Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

7. Sattamasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၁၂၀၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် အခြားဘိက္ခုနီမကို ပွတ်လည်း ပွတ်သပ်စေကုန်၏၊ ဆုပ်လည်း ဆုပ်နယ်စေကုန်၏။
ကျောင်းစဉ်လှည့်လည်သော လူတို့သည် မြင်သဖြင့် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကာမဂုဏ် စည်းစိမ်ကို ခံစားသော လူမိန်းမတို့ကဲ့သို့ ဘိက္ခုနီမကို ပွတ်လည်း ပွတ်သပ်စေကုန်ဘိသနည်း၊ ဆုပ်လည်း ဆုပ်နယ်စေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ဘိက္ခုနီမကို ပွတ်လည်း ပွတ်သပ်စေကုန်ဘိသနည်း၊ ဆုပ်လည်း ဆုပ်နယ်စေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမတို့သည် ဘိက္ခုနီမကို ပွတ်လည်း ပွတ်သပ်စေကုန်၏၊ ဆုပ်လည်း ဆုပ်နယ် စေကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် (အခြား) ဘိက္ခုနီမကို ပွတ်လည်း ပွတ်သပ်စေကုန်ဘိသနည်း၊ ဆုပ်လည်း ဆုပ်နယ်စေကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညို စေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၂၀၇။ ''အကြင် ဘိက္ခုနီမသည် ဘိက္ခုနီမကို ပွတ်လည်း ပွတ်သပ်စေ ငြားအံ့၊ ဆုပ်လည်း ဆုပ်နယ်စေငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၂၀၈။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ဘိက္ခုနီမကိုဟူသည် အခြားသော ဘိက္ခုနီမကို။
ပွတ်လည်း ပွတ်သပ်စေငြားအံ့ဟူသည် ပွတ်သပ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
ဆုပ်လည်း ဆုပ်နယ်စေငြားအံ့ဟူသည် ဆုပ်နယ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
၁၂၀၉။ နာဖျားသော ဘိက္ခုနီမအား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
သတ္တမသိက္ခာပုဒ် ပြီး၏။