၁၁၀၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသာ ဖြစ်၍ သံဃာက မသမုတ် ရသေးသော မိန်းမကို ရဟန်းပြုပေးကုန်၏။
ဘိက္ခုနီမတို့သည် ''သိက္ခမာန်တို့ လာကြကုန်၊ ဤဝတ္ထုကို သိကုန်လော့၊ ဤဝတ္ထုကို ပေးကုန်လော့၊ ဤဝတ္ထုကို ဆောင်ခဲ့ကုန်လော့၊ ဤဝတ္ထုကို အလိုရှိ၏၊ ဤဝတ္ထုကို အပ်အောင် ပြုကုန်လော့''ဟု ဆိုကုန်၏။
ထိုမိန်းမတို့သည် ''အသျှင်မတို့ ငါတို့သည် သိက္ခမာန်တို့ မဟုတ်ကုန်၊ ငါတို့သည်ကား ဘိက္ခုနီမ တို့သာတည်း''ဟု ဆိုကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် တစ်ဆယ့်နှစ်နှစ် ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသာ ဖြစ်၍ သံဃာက မသမုတ်ရသေးသော မိန်းမကို ရဟန်းပြုပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
ရဟန်းတို့ ဘိက္ခုနီမတို့သည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသာ ဖြစ်၍ သံဃာက မသမုတ်ရသေးသော သိက္ခမာန်ကို ရဟန်းပြု ပေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့် ထားပြီးသာ ဖြစ်၍ သံဃာက မသမုတ်ရသေးသော သိက္ခမာန်ကို ရဟန်းပြုပေးကုန်ဘိသနည်း။
ရဟန်း တို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့ကိုကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ဟု ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို-
''ရဟန်းတို့ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသော သိက္ခမာန်ကို ရဟန်းပြုရန် သမ္မုတိပေးခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့ ပေးရမည်၊
တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသော ထိုသိက္ခမာန်သည် သံဃာသို့ ချဉ်းကပ်ပြီးလျှင် လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ ဘိက္ခုနီမတို့၏ ခြေတို့ကို ရှိခိုး၍ ဆောင့်ကြောင့်ထိုင်ကာ လက်အုပ် ချီလျက်-
''အသျှင်မတို့ အကျွန်ုပ်သည် ဤအမည် ရှိပါ၏၊ ဤမည်သော အသျှင်မ၏ တစ်ဆယ့်နှစ်နှစ် ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသူ သိက္ခမာန်ပါ တည်း။ သံဃာအား ရဟန်းပြုဖို့ရန် သမုတ်ခြင်း 'ဝုဋ္ဌာနသမ္မုတိ' ကို တောင်းပါ၏''ဟု လျှောက်ရာ၏။
နှစ်ကြိမ်မြောက်လည်း တောင်းရမည်။
သုံးကြိမ်မြောက်လည်း တောင်းရမည်။
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည် ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေရမည်။
၁၁၀၂။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး တို့၌ ကျင့်ထားပြီးသော ဤမည်သော သိက္ခမာန်သည် သံဃာအား ရဟန်းပြုဖို့ရန် သမုတ်ခြင်း 'ဝုဋ္ဌာနသမ္မုတိ' ကို တောင်း၏၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ် ခြောက်ပါး ကျင့်ထားပြီးသော ဤမည်သော သိက္ခမာန်အား ရဟန်းပြုဖို့ရန် သမုတ်ခြင်း 'ဝုဋ္ဌာနသမ္မုတိ' ကို ပေးရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသော ဤမည်သော သိက္ခမာန်သည် သံဃာအား ဝုဋ္ဌာနသမ္မုတိကို တောင်း၏၊
သံဃာ သည် တစ်ဆယ့်နှစ်နှစ့်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ် ခြောက်ပါး ကျင့်ထားပြီးသော ဤမည်သော သိက္ခမာန်အား ဝုဋ္ဌာနသမ္မုတိကို ပေး၏။
တစ်ဆယ့်နှစ်နှစ် ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသော ဤမည်သော သိက္ခမာန်အား ဝုဋ္ဌာနသမ္မုတိပေးခြင်းကို အကြင်အသျှင်မအား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မသည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်မအား နှစ်သက်ခြင်းမရှိ၊ ထိုအသျှင်မသည် ပြောဆိုရာ၏။
သံဃာသည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော ဤမည်သော သိက္ခမာန်အား ဝုဋ္ဌာနသမ္မုတိကို ပေးအပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
ထိုအခါ မြတ်စွာဘုရားသည် ထိုဘိက္ခုနီမတို့ကို များစွာသော အကြောင်းဖြင့် ကဲရဲ့ ပြစ်တင်တော် မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၀၃။ အကြင် ဘိက္ခုနီမသည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျား ရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသာ ဖြစ်၍ သံဃာက မသမုတ်ရသော သိက္ခမာန်ကို ရဟန်းပြု ပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၀၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးသော မည်သည် တစ်ဆယ့်နှစ်နှစ်သို့ ရောက်ပြီးသော မိန်းမတည်း။
ယောက်ျားရဖူးသောမိန်းမ မည်သည် ယောက်ျားတစ်ပါး သွားလာဖူးသော မိန်းမကို ဆိုလို၏။
နှစ်နှစ်တို့ပတ်လုံးဟူသည် နှစ်နှစ်အပိုင်းအခြားရှိသော ကာလတို့ပတ်လုံး။
ကျင့်ထားပြီးသော မည်သည် သိက္ခာပုဒ်ခြောက်ပါးတို့၌ ကျင့်ထားပြီးသော မိန်းမတည်း။ မသမုတ်ရသေးသော မည်သည် ဉတ္တိဒုတိယကံဖြင့် ဝုဋ္ဌာနသမ္မုတိကို မပေးရသေးသူ သိက္ခမာန် ဖြစ်၏။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးအံ့။
''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။ ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။ ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။ ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့ အားကား ဒုက္ကဋ်အာပတ် သင့်၏။
၁၁၀၅။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည် ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၁၁၀၆။ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော, နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော, သံဃာက သမုတ်ထားပြီးသော သိက္ခမာန်ကို ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
သတ္တမသိက္ခာပုဒ် ပြီး၏။