Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

3. Tatiyasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၉၄၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် အကြားအမြင်များ၍ အဟော အပြောကောင်း၏၊ တရားဟောခြင်းငှါလည်း ရဲရင့်၍ စွမ်းရည် ရှိ၏၊
ဘဒ္ဒါကာပိလာနီသည်လည်း အကြား အမြင်များ၍ အဟောအပြော ကောင်း၏၊ တရားဟောခြင်းငှါလည်း ရဲရင့်၍ စွမ်းရည်ရှိ၏၊ မွန်မြတ်သူဟူ၍လည်း ချီးမွမ်းအပ်၏။
လူတို့သည်
''အသျှင်မဘဒ္ဒါကာပိလာနီသည် အကြားအမြင်များ၍ အဟောအပြော ကောင်း၏၊ တရားဟောခြင်းငှါလည်း ရဲရင့်၍ စွမ်းရည်ရှိ၏၊ မွန်မြတ်သူဟူ၍လည်း ချီးမွမ်းအပ်၏''ဟု ဘဒ္ဒါ ကာပိလာနီကို ရှေးဦးစွာ ဆည်းကပ်၍ နောက်မှ ထုလ္လနန္ဒာဘိက္ခုနီမကို ဆည်းကပ်ကုန်၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် မနာလိုအားကြီးသဖြင့်
''ကြော်ငြာခြင်း ဂုဏ်ဖော်ခြင်းများသော ဤ ဘိက္ခုနီမတို့သာ အလိုနည်းကုန်သတတ်၊ ရောင့်ရဲကုန်သတတ်၊ ဆိတ်ငြိမ်ကုန်သတတ်၊ ရောနှောမှု မရှိကြ ကုန်သတတ်''ဟု (ဆိုကာ) ဘဒ္ဒါကာပိလာနီ၏ ရှေ့မှ စကြံလည်း သွား၏၊ ရပ်လည်း ရပ်၏၊ ထိုင်လည်း ထိုင်၏၊ အိပ်လည်း အိပ်၏၊ သင်လည်း သင်၏၊ သင်စေလည်း သင်စေ၏၊ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းကို လည်း ပြု၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် အသျှင်မဘဒ္ဒါ ကာပိလာနီအား စေတနာရှိသည်ဖြစ်၍ မချမ်းမြေ့အောင် ပြုလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ဘဒ္ဒါကာပိလာနီအား စေတနာရှိသည်ဖြစ်၍ မချမ်းမြေ့အောင် ပြု၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ဘဒ္ဒါကာပိလာနီအား စေတနာရှိသည်ဖြစ်၍ မချမ်းမြေ့အောင် ပြုဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၄၂။ ''အကြင်ဘိက္ခုနီမသည် ဘိက္ခုနီမအား စေတနာနှင့်စေ့ဆော်၍ မချမ်းမြေ့အောင် ပြုငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၄၃။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို့ ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ဘိက္ခုနီမအားဟူသည် အခြားဘိက္ခုနီမအား။
စေတနာနှင့်စေ့ဆော်၍ဟူသည် သိလျက် အသေအချာ သိလျက် စေ့ဆော်၍ လွှမ်းမိုး၍ လွန်ကျူး ခြင်းတည်း။
မချမ်းမြေ့အောင် ပြုငြားအံ့ဟူသည်
''ဤသို့ ပြုသဖြင့် ဤဘိက္ခုနီမအား မချမ်းမြေ့မှုသည် ဖြစ်လတ္တံ့''ဟု (နှလုံးသွင်း၍) မပန်ကြားဘဲ ရှေ့မှ သွားမူလည်း သွားအံ့၊ ရပ်မူလည်း ရပ်အံ့၊ ထိုင်မူ လည်း ထိုင်အံ့၊ အိပ်မူလည်း အိပ်အံ့၊ သင်မူလည်း သင်အံ့၊ သင်စေမူလည်း သင်စေအံ့၊ ရွတ်ဖတ် သရဇ္ဈာယ်ခြင်းကိုမူလည်း ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
၉၄၄။ ဘိက္ခုနီမ၌ ဘိက္ခုနီမဟု အမှတ်ရှိသည်ဖြစ်၍ စေတနာရှိလျက် မချမ်းမြေ့အောင် ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ယုံမှားရှိသည်ဖြစ်၍ စေတနာရှိလျက် မချမ်းမြေ့အောင် ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ဘိက္ခုနီမ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ စေတနာရှိလျက် မချမ်းမြေ့အောင် ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ စေတနာရှိလျက် မချမ်းမြေ့အောင် ပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ဘိက္ခုနီမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ဘိက္ခုနီမ မဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၉၄၅။ မချမ်းမြေ့အောင် မပြုလိုဘဲ ပန်ကြားလျက် ရှေ့မှ သွားမူလည်း သွားအံ့၊ ရပ်မူလည်း ရပ်အံ့၊ ထိုင်မူလည်း ထိုင်အံ့၊ အိပ်မူလည်း အိပ်အံ့၊ သင်မူလည်း သင်အံ့၊ သင်စေမူလည်း သင်စေအံ့၊ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းကိုမူလည်း ပြုအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူး သော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
တတိယသိက္ခာပုဒ် ပြီး၏။