Issues
ເລືອກເວີຊັນ
my-tipitaka
မြန်မာဘာသာ
胜嗣Jinadāyāda
中文
元亨寺·CBETA
中文
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

1. Parimaṇḍalavaggo

ຜູ້ຂຽນ: my-tipitaka @ visuddhinanda

အသျှင်မတို့ ဤသေခိယသိက္ခာပုဒ်တို့သည်
သရုပ်အားဖြင့် ပြဆိုအပ်သည်၏ အဖြစ်သို့ ရောက်ကုန်၏။
၁၂၄၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချလျက် (သင်းပိုင်ကို) ဝတ်ကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကာမဂုဏ်စည်းစိမ်ကို ခံစားသော လူမိန်းမတို့ ကဲ့သို့ ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချလျက် (သင်းပိုင်ကို) ဝတ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ရှေ့မှလည်း ကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချလျက် (သင်းပိုင်ကို) ဝတ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချလျက် (သင်းပိုင်ကို) ဝတ်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချလျက် (သင်းပိုင်ကို) ဝတ်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၂၃၀။ ၁- ''ထက်ဝန်းကျင်မှ အဝန်းညီစွာ သင်းပိုင်ကို ဝတ်အံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
ချက်အဝန်း ပုဆစ်ဒူးဝန်းတို့ကို ဖုံးလွှမ်း၍ ထက်ဝန်းကျင်မှ အဝန်းညီစွာ ဝတ်အပ်၏။
အကြင်ဘိက္ခုနီမသည် သိက္ခာပုဒ်၌ မရိုသေခြင်းကို စွဲ၍ ရှေ့မှသော်လည်းကောင်း၊ နောက်မှသော် လည်းကောင်း တွဲရရွဲချလျက် ဝတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ဘိက္ခုနီမ၊ သတိမေ့လျော့သော ဘိက္ခုနီမ၊ မသိသော ဘိက္ခုနီမ၊ နာဖျားသော ဘိက္ခုနီမတို့အား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။ပ။ (အကျဉ်းချုံးအပ်ပြီ။)