပြုစုဘိသနည်း၊ လုပ်ကျွေးပြုစုစေခြင်းငှါလည်း ကြောင့်ကြ မစိုက်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ဆင်းရဲနေသော အတူနေဘိက္ခုနီမကို မလုပ်ကျွေး၊ သူတစ်ပါး ကို လုပ်ကျွေးစေခြင်းငှါလည်း ကြောင့်ကြမစိုက်ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်း တော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ဆင်းရဲနေသော အတူနေ ဘိက္ခုနီမကို မလုပ်ကျွေး ဘိသနည်း၊ လုပ်ကျွေးစေခြင်းငှါလည်း ကြောင့်ကြ မစိုက်ဘိသနည်း။ ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေး သော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၄၇။ ''အကြင် ဘိက္ခုနီမသည် ဆင်းရဲနေသော အတူနေဘိက္ခုနီမကို မလုပ်ကျွေး၊ 'မပြုစု' ငြားအံ့၊ လုပ်ကျွေး 'ပြုစု'စေခြင်းငှါလည်း ကြောင့်ကြ မစိုက်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၄၈။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ဆင်းရဲနေသော မည်သည် နာဖျားသည်ကို ဆိုလို၏။
အတူနေ ဘိက္ခုနီမ မည်သည် အတူနေ တပည့်မကို ဆိုလို၏။
မလုပ်ကျွေး 'မပြုစု' ငြားအံ့ဟူသည် ကိုယ်တိုင် မလုပ်ကျွေး 'မပြုစု' ငြားအံ့။
လုပ်ကျွေးပြုစုစေခြင်းငှါလည်း ကြောင့်ကြ မစိုက်ငြားအံ့ဟူသည် အခြားသူကို မစေခိုင်း ငြားအံ့။
''ငါလည်း မလုပ်ကျွေး 'မပြုစု'၊ သူတစ်ပါးကိုလည်း လုပ်ကျွေး 'ပြုစု' စေခြင်းငှါ အားမထုတ် တော့အံ့''ဟု ဝန်ချကာမျှဖြင့် ပါစိတ်အာပတ် သင့်၏။
အနီးနေ တပည့်မကိုသော်လည်းကောင်း၊ လူသာမဏေကိုသော်လည်းကောင်း ကိုယ်တိုင် မလုပ်ကျွေး 'မပြုစု'အံ့၊ လုပ်ကျွေး 'ပြုစု' စေခြင်းငှါလည်း ကြောင့်ကြမစိုက်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၉၄၉။ အန္တရာယ်ရှိသော်လည်းကောင်း၊ လုပ်ကျွေး 'ပြုစု' သူကို ရှာဖွေမရသော်လည်းကောင်း အာပတ် မသင့်၊ နာဖျားသော ဘိက္ခုနီမအားလည်းကောင်း၊ ဘေးရန်တို့ကြောင့်လည်းကောင်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
စတုတ္ထသိက္ခာပုဒ် ပြီး၏။