၁၀၆၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတစ်ယောက်သည် အောက်ခက်မနှစ်ဖြာ 'ပေါင်ခြံ' ၌ ပေါက်သော အိုင်းအမာဖုကို ယောက်ျားနှင့်အတူ တစ်ယောက်ချင်းချင်း ဖောက်ခွဲစေ၏။
ထိုအခါ ထိုယောက်ျားသည် ဘိက္ခုနီမကို ဖျက်ဆီးစော်ကားခြင်းငှါ လုံ့လပြု၏၊
ထိုဘိက္ခုနီမသည် ဖောက်ပြန်သော အသံကို ပြုသဖြင့်
ဘိက္ခုနီမတို့သည် ပြေးလာကြကုန်ပြီးလျှင် ''အသျှင်မ သင်သည် အဘယ့်ကြောင့် ဖောက်ပြန်သော အသံကို ပြုဘိသနည်း''ဟု ထိုဘိက္ခုနီမကို မေးကုန်၏။
ထိုအခါ ထိုဘိက္ခုနီမသည် အခြားဘိက္ခုနီမတို့အား ဤအကြာင်းကို ပြောကြား၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် အောက်ခက်မနှစ်ဖြာ 'ပေါင်ခြံ' ၌ ပေါက်သော အိုင်း အမာဖုကို ယောက်ျားနှင့်အတူ တစ်ယောက်ချင်းချင်း ဖောက်ခွဲစေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမသည် အောက်ခက်မနှစ်ဖြာ 'ပေါင်ခြံ' ၌ ပေါက်သော အိုင်းအမာဖုကို ယောက်ျားနှင့် အတူ တစ်ယောက်ချင်းချင်း ဖောက်ခွဲစေ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်း တော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ သည် အောက်ခက်မနှစ်ဖြာ 'ပေါင်ခြံ'၌ ပေါက်သော အိုင်းအမာဖုကို ယောက်ျားနှင့်အတူ တစ်ယောက် ချင်းချင်း ဖောက်ခွဲစေဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၆၃။ ''အကြင် ဘိက္ခုနီမသည် အောက်ခက်မနှစ်ဖြာ 'ပေါင်ခြံ' ၌ ပေါက်သော အိုင်းအမာဖုကိုသော်လည်းကောင်း၊ သွေးစုနာကိုသော်လည်းကောင်း၊ သံဃာကို ဖြစ်စေ ဂိုဏ်းကို ဖြစ်စေ မပန်ကြားဘဲ ယောက်ျားနှင့်အတူ တစ်ယောက် ချင်းချင်း ခွဲမူလည်း ခွဲစေအံ့၊ ဖောက်မူလည်း ဖောက်စေအံ့၊ ဖန်ရေမူလည်း ဆေးစေအံ့၊ ဆေးမူလည်း လိမ်းစေအံ့၊ ကျပ်မူလည်း စည်းစေအံ့၊ (ကျပ်စည်း ထားသည်ကို) ဖြေမူလည်း ဖြေစေအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၆၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အောက်ခက်မနှစ်ဖြာ 'ပေါင်ခြံ' မည်သည် ချက်အောက် ပုဆစ်ဒူးဝန်း အထက်ဖြစ်သော အရပ်တည်း။
ပေါက်သောဟူသည် ထိုအရပ်၌ ဖြစ်ပေါ်လာသော အနာတည်း။
အိုင်းအမာ မည်သည် တစ်စုံတစ်ခုသော အိုင်းအမာတည်း။
သွေးစုနာ မည်သည် တစ်စုံတစ်ခုသော အနာတည်း။
မပန်ကြားဘဲဟူသည် မပြောကြားမူ၍။
သံဃာ မည်သည် ဘိက္ခုနီသံဃာကို ဆိုလို၏။
ဂိုဏ်း မည်သည် များစွာ (နှစ်ပါး သုံးပါး) သော ဘိက္ခုနီမတို့ကို ဆိုလို၏။
ယောက်ျား မည်သည် ဘီလူး (နတ်) ယောက်ျား မဟုတ်၊ ပြိတ္တာယောက်ျား မဟုတ်၊ တိရစ္ဆာန် ယောက်ျား မဟုတ်၊ သိကြားလိမ္မာ၍ ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော လူယောက်ျားတည်း။
အတူဟူသည် တစ်ပေါင်းတည်း။
တစ်ယောက်ချင်းချင်းဟူသည် ယောက်ျားသည်လည်းကောင်း၊ ဘိက္ခုနီမသည် လည်းကောင်း တည်း။
၁၀၆၅။ ''ခွဲပါလော့''ဟု စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ခွဲသည်ရှိသော် ပါစိတ်အာပတ် သင့်၏။
''ဖောက်ပါလော့''ဟု စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဖောက်သည်ရှိသော် ပါစိတ်အာပတ် သင့်၏။
''ဖန်ရေဆေးပါလော့''ဟု စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဖန်ရေဆေးသည်ရှိသော် ပါစိတ်အာပတ် သင့်၏။
''ဆေးလိမ်းပါလော့''ဟု စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဆေးလိမ်းကျံသည်ရှိသော် ပါစိတ်အာပတ် သင့်၏။
''ကျပ်စည်းပါလော့''ဟု စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကျပ်စည်းသည်ရှိသော် ပါစိတ်အာပတ် သင့်၏။
''ကျပ်စည်းထားသည်ကို ဖြေပါလော့''ဟု စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကျပ်စည်းထား သည်ကို ဖြေသည်ရှိသော် ပါစိတ်အာပတ် သင့်၏။
၁၀၆၆။ ပန်ကြား၍ ခွဲမူလည်း ခွဲစေအံ့၊ ဖောက်မူလည်း ဖောက်စေအံ့၊ ဖန်ရေမူလည်း ဆေးစေအံ့၊ ဆေးမူလည်း လိမ်းကျံစေအံ့၊ ကျပ်မူလည်း စည်းစေအံ့၊ ကျပ်စည်းထားသည်ကိုမူလည်း ဖြေစေအံ့၊ သိကြားလိမ္မာသူ အဖော်တစ်ဦးတစ်ယောက်သော်လည်း ရှိအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ် ပြီး၏။
ဆဋ္ဌအာရာမဝဂ် ပြီး၏။