၁၀၁၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် တိရစ္ဆာနဝိဇ္ဇာ၁ 'ဖီလာအတတ်' ကို သင်ယူကုန်၏။
လူတို့သည် ''အဘယ်ကြောင့် ဘိက္ခုနီမတို့သည် ကာမဂုဏ်ချမ်းသာကို ခံစားသော လူမိန်းမတို့ ကဲ့သို့ ဖီလာအတတ်ကို သင်ယူကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ဖီလာအတတ် ကို သင်ယူကုန်ဘိသနည်း။ပ။ ''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်' ကို သင်ယူကြကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်' ကို သင်ယူကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၁၄။ ''အကြင် ဘိက္ခုနီမသည် တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်'ကို သင်ယူငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၁၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။
ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်' မည်သည် သာသနာ၏ ပြင်ပဖြစ်သော အကျိုးမဲ့နှင့် စပ်လျဉ်းသည့်အတတ်တစ်စုံတစ်ခုတည်း။
သင်ယူငြားအံ့ဟူသည် ပုဒ်ဖြင့် သင်ယူအံ့၊ ပုဒ်တိုင်း ပုဒ်တိုင်း ပါစိတ်အာပတ် သင့်၏။ အက္ခရာဖြင့် သင်ယူအံ့၊ အက္ခရာတိုင်း အက္ခရာတိုင်း ပါစိတ်အာပတ် သင့်၏။
၁၀၁၆။ စာရေးခြင်းအတတ်ကို သင်ယူအံ့၊ ဆောင်ထားခြင်းငှါ သင်ယူအံ့၊ လုံခြုံစေခြင်းအကျိုးငှါ အရံအတားအတတ်ကို သင်ယူအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
နဝမသိက္ခာပုဒ် ပြီး၏။
၁။ ဤ၌ တိရစ္ဆာနဝိဇ္ဇာဟူသည် နတ်ရွာနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်နှင့် ဆန့်ကျင်ဖက်အတတ်တည်း။