Issues
Select Version
my-tipitaka
မြန်မာဘာသာ
元亨寺·CBETA
中文
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

8. Aṭṭhamasaṅghādisesasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၇၁၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
စဏ္ဍကာဠီဘိက္ခုနီမသည် တစ်စုံတစ်ခုသော အဓိ ကရုဏ်း၌ ရှုံးသဖြင့် အမျက်ထွက်၍ နှလုံးမသာသောကြောင့် ''ဘိက္ခုနီမတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏၊ ဘိက္ခုနီမတို့သည် ဒေါသာဂတိသို့လည်း လိုက်ကုန်၏၊ ဘိက္ခုနီမတို့သည် မောဟာဂတိသို့ လည်း လိုက်ကုန်၏၊ ဘိက္ခုနီမတို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏''ဟု ပြောဆို၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မစဏ္ဍကာဠီဘိက္ခုနီမသည် တစ်စုံတစ်ခု သော အဓိကရုဏ်း၌ ရှုံးသဖြင့် အမျက်ထွက်၍ နှလုံးမသာသောကြောင့် ဘိက္ခုနီမတို့သည် ဆန္ဒာဂတိသို့ လည်း လိုက်ကုန်၏။ပ။ ဘိက္ခုနီမတို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏''ဟု ပြောဆိုဘိသနည်းဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ စဏ္ဍကာဠီဘိက္ခုနီမသည် တစ်စုံ တစ်ခုသော အဓိကရုဏ်း၌ ရှုံးသဖြင့် အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'ဘိက္ခုနီမတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏။ပ။ ဘိက္ခုနီမတို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏'ဟု ပြောဆို၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် စဏ္ဍကာဠီ ဘိက္ခုနီမသည် တစ်စုံတစ်ခုသော အဓိကရုဏ်း၌ ရှုံးသဖြင့် အမျက်ထွက်၍ နှလုံးမသာသောကြောင့် ''ဘိက္ခုနီမတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏။ပ။ ဘိက္ခုနီမတို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏''ဟု ပြောဆိုဘိသနည်း။
ရဟန်းတို့ ဤ (စဏ္ဍကာဠီဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၇၁၆။ ''အကြင်ဘိက္ခုနီမသည် တစ်စုံတစ်ခုသော အဓိကရုဏ်း၌ ရှုံးသဖြင့် အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'ဘိက္ခုနီမတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏၊ ဘိက္ခုနီမတို့သည် ဒေါသာဂတိသို့လည်း လိုက်ကုန်၏၊ ဘိက္ခုနီမတို့ သည် မောဟာဂတိသို့လည်း လိုက်ကုန်၏၊ ဘိက္ခုနီမတို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏'ဟု ပြောဆိုငြားအံ့၊ ထိုဘိက္ခုနီမကို အခြားဘိက္ခုနီမတို့က 'အသျှင်မ တစ်စုံတစ်ခုသော အဓိကရုဏ်း၌ ရှုံးသဖြင့် အမျက်ထွက်၍ နှလုံးမသာသောကြောင့် ဘိက္ခုနီမတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏၊ ဘိက္ခုနီမတို့သည် ဒေါသာဂတိ သို့လည်း လိုက်ကုန်၏၊ ဘိက္ခုနီမတို့သည် မောဟာဂတိသို့လည်း လိုက်ကုန်၏၊ ဘိက္ခုနီမတို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏ဟု မဆိုပါလင့်၊ အသျှင်မသည် သာလျှင် ဆန္ဒာဂတိသို့လည်း လိုက်ရာ၏၊ ဒေါသာဂတိသို့လည်း လိုက်ရာ၏၊ မောဟာဂတိသို့လည်း လိုက်ရာ၏၊ ဘယာဂတိသို့လည်း လိုက်ရာ၏'ဟု ပြောဆို ဆုံးမရာ၏၊
ဤသို့လျှင် ထိုဘိက္ခုနီမ သည် (အခြား) ဘိက္ခုနီမတို့က ဆိုဆုံးမ အပ်သည် ဖြစ်လျက် ရှေးနည်း အတူသာလျှင် ပြုမူငြားအံ့၊ ထိုဘိက္ခုနီမကို ဘိက္ခုနီမတို့က သုံးကြိမ်တိုင်အောင် ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမအပ်၏၊
သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမ အပ်သည် ရှိသော် ထိုအယူကို အကယ်၍ စွန့်ငြားအံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊
အကယ်၍ မစွန့်ငြားအံ့၊ ဤဘိက္ခုနီမသည်လည်း သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမသည်၏ အဆုံး၌ သင့်သည် ဖြစ်၍ (သံဃာမှ) နှင်ထုတ်စေတတ်သော သံဃာဒိသိသ်အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၇၁၇။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
တစ်စုံတစ်ခုသော အဓိကရုဏ်း၌ဟူရာ၌ အဓိကရုဏ်း မည်သည် ဝိဝါဒါဓိကရုဏ်း၊ အနုဝါဒါ ဓိကရုဏ်း၊ အာပတ္တာဓိကရုဏ်း၊ ကိစ္စာဓိကရုဏ်းဟူ၍ အဓိကရုဏ်းလေးပါးတို့တည်း။
ရှုံးသဖြင့် မည်သည် မနိုင်သည်ကို ဆိုရ၏။
အမျက်ထွက်၍ နှလုံးမသာသောကြောင့်ဟူသည် မမွေ့လျော်သော စိတ်ရှိသည်ဖြစ်၍ ထိခိုက်သော စိတ်ရှိသည်ဖြစ်၍ ငြောင့်ကဲ့သို့ဖြစ်သော စိတ် ရှိသည်ဖြစ်၍။
ဤသို့ပြောဆိုငြားအံ့ဟူသည် ဘိက္ခုနီမတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏။ပ။ ဘိက္ခုနီမ တို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏ဟု ပြောဆိုငြားအံ့။
ထိုဘိက္ခုနီမကိုဟူသည် ဤသို့ပြောဆိုလေ့ ရှိသော ဘိက္ခုနီမကို။
ဘိက္ခုနီမတို့ကဟူသည် အခြားသော ဘိက္ခုနီမတို့သည်။
