၇၇၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် အကြားအမြင်များ၍ အပြော ကောင်း၏၊ တရားဟောခြင်းငှါလည်း ရဲရင့်၍ စွမ်းရည်သတ္တိ ရှိ၏၊
များစွာသော လူတို့သည် ထုလ္လနန္ဒာ ဘိက္ခုနီမကို ဆည်းကပ်ကုန်၏။
ထိုစဉ်အခါ၌ ထုလ္လနန္ဒာဘိက္ခုနီမ၏ ပရိဝုဏ်သည် ပျက်စီးသဖြင့်
လူတို့သည် ထုလ္လနန္ဒာဘိက္ခုနီမကို ''အသျှင်မ အဘယ့်ကြောင့် သင်၏ ပရိဝုဏ်သည် ပျက်စီးသနည်း''ဟု မေးကုန်၏။
ဒါယကာတို့ ပေးလှူ မည့် သူတို့လည်း မရှိကုန်၊ ပြုပြင်ပေးမည့် သူတို့လည်း မရှိကုန်ဟု ဆို၏။
ထိုအခါ ထိုလူတို့သည် ထုလ္လနန္ဒာဘိက္ခုနီမ၏ ပရိဝုဏ်အလို့ငှါ သဘောတူစုဆောင်းပြီးနောက် ထုလ္လနန္ဒာဘိက္ခုနီမအား ပရိက္ခရာကို ပေးလှူကုန်၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် ထိုပရိက္ခရာဖြင့်လည်းကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်း ကောင်း ဆေးကို ဝယ်စေ၍ သုံးဆောင်၏။
လူတို့သည် သိ၍ ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော ပုဂ္ဂလိကပရိက္ခရာဖြင့်လည်းကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်းကောင်း အခြားဝတ္ထုကို ဝယ်စေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော ပုဂ္ဂလိကပရိက္ခရာ ဖြင့်လည်းကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်းကောင်း အခြားဝတ္ထုကို ဝယ်စေ၏ဟူသည့်မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော ပုဂ္ဂလိကပရိက္ခရာဖြင့်လည်းကောင်း၊ ကိုယ်တိုင် တောင်းသော ပရိက္ခရာဖြင့်လည်းကောင်း အခြားဝတ္ထုကို ဝယ်စေဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာ ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၇၇၉။ ''အကြင်ဘိက္ခုနီမသည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော ပုဂ္ဂလိက ပရိက္ခရာဖြင့်လည်းကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်း ကောင်း အခြား ဝတ္ထုကို ဝယ်စေငြားအံ့၊ (ထိုဘိက္ခုနီမအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေ ကုန်လော့ဟု မိန့်တော်မူ၏)။
၇၈၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော ပရိက္ခရာဖြင့်ဟူသည် အခြားဝတ္ထုပစ္စည်းအကျိုးငှါ လှူအပ်သော ပရိက္ခရာဖြင့်။
ပုဂ္ဂလိကဟူသည် ဘိက္ခုနီမတစ်ယောက်အား လှူသော ပစ္စည်းတည်း၊ သံဃာအား လှူသော ပစ္စည်း မဟုတ်၊ ဂိုဏ်းအား လှူသော ပစ္စည်း မဟုတ်။
ကိုယ်တိုင်တောင်းသောဟူသည် ကိုယ်တိုင်တောင်း၍။
အခြားဝတ္ထုကို ဝယ်စေငြားအံ့ဟူသည် ရည်ညွှန်း၍ လှူသော ဝတ္ထုပစ္စည်းမှတစ်ပါး အခြား ပစ္စည်းဝတ္ထုကို ဝယ်စေအံ့၊ လုံ့လပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။
ရခြင်းကြောင့် စွန့်ခြင်း ဝိနည်းကံ ရှိ၏။
သံဃာအားသော်လည်းကောင်း၊ ဂိုဏ်းအားသော်လည်းကောင်း၊ ဘိက္ခုနီမတစ်ယောက်အား သော်လည်းကောင်း စွန့်ရမည်။
ရဟန်းတို့ ဤသို့ စွန့်ရမည်။ပ။
''အသျှင်မတို့ ဤဝတ္ထုသည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော ပုဂ္ဂလိကပရိက္ခရာဖြင့်လည်း ကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်းကောင်း အကျွန်ုပ် ဝယ်စေအပ်သည်ဖြစ်၍ စွန့်အပ် ပါ၏၊ အကျွန်ုပ်သည် ဤဝတ္ထုကို သံဃာအား စွန့်ပါ၏''ဟု။ပ။ ပေးရာ၏ဟု။ပ။ ပေးကုန်ရာ၏ဟု။ပ။ အသျှင်မအား ပေးပါ၏ဟု (ပြန်ပေးရမည်)။
၇၈၁။ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုဟု အမှတ်ရှိ သည် ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ ယုံမှားရှိသည်ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ အခြားပစ္စည်းအကျိုးငှါ လှူအပ်သော ဝတ္ထုမဟုတ်ဟု အမှတ် ရှိသည်ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
စွန့်ပြီးဝတ္ထုကို ရသောအခါ လှူရင်းတိုင်းသို့ ပြန်ပို့ရမည်။
အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အခြားပစ္စည်းအကျိုးငါှ လှူအပ်သော ဝတ္ထုမဟုတ်ရာ၌ အခြားပစ္စည်းအကျိုးငါှ လှူအပ်သော ဝတ္ထု မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၇၈၂။ အကြွင်းကို ဆောင်အံ့၊ ဥစ္စာရှင်တို့ကို ပန်ကြား၍ ဆောင်အံ့၊ ဘေးရန်တို့ကြောင့် ဆောင်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ် ပြီး၏။