Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

2. Dutiyādipāṭidesanīyasikkhāpadāni

Author: my-tipitaka @ visuddhinanda

၁၂၃၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ် သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ဆီကို တောင်း၍ စားကြကုန်၏။ပ။ ၃ - ပျားရည်ကို တောင်း၍ စားကြကုန်၏။ပ။ ၄ - နတင်လဲကို တောင်း၍ စားကြကုန်၏။ပ။ ၅ - ငါးကို တောင်း၍ စားကြကုန်၏။ပ။ ၆ - အမဲကို တောင်း၍ စားကြကုန်၏။ပ။ ရ - နို့ရည်ကို တောင်း၍ စားကြကုန်၏။ပ။ ၈ - နို့ဓမ်းကို တောင်း၍ စားကြကုန်၏။ပ။
လူတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် နို့ဓမ်းကို တောင်း၍ စားကုန်ဘိသနည်း၊ အဘယ်သူသည် ချိုမြိန်သော အရသာကို မနှစ်သက်ဘဲ ရှိအံ့နည်း၊ အဘယ်သူသည် ကောင်းမြတ်သော အရသာကို မမြိန်ရှက်ဘဲ ရှိအံ့နည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် နို့ဓမ်းကို တောင်း၍ စားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် နို့ဓမ်းကို တောင်း၍ စားကြကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် နို့ဓမ်းကို တောင်း၍ စားကုန်ဘိသနည်း၊
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
(က) ''အကြင် ဘိက္ခုနီမသည် နို့ဓမ်းကို တောင်း၍ စားငြားအံ့၊ ထိုဘိက္ခုနီမအား
'အသျှင်မတို့ အကျွန်ုပ်သည် ကဲ့ရဲ့အပ် မလျောက်ပတ်သော ပါဋိဒေသနီအာပတ်သို့ ရောက်ပြီ၊ ထိုအာပတ်ကို ပြောကြားပါ၏'ဟု ပြောကြားရမည်'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ဘိက္ခုနီမတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၁၂၃၅။ ထိုစဉ်အခါ၌ ဘိက္ခုနီမတို့သည် နာဖျားကုန်၏၊
သူနာမေးသောဘိက္ခုနီမတို့သည် နာဖျား သော ဘိက္ခုနီမတို့ကို ''အသျှင်မတို့ ကျန်းမာကြပါ၏လော၊ မျှတကြပါ၏လော''ဟု မေးကြကုန်၏။
အသျှင်မတို့ အကျွန်ုပ်တို့သည် ရှေးအခါ၌ နို့ဓမ်းကို တောင်း၍ စားရကုန်၏၊ ထို့ကြောင့် အကျွန်ုပ်တို့အား ကျန်းမာမှုဖြစ်ပါ၏၊ သို့ရာတွင် ယခုအခါ၌ ''မြတ်စွာဘုရား မြစ်ပယ်တော်မူသောကြောင့် မအပ်''ဟု တွေးတောမှု 'သံသယ ကုက္ကုစ္စ' ရှိကုန်သည်ဖြစ်၍ မတောင်းကြပါကုန်၊ ထို့ကြောင့် အကျွန်ုပ် တို့အား ကျန်းမာမှု မဖြစ်ပါဟု ပြောဆိုကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ နာဖျားသော ဘိက္ခုနီမအား နို့ဓမ်းကို တောင်း၍ စားခြင်းငှါ ခွင့်ပြုတော်မူ၏ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၂၃၆။ ''အကြင် ဘိက္ခုနီမသည် မနာမဖျားဘဲ နို့ဓမ်းကို တောင်း၍ စားငြားအံ့၊ ထိုဘိက္ခုနီမသည် 'အသျှင်မတို့ အကျွန်ုပ်သည် ကဲ့ရဲ့အပ် မလျောက်ပတ်သော ပါဋိဒေသနီ အာပတ်သို့ ရောက်ပါ၏၊ ထိုအာပတ်ကို ပြောကြားပါ၏'ဟု ပြောကြားရမည်''
