问题
选择版本
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

10. Dasamasikkhāpadaṃ

作者: my-tipitaka @ visuddhinanda

၈၃၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာဖြစ် သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ရာဇဂြိုဟ်ပြည်၌ တောင်ထိပ်ပွဲသဘင် ဖြစ်ပေါ် လေ၏။
ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် တောင်ထိပ်ပွဲသဘင်ကို ကြည့်ရှုခြင်းငှါ သွားကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကာမဂုဏ်ချမ်းသာကို ခံစားသော လူမိန်းမတို့ကဲ့သို့ ကခြင်းကိုလည်း ကောင်း၊ သီဆိုခြင်းကိုလည်းကောင်း၊ တီးမှုတ်ခြင်းကိုလည်းကောင်း ကြည့်ရှုနားထောင်ခြင်းငှါ လာကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ကခြင်းကို လည်းကောင်း၊ သီဆိုခြင်းကိုလည်းကောင်း၊ တီးမှုတ်ခြင်းကိုလည်းကောင်း ကြည့်ရှုနားထောင်ခြင်းငှါ သွားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ကခြင်းကိုလည်းကောင်း၊ သီဆိုခြင်းကိုလည်းကောင်း၊ တီးမှုတ်ခြင်းကိုလည်းကောင်း ကြည့်ရှုနားထောင်ခြင်းငှါ သွားကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် ကခြင်းကိုလည်းကောင်း၊ သီဆိုခြင်းကိုလည်းကောင်း၊ တီးမှုတ်ခြင်းကိုလည်းကောင်း ကြည့်ရှုနားထောင်ခြင်းငှါ သွားကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၃၄။ ''အကြင် ဘိက္ခုနီမသည် ကခြင်းကိုသော်လည်းကောင်း၊ သီဆိုခြင်း ကိုသော်လည်းကောင်း၊ တီးမှုတ်ခြင်းကိုသော်လည်းကောင်း ကြည့်ရှုနားထောင်ခြင်းငှါ သွားငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၃၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ကခြင်း မည်သည် အလုံးစုံသော ကခြင်းတည်း။
သီဆိုခြင်း မည်သည် အလုံးစုံသော သီဆိုခြင်းတည်း။
တီးမှုတ်ခြင်း မည်သည် အလုံးစုံသော တီးမှုတ်ခြင်းတည်း။
၈၃၆။ ကြည့်ရှုနားထောင်ခြင်းငှါ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အကြင်အရပ်၌ ရပ်လျက် ကြည့်ရှု မူလည်း ကြည့်ရှုအံ့၊ နားထောင်မူလည်း နားထောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
မြင်ကြားလောက်သော နေရာကို စွန့်၍ အဖန်တလဲလဲ ကြည့်ရှုမူလည်း ကြည့်ရှုအံ့၊ နားထောင်မူလည်း နားထောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
တစ်မျိုး တစ်မျိုးစီ ကြည့်ရှုနားထောင်ခြင်းငှါ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အကြင်အရပ်၌ ရပ်လျက် ကြည့်ရှုမူလည်း ကြည့်ရှုအံ့၊ နားထောင်မူလည်း နားထောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
မြင်ကြားလောက်သော နေရာကို စွန့်၍ အဖန်တလဲလဲ ကြည့်ရှုမူလည်း ကြည့် ရှုအံ့၊ နားထောင်မူလည်း နားထောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
၈၃၇။ အရံတွင်း၌ ရပ်၍ ကြည့်ရှုမူလည်း ကြည့်ရှုအံ့၊ နားထောင်မူလည်း နားထောင်အံ့၊ ဘိက္ခုနီမ ရပ်နေရာ ထိုင်နေရာ အိပ်နေရာ အရပ်သို့ လာ၍ ကမူလည်း ကကုန်အံ့၊ သီဆိုမူလည်း သီဆိုကုန်အံ့၊ တီးမှုတ်မူလည်း တီးမှုတ်ကုန်အံ့၊ ခရီးရင်ဆိုင်သွားစဉ် ကြည့်ရှုမူလည်း ကြည့်ရှုအံ့၊ နားထောင်မူလည်း နားထောင်အံ့၊ အကြောင်းကိစ္စရှိသော် သွား၍ ကြည့်ရှုမူလည်း ကြည့်ရှုအံ့၊ နားထောင်မူလည်း နားထောင်အံ့၊ အာပတ် မသင့်။ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ် ပြီး၏။
ပဌမလသုဏဝဂ် ပြီး၏။