၁၁၈၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ယာဉ်ဖြင့် သွားကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကာမဂုဏ်စည်းစိမ်ကို ခံစားသော လူမိန်းမတို့ ကဲ့သို့ ယာဉ်ဖြင့် သွားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ယာဉ်ဖြင့် သွားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ယာဉ်ဖြင့် သွားကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် ယာဉ်ဖြင့် သွားကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
(က) ''အကြင်ဘိက္ခုနီမသည် ယာဉ်ဖြင့် သွားငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ဘိက္ခုနီမတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၁၁၈၅။ ထိုစဉ်အခါ၌ ဘိက္ခုနီမတစ်ယောက်သည် နာဖျား၍ ခြေဖြင့် သွားခြင်းငှါ မတတ်နိုင်။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ရဟန်းတို့ နာဖျားသော ဘိက္ခုနီမအား ယာဉ်ကို ခွင့်ပြုတော်မူ၏ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၈၆။ ''အကြင် ဘိက္ခုနီမသည် မနာမဖျားဘဲ ယာဉ်ဖြင့် သွား ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၈၇။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
မနာမဖျားဘဲ မည်သည် ခြေဖြင့် သွားခြင်းငှါ စွမ်းနိုင်၏။
နာဖျား မည်သည် ခြေဖြင့် သွားခြင်းငှါ မစွမ်းနိုင်။
ယာဉ် မည်သည် ပေါင်းချုပ်၊ ရထား၊ လှည်း၊ သန်လျင်း၊ ထမ်းစင်၊ ပုဆိုးသံလျင်းတို့တည်း။
သွားငြားအံ့ဟူသည် တစ်ကြိမ်တစ်ခါပင်လည်း သွားအံ့၊ ပါစိတ်အာပတ် သင့်၏။
၁၁၈၈။ မနာမဖျားဘဲ မနာမဖျားဟု အမှတ်ရှိသည်ဖြစ်၍ ယာဉ်ဖြင့် သွားအံ့၊ ပါစိတ်အာပတ် သင့်၏။
မနာမဖျားဘဲ ယုံမှားရှိသည်ဖြစ်၍ ယာဉ်ဖြင့် သွားအံ့၊ ပါစိတ်အာပတ် သင့်၏။
မနာမဖျားဘဲ နာဖျား၏ဟု အမှတ်ရှိသည်ဖြစ်၍ ယာဉ်ဖြင့် သွားအံ့၊ ပါစိတ်အာပတ် သင့်၏။
နာဖျားလျက် မနာမဖျားဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နာဖျားလျက် ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နာဖျားလျက် နာဖျား၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၁၈၉။ နာဖျားသော ဘိက္ခုနီမအား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒုတိယသိက္ခာပုဒ် ပြီး၏။