ဤသို့ (ပြကြစေ ကုန်လော့ဟု မိန့်တော်မူ၏)။
၁၂၃၇။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
မနာမဖျား မည်သည် အကြင်ဘိက္ခုနီမအား နို့ဓမ်းနှင့်ကင်း၍ ချမ်းသာမှုဖြစ်၏၊ (ထိုဘိက္ခုနီမ တည်း)။
နာဖျား မည်သည် အကြင်ဘိက္ခုနီမအား နို့ဓမ်းနှင့်ကင်း၍ ချမ်းသာမှုမဖြစ်၊ (ထိုဘိက္ခုနီမတည်း)။
ဆီ မည်သည် နှမ်းဆီ မုံညင်းဆီ သစ်မည်စည်ဆီ ကြက်ဆူဆီ အသားဆီတို့တည်း။
ပျားရည် မည်သည် ပျားငယ် 'ယင်ပျား' ပျားရည်တည်း။
တင်လဲ မည်သည် ကြံမှဖြစ်သော တင်လဲတည်း။
ငါး မည်သည် ရေ၌ကျက်စားသော သတ္တဝါကို ဆိုလို၏။
အမဲ မည်သည် အပ်စပ်သော သတ္တဝါတို့၏ အသားတည်း။
နို့ရည် မည်သည် နွားနို့ ဆိတ်နို့ ကျွဲနို့ အသားအပ်သော သတ္တဝါတို့၏ နို့ရည်တည်း။
နို့ဓမ်း မည်သည် ထိုအသားအပ်သော သတ္တဝါတို့၏ နို့ဓမ်းတည်း။
မနာမဖျားဘဲ မိမိ၏အကျိုးငှါ တောင်းအံ့၊ ပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။
ရခြင်းကြောင့် ''စားမည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ် သင့်၏။
၁၂၃၈။ မနာမဖျားဘဲ မနာမဖျားဟု အမှတ်ရှိသည်ဖြစ်၍ နို့ဓမ်းကို တောင်း၍ စားအံ့၊ ပါဋိဒေသနီ အာပတ် သင့်၏။
မနာမဖျားဘဲ ယုံမှားရှိသည်ဖြစ်၍ နို့ဓမ်းကို တောင်း၍ စားအံ့၊ ပါဋိဒေသနီအာပတ် သင့်၏။
မနာမဖျားဘဲ နာဖျား၏ဟု အမှတ်ရှိသည်ဖြစ်၍ နို့ဓမ်းကို တောင်း၍ စားအံ့၊ ပါဋိဒေသနီအာပတ် သင့်၏။
နာဖျားလျက် မနာမဖျားဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နာဖျားလျက် ယုံမှားရှိအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
နာဖျားလျက် နာဖျား၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၂၃၉။ နာဖျားသော ဘိက္ခုနီမအား အာပတ် မသင့်၊ နာဖျားစဉ်က တောင်းပြီးလျှင် မနာ မဖျားသောအခါ စားအံ့၊ သူနာမ၏ စားကြွင်းကို စားအံ့၊ ဆွေမျိုးတော်သူ ပင့်ဖိတ်သူတို့၏ အထံ၌ တောင်း၍ စားအံ့၊ သူတစ်ပါးအကျိုးငှါ တောင်းအံ့၊ မိမိဥစ္စာဖြင့် ဝယ်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
အဋ္ဌမပါဋိဒေသနီသိက္ခာပုဒ် ပြီး၏။
အသျှင်မတို့ ဤရှစ်ပါးသော ပါဋိဒေသနီအာပတ်တို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
ထိုပါဋိ ဒေသနီအာပတ်တို့၌ အသျှင်မတို့ကို မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
နှစ်ကြိမ်မြောက်လည်း မေးပါ ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
သုံးကြိမ်မြောက်လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
အသျှင်မတို့သည် ဤပါဋိဒေသနီအာပတ်တို့၌ အာပတ်မှ စင်ကြယ်ကြပါကုန်၏။ ထို့ကြောင့် ဆိတ်ဆိတ် နေကုန်၏၊ ဤသို့ဆိတ်ဆိတ်နေသဖြင့် ဤအာပတ်မှ စင်ကြယ်သည့် အဖြစ်ကို သိမှတ်ရပါသည်။
ဘိက္ခုနီဝိဘင်း၌ ပါဋိဒေသနီအခန်း ပြီး၏။