၈၆၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
များစွာသော ဘိက္ခုနီမတို့သည် ကောသလတိုင်း ဇနပုဒ်တို့၌ သာဝတ္ထိပြည်သို့ သွားသည်ရှိသော် ညချမ်းအခါ၌ ရွာတစ်ရွာသို့ ရောက်၍ ပုဏ္ဏား တစ်ယောက်အိမ်သို့ ချဉ်းကပ်ပြီးလျှင် အခွင့်တောင်းကုန်၏။
ထိုအခါ ပုဏ္ဏေးမသည် ''အသျှင်မတို့ ပုဏ္ဏားလာသည့်တိုင်အောင် ငံ့လင့်ကြပါဦး''ဟု ထိုဘိက္ခုနီမ တို့အား လျှောက်၏။
ဘိက္ခုနီမတို့သည်
''ပုဏ္ဏားလာသည့်တိုင်အောင် နေဦးမည်''ဟု အိပ်ရာကို ဖြန့်ခင်း၍ အချို့က ထိုင်၍ အချို့က အိပ်ကုန်၏။
ထို့နောက် ပုဏ္ဏားသည် ညဉ့်အခါလာ၍ ''ဤမိန်းမတို့သည် အဘယ်သူတို့နည်း''ဟု ပုဏ္ဏေးမအား မေးမြန်းသဖြင့်
အရှင် ဘိက္ခုနီမတို့ပါတည်းဟု ဆို၏၊
''ဤဦးပြည်းအမျိုးဖျက်မတို့ကို နှင်ထုတ်ကုန်လော့''ဟု ဆို၍ အိမ်မှ နှင်ထုတ်လေ၏။
ထိုအခါ ထိုဘိက္ခုနီမတို့သည် သာဝတ္ထိပြည်သို့ သွား၍ ဘိက္ခုနီမတို့ အား ဤအကြောင်းကို ပြောကြားကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် အခါမဲ့၌ ဒါယကာတို့ အိမ်တို့သို့ ချဉ်းကပ်၍ အိမ်ရှင်တို့ကို မပန်ကြားဘဲ အိပ်ရာနေရာကို ဖြန့်ခင်းပြီးလျှင် ထိုင်လည်း ထိုင်ကုန် ဘိသနည်း၊ အိပ်လည်း အိပ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် အခါမဲ့၌ ဒါယကာတို့ အိမ်တို့သို့ ချဉ်းကပ်၍ အိမ်ရှင်တို့ကို မပန်ကြားဘဲ အိပ်ရာနေရာကို ဖြန့်ခင်း၍ ထိုင်လည်း ထိုင်ကုန်၏၊ အိပ်လည်း အိပ်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် အခါမဲ့၌ ဒါယကာတို့ အိမ်တို့သို့ ချဉ်းကပ်၍ အိမ်ရှင်တို့ကို မပန်ကြားဘဲ အိပ်ရာနေရာကို ဖြန့်ခင်းပြီး၍ အိပ်လည်း အိပ်ကုန်ဘိသနည်း၊ ထိုင်လည်း ထိုင်ကုန်ဘိသနည်း၊
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၆၅။ ''အကြင် ဘိက္ခုနီမသည် အခါမဲ့၌ ဒါယကာတို့ အိမ်တို့သို့ ချဉ်းကပ်၍ အိမ်ရှင်တို့ကို မပန်ကြားဘဲ အိပ်ရာနေရာကို ဖြန့်ခင်း၍သော်လည်း ကောင်း၊ ဖြန့်ခင်းစေ၍သော်လည်းကောင်းထိုင်မူလည်း ထိုင်ငြားအံ့၊ အိပ်မူလည်း အိပ်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၆၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အခါမဲ့ မည်သည် နေဝင်သည်မှ အရုဏ်တက်တိုင်အောင် အချိန်တည်း။
ဒါယကာ မည်သည် မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ သူဆင်းရဲအားဖြင့် ဒါယကာလေးမျိုးတို့တည်း။
ချဉ်းကပ်၍ဟူသည် ထိုအရပ်သို့ သွား၍။
အိမ် ရှင်တို့ကို မပန်ကြားဘဲဟူသည် ထိုအိမ်၌ ပေးပိုင်သူကို မပန်ကြားဘဲ။
အိပ်ရာနေရာ မည်သည် အယုတ်သဖြင့် သစ်ရွက်အခင်းသည်လည်း အိပ်ရာနေရာ မည်၏။
ဖြန့်ခင်း၍ဟူသည် ကိုယ်တိုင် ဖြန့်ခင်း၍။
ဖြန့်ခင်းစေ၍ဟူသည် သူတစ်ပါးကို ဖြန့်ခင်းစေ၍။
ထိုင်မူလည်း ထိုင်ငြားအံ့ဟူသည် ထိုနေရာ၌ ထိုင်အံ့၊ ပါစိတ်အာပတ် သင့်၏။
အိပ်မူလည်း အိပ်ငြားအံ့ဟူသည် ထိုနေရာ၌ အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
၈၆၇။ မပန်ကြားရသေးသည်၌ မပန်ကြားရသေးဟု အမှတ်ရှိသည်ဖြစ်၍ အိပ်ရာနေရာကို ခင်း၍ သော်လည်းကောင်း၊ ခင်းစေ၍သော်လည်းကောင်း ထိုင်မူလည်း ထိုင်အံ့၊ အိပ်မူလည်း အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
မပန်ကြားရသေးသည်၌ ယုံမှားရှိသည်ဖြစ်၍ အိပ်ရာနေရာကို ခင်း၍သော်လည်းကောင်း၊ ခင်းစေ၍ သော်လည်းကောင်း ထိုင်မူလည်း ထိုင်အံ့၊ အိပ်မူလည်း အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
မပန်ကြားရသေးသည်၌ ပန်ကြားပြီးဟု အမှတ်ရှိသည်ဖြစ်၍ အိပ်ရာနေရာကို ခင်း၍သော်လည်းကောင်း၊ ခင်းစေ၍သော်လည်းကောင်း ထိုင်မူလည်း ထိုင်အံ့၊ အိပ်မူလည်း အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
ပန်ကြားပြီးသည်၌ မပန်ကြားရသေးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပန်ကြားပြီးသည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပန်ကြားပြီးသည်၌ ပန်ကြားပြီးဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၈၆၈။ ပန်ကြား၍ အိပ်ရာနေရာကို ဖြန့်ခင်း၍သော်လည်းကောင်း၊ ဖြန့်ခင်းစေ၍သော်လည်းကောင်း ထိုင်မူလည်း ထိုင်အံ့၊ အိပ်မူလည်း အိပ်အံ့၊ အာပတ် မသင့်။ နာဖျားသော သူအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့ အားလည်း အာပတ် မသင့်။
သတ္တမသိက္ခာပုဒ် ပြီး၏။