မြင်ကုန် ကြားကုန်သော ဘိက္ခုနီမတို့က ''အသျှင်မ တစ်စုံတစ်ခုသော အဓိကရုဏ်း၌ ရှုံးသဖြင့် အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'ဘိက္ခုနီမတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏။ပ။ ဘိက္ခုနီမတို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏'ဟု မပြောဆိုပါလင့်၊ အသျှင်မသည်သာလျှင် ဆန္ဒာ့ဂတိသို့လည်း လိုက်ရာ၏။ပ။ ဘယာဂတိသို့လည်း လိုက်ရာ၏''ဟု ပြောဆိုဆုံးမရမည်။
နှစ်ကြိမ်မြောက် လည်း ပြောဆိုဆုံးမရမည်။
သုံးကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။
အကယ်၍ အယူကို စွန့်အံ့၊ ဤသို့ အယူကို စွန့်ခြင်းသည် ကောင်း၏၊
အကယ်၍ အယူကို မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကြား၍ မပြောဆိုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုဘိက္ခုနီမကို သံဃာ့အလယ်သို့လည်း ဆွဲငင်၍ ''အသျှင်မ တစ်စုံတစ်ခုသော အဓိကရုဏ်း၌ ရှုံးသဖြင့် အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'ဘိက္ခုနီမတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏။ပ။ ဘိက္ခုနီမတို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏'ဟု မပြောဆိုပါလင့်၊ အသျှင်မသည်သာလျှင် ဆန္ဒာ ဂတိသို့လည်း လိုက်ရာ၏။ပ။ ဘယာဂတိသို့လည်း လိုက်ရာ၏''ဟု ပြောဆိုဆုံးမရမည်။
နှစ်ကြိမ် မြောက်လည်း ပြောဆိုဆုံးမရမည်။
သုံးကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။
အကယ်၍ အယူကို စွန့်အံ့၊ ဤသို့ အယူကို စွန့်ခြင်းသည် ကောင်း၏၊
အကယ်၍ အယူကို မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုဘိက္ခုနီမကို ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမရမည်။
ရဟန်းတို့ ဤသို့လျှင် ဆိုဆုံးမရမည်၊
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေရမည်။
၇၁၈။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ဘိက္ခုနီမသည် တစ်စုံတစ်ခုသော အဓိကရုဏ်း၌ ရှုံးသဖြင့် အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'ဘိက္ခုနီမတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏။ပ။ ဘိက္ခုနီမတို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏'ဟု ပြောဆို၏၊
ထိုဘိက္ခုနီမသည် ထိုအယူကို မစွန့်၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ဘိက္ခုနီမအား ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ဘိက္ခုနီမသည် တစ်စုံတစ်ခုသော အဓိကရုဏ်း၌ ရှုံးသဖြင့် အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'ဘိက္ခုနီမ တို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏။ပ။ ဘိက္ခုနီမတို့သည် ဘယာဂတိသို့လည်း လိုက်ကုန်၏'ဟု ပြောဆို၏၊
ထိုဘိက္ခုနီမသည် ထိုအယူကို မစွန့်၊
သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမ၏၊
ဤမည်သော ဘိက္ခုနီမအား ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမခြင်းကို အကြင်အသျှင်မအား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မသည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်မအား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်မသည် ပြောဆိုရာ၏၊
နှစ်ကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။ သုံးကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။
သံဃာသည် ဤမည်သော ဘိက္ခုနီမအား ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမအပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ် နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာနှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ် သင့်၏။
ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ် သင့်၏။
သံဃာဒိသိသ်အာပတ် သင့်သော ဘိက္ခုနီမအား ဉတ်၏ အဆုံး၌ သင့်သော ဒုက္ကဋ်၊ ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ သင့်သော ထုလ္လစ္စဉ်းအာပတ်တို့သည် ငြိမ်းကုန်၏။
ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးအာပတ်သင့်သော ဘိက္ခုနီမတို့ကို ထောက်၍ ဆိုအပ်၏။
သုံးကြိမ်တိုင်အောင်ဟူသည် သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမခြင်းကြောင့် သင့်၏၊ ဝတ္ထုကို လွန်ကျူးသည်နှင့်တစ်ပြိုင်နက် သင့်သည် မဟုတ်။
နှင်ထုတ်စေတတ်သောဟူသည် သံဃာမှ နှင်ထုတ်စေတတ်သော။
သံဃာဒိသိသ်ဟူသည်။ပ။ ထို့ကြောင့်လည်း သံဃာဒိသိသ်ဟူ၍ ဆိုအပ်၏။
၇၁၉။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၇၂၀။ ဉတ်ကမ္မဝါစာဖြင့် မဆိုမဆုံးမရသေးသော ဘိက္ခုနီမ၊ အယူကို စွန့်သော ဘိက္ခုနီမ၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဧကာဒသမ သံဃာဒိသိသ်သိက္ခာပုဒ် ပြီး၏။