Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

2. Dutiyasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၈၄၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဘဒ္ဒကာပိလာနီ၏ အနီးနေ တပည့်ဖြစ်သော ဘိက္ခုနီမ ၏ ဆွေမျိုးဖြစ်သူ ယောက်ျားသည် (မိမိနေရာ) ရွာငယ်မှ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် သာဝတ္ထိပြည် သို့ သွား၏။
ထိုအခါ ထိုဘိက္ခုနီမသည် ''မြတ်စွာဘုရားသည် ဆီမီးမထွန်းသော ညဉ့်မှောင်မိုက်ထဲ၌ ယောက်ျား နှင့်အတူ တစ်ယောက်ချင်းချင်း ရပ်ခြင်း စကားပြောခြင်းကို မြစ်တားတော်မူ၏''ဟု (နှလုံးသွင်း၍) ထိုယောက်ျားနှင့်ပင် အတူ ဖုံးကွယ်သော အရပ်၌ တစ်ယောက်ချင်းချင်း ရပ်လည်း ရပ်၏၊ စကားလည်း ပြော၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် ဖုံးကွယ်သော အရပ်၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်းချင်း ရပ်လည်း ရပ်လေဘိသနည်း၊ စကားလည်း ပြောလေဘိ့သနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမသည် ဖုံးကွယ်သော အရပ်၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်းချင်း ရပ်လည်း ရပ်၏၊ စကားလည်း ပြော၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ သည် ဖုံးကွယ်သော အရပ်၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်းချင်း ရပ်လည်း ရပ်လေဘိသနည်း၊ စကားလည်း ပြောလေဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညို စေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၄၃။ ''အကြင် ဘိက္ခုနီမသည် ဖုံးကွယ်သော အရပ်၌ ယောက်ျားနှင့် အတူ တစ်ယောက်ချင်းချင်း ရပ်မူလည်း ရပ်ငြားအံ့၊ စကားပြောမူလည်း ပြောငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၄၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ဖုံးကွယ်သော အရပ် မည်သည် နံရံ တံခါးရွက် ဖျာ တင်းတိမ် ကန့်လန့်ကာ သစ်ပင် တိုင် ကဲလား တစ်ခုခုဖြင့် ဖုံးကွယ်၏။
ယောက်ျား မည်သည် ဘီလူးယောက်ျား မဟုတ်၊ ပြိတ္တာယောက်ျား မဟုတ်၊ တိရစ္ဆာန်ယောက်ျား မဟုတ်၊ ရပ်ခြင်း စကားပြောခြင်းငှါ စွမ်းနိုင်သော သိကြားလိမ္မာသူ လူယောက်ျားတည်း။
အတူဟူသည် တစ်ပေါင်းတည်း။
တစ်ယောက်ချင်းချင်းဟူသည် ယောက်ျားသည်လည်းကောင်း၊ ဘိက္ခုနီမသည်လည်းကောင်း ဖြစ်၏။
ရပ်မူလည်း ရပ်ငြားအံ့ဟူသည် ယောက်ျား၏ (နှစ်တောင့်ထွာ) ဟတ္ထပါသ် အတွင်း၌ ရပ်တည်အံ့၊ ပါစိတ်အာပတ် သင့်၏။
စကားပြောမူလည်း ပြောငြားအံ့ဟူသည် ယောက်ျား၏ (နှစ်တေင့်ထွာ) ဟတ္ထပါသ်အတွင်း၌ ရပ်တည်လျက် ပြောဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။
(နှစ်တောင့်ထွာ) ဟတ္ထပါသ်ကို စွန့်၍မူလည်း ရပ်အံ့၊ စကားပြောမူလည်း ပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘီလူး ပြိတ္တာ ပဏ္ဍုက် လူယောင်ဆောင်သော တိရစ္ဆာန်နှင့် ရပ်မူလည်း ရပ်အံ့၊ ပြောမူလည်း ပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၈၄၅။ တစ်စုံတစ်ယောက်သော သိကြားလိမ္မာသူ အဖော် ရှိအံ့၊ ဆိတ်ကွယ်ခြင်းကို မငဲ့အံ့၊ တခြားကို နှလုံးသွင်း၍ ရပ်မူလည်း ရပ်အံ့၊ စကားပြောမူလည်း ပြောအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒုတိယသိက္ခာပုဒ် ပြီး၏။