၁၁၀၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် အတူနေတပည့်မကို ရဟန်းပြုပေးပြီး၍ နှစ်နှစ်တို့ပတ်လုံး မိမိကိုယ်တိုင်လည်း မချီးမြှောက်၊ သူတစ်ပါးကိုလည်း မချီး မြှောက်စေ။
ထိုဘိက္ခုနီမတို့သည် မိုက်မဲကုန်၏၊ မကျွမ်းကျင်ကုန်၊
အပ် မအပ်ကိုလည်း မသိကုန်။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် အတူနေတပည့်မကို ရဟန်းပြုပေးပြီး၍ နှစ်နှစ်တို့ပတ်လုံး မိမိကိုယ်တိုင်လည်း မချီးမြှောက်၊ သူတစ်ပါးကိုလည်း မချီးမြှောက် စေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကုန်၏။ပ။
''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် အတူနေတပည့်မကို ရဟန်းပြုပေးပြီး၍ နှစ်နှစ်တို့ပတ်လုံး မိမိ ကိုယ်တိုင်လည်း မချီးမြှောက်၊ သူတစ်ပါးကိုလည်း မချီးမြှောက်စေဘဲ နေ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် အတူနေတပည့်မကို ရဟန်းပြုပေးပြီး၍ နှစ်နှစ်တို့ပတ်လုံး မိမိကိုယ်တိုင်လည်း မချီးမြှောက်၊ သူတစ်ပါးကိုလည်း မချီးမြှောက်စေဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၀၈။ ''အကြင် ဘိက္ခုနီမသည် အတူနေတပည့်မကို ရဟန်းပြု ပေးပြီး၍ နှစ်နှစ်တို့ပတ်လုံး (ကိုယ်တိုင်လည်း) မချီးမြှောက်ငြားအံ့၊ (သူတစ်ပါး ကိုလည်း) မချီးမြှောက်စေငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၀၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အတူနေတပည့်မဟူသည် အတူနေလေ့ရှိသော တပည့်မကို ဆိုလို၏။
ရဟန်းပြုပေးပြီး၍ဟူသည် ပဉ္စင်းခံပေးပြီး၍။
နှစ်နှစ်တို့ ပတ်လုံးဟူသည် နှစ်နှစ်အပိုင်းအခြားရှိသော ကာလတို့ပတ်လုံး။
မိမိလည်း မချီးမြှောက်ငြားအံ့ဟူသည် ပါဠိသင်ခြင်း အဋ္ဌကထာသင်ခြင်း သွန်သင်ခြင်း ဆုံးမခြင်းဖြင့် ကိုယ်တိုင် မချီးမြှောက်ငြားအံ့။
မချီးမြှောက်စေငြားအံ့ဟူသည် သူတစ်ပါးကို မစေခိုင်းငြားအံ့၊
''နှစ်နှစ်တို့ပတ်လုံး မိမိမူလည်း မချီးမြှောက်တော့အံ့၊ သူတစ်ပါးကိုလည်း မချီးမြှောက်စေတော့အံ့''ဟု ဝန်ချကာမျှ၌ ပါစိတ်အာပတ် သင့်၏။
၁၁၁၀။ အန္တရာယ် ရှိအံ့၊ ရှာ၍ မရအံ့၊ အာပတ် မသင့်၊ နာဖျားသော ဘိက္ခုနီမအားလည်း အာပတ့်မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
အဋ္ဌမသိက္ခာပုဒ် ပြီး၏။