၁၁၁၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ် သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် အသက်နှစ်ဆယ်မပြည့်သေး သည့် သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်၏။
ထိုသာမဏေမတို့သည် အချမ်း အပူ ဆာလောင်ခြင်း မွတ်သိပ်ခြင်း မှက် ခြင် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့တို့ကို သည်းမခံနိုင်ကုန်၊ မကောင်းသဖြင့် ဆိုအပ်, မကောင်းသဖြင့် ရောက်လာ သော စကားတို့ကိုလည်းကောင်း၊
ကိုယ်၌ဖြစ်ဆဲဖြစ်သော ပြင်းထန် ကြမ်းကြုတ် ခါးစပ် ကျင်နာ မသာ ယာဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကိုလည်းကောင်း သည်းခံနိုင်ခြင်း သဘော မရှိကုန်သည်သာလျှင်တည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် အသက်နှစ်ဆယ် မပြည့် သေးသည့် သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် အသက်နှစ်ဆယ်မပြည့်သေးသည့် သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် အသက်နှစ်ဆယ်မပြည့်သေးသည့် သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်ဘိသနည်း။
ရဟန်းတို့အသက်နှစ်ဆယ် မပြည့်သေးသည့် သတို့သမီးပျိုဖြစ်သူ သာမဏေမသည် အချမ်းအပူကို သည်းမခံနိုင်သေး။ပ။ သေလောက်သော ဆင်းရဲဝေဒနာတို့ကိုလည်း သည်းခံနိုင်ခြင်းသဘော မရှိသေး။
ရဟန်းတို့ အသက်နှစ်ဆယ်ပြည့်ပြီးသော သတို့သမီးပျိုဖြစ်သူ သာမဏေမသည်သာ အချမ်းအပူကို သည်းခံနိုင်၏။ပ။ သေလောက်သော ဆင်းရဲဝေဒနာတို့ကိုလည်း သည်းခံနိုင်ခြင်းသဘော ရှိ၏။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၂၀။ ''အကြင် ဘိက္ခုနီမသည် အသက်နှစ်ဆယ် မပြည့်သေးသည့် သတို့သမီး ပျိုဖြစ်သူ သာမဏေမအား ရဟန်းပြုပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၂၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အသက်နှစ်ဆယ်မပြည့်သေးသော မည်သည် အနှစ်နှစ်ဆယ်သို့ မရောက်သေးသော။
သတို့သမီးပျိုဖြစ်သူ မည်သည် သာမဏေမကို ဆိုလို၏။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးအံ့။
''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ် ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန့်၏။
ကမ္မဝါစာအဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့အားမူ ကား ဒုက္ကဋ်အာပတ် သင့်၏။
၁၁၂၂။ အသက်နှစ်ဆယ် မပြည့်သေးသူ (သာမဏေမ) ၌ အသက်နှစ်ဆယ် မပြည့်သေးဟု အမှတ် ရှိသည် ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
အသက်နှစ်ဆယ် မပြည့်သေးသူ (သာမဏေမ) ၌ ယုံမှားရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
အသက်နှစ်ဆယ် မပြည့်သေးသူ (သာမဏေမ) ၌ အသက်နှစ်ဆယ်ပြည့်ပြီးဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။
အသက်နှစ်ဆယ် ပြည့်ပြီးသူ (သာမဏေမ) ၌ အသက်နှစ်ဆယ် မပြည့်သေးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
အသက်နှစ်ဆယ်ပြည့်ပြီးသူ (သာမဏေမ) ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အသက်နှစ်ဆယ်ပြည့်ပြီးသူ (သာမဏေမ) ၌ အသက်နှစ်ဆယ်ပြည့်ပြီးဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၁၂၃။ အသက်နှစ်ဆယ် မပြည့်သေးသူ (သာမဏေမ) ကို အသက်နှစ်ဆယ်ပြည့်ပြီးဟု အမှတ်ရှိ သည် ဖြစ်၍ ရဟန်းပြုပေးအံ့၊ အသက်နှစ်ဆယ် ပြည့်ပြီးသူ (သာမဏေမ) ကို အသက်နှစ်ဆယ် ပြည့်ပြီးဟု အမှတ်ရှိသည် ဖြစ်၍ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပဌမသိက္ခာပုဒ် ပြီး၏။