Issues
Select Version
元亨寺·CBETA
中文
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

4. Catutthasaṅghādisesasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၆၉၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
စဏ္ဍကာဠီဘိက္ခုနီမသည် ငြင်းခုံ ရန်ပွါး ဆန့်ကျင်ဘက် စကားကို ဆိုတတ်သည့်ပြင် စကားများ၍ သံဃာ့အဓိကရုဏ်းကိုလည်း ပြုတတ်၏။
ထုလ္လနန္ဒာဘိက္ခုနီမ သည် ထိုဘိက္ခုနီမအား ကံပြုသည်ရှိသော် ကန့်ကွက်တားမြစ်၏။
ထိုစဉ်အခါ၌ ထုလ္လနန္ဒာဘိက္ခုနီမသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် ရွာငယ်သို့ သွားခိုက်
ဘိက္ခုနီသံဃာသည်
''ထုလ္လနန္ဒာဘိက္ခုနီမ ဖဲသွားလေပြီ''ဟု စဏ္ဍာကာဠီဘိက္ခုနီမအား အာပတ်ကို မရှု ခြင်းကြောင့် နှင်ထုတ်လေ၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် ရွာငယ်၌ ထိုပြုဖွယ်ကိစ္စကို ပြီးဆုံးစေကာ တစ်ဖန် သာဝတ္ထိပြည်သို့ ပြန်လာလေ၏။
စဏ္ဍကာဠီဘိက္ခုနီမသည် ပြန်လာသော ထုလ္လနန္ဒာဘိက္ခုနီမအား နေရာကိုလည်း ခင်းမပေး၊ ခြေဆေးရေ ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်းကိုလည်း အနီး၌ ယူမထား၊ ခရီးဦးကြိုဆို၍ သပိတ် သင်္ကန်းကိုလည်း လှမ်းမယူ၊ သောက်ရေဖြင့်လည်း မမေးမြန်း၊ သောက်ရေကိုလည်း မဆက်ကပ်၊
ထုလ္လနန္ဒာဘိက္ခုနီမသည် စဏ္ဍကာဠီဘိက္ခုနီမအား-
''အသျှင်မ သင်သည် ငါလာနေပါလျက် အဘယ့်ကြောင့် နေရာကို မခင်းပါသနည်း၊ ခြေဆေးရေ ခြေဆေး အင်းပျဉ် ခြေပွတ်အိုးခြမ်းကို မထားပါသနည်း၊ ခရီးဦးကြိုဆို၍ သပိတ်သင်္ကန်းကို လှမ်းမယူပါသနည်း၊ သောက်ရေဖြင့်လည်း မမေးမြန်းပါသနည်း၊ သောက်ရေကိုလည်း မဆက်ကပ်ပါသနည်း''ဟု မေး၏။
အသျှင်မ အကျွန်ုပ်အား ကိုးကွယ်ရာမဲ့ရန် အကြောင်းဖြစ်ပေါ်လျက် ရှိပါ၏ဟု (လျှောက်၏)။
အသျှင်မ သင်သည် အဘယ့်ကြောင့် ကိုးကွယ်ရာမဲ့ ဖြစ်ရပါသနည်းဟု (မေးသောအခါ)
အသျှင်မ အကျွန်ုပ်အား ဤဘိက္ခုနီမတို့က
''ဤစဏ္ဍကာဠီဘိက္ခုနီမသည် ကိုးကွယ်ရာမရှိ၊ ထင်ရှားသူမဟုတ်၊ ဤစဏ္ဍကာဠီဘိက္ခုနီမအတွက် တားမြစ်ကန့်ကွက်မည့် ဘိက္ခုနီမ တစ်စုံတစ်ယောက်မျှ မရှိတော့ပြီ''ဟု (နှလုံးပိုက်၍) အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်ပါကုန်၏ဟု (လျှောက်၏)။
ထုလ္လနန္ဒာဘိက္ခုနီမက
''ထိုဘိက္ခုနီမတို့သည် မိုက်မဲကုန်၏၊ ထိုဘိက္ခုနီမတို့သည် မလိမ္မာကုန်၊ ကံကိုလည်းကောင်း၊ ကံ၏အပြစ်ကိုလည်းကောင်း၊ ကံ၏ပျက်စီးခြင်းကိုလည်းကောင်း၊ ကံ၏ပြည့်စုံခြင်း ကိုလည်းကောင်း မသိကြကုန်၊
ငါတို့သည်ကား ကံကိုလည်းကောင်း၊ ကံ၏အပြစ်ကိုလည်းကောင်း၊ ကံ၏ ပျက်စီးခြင်းကိုလည်းကောင်း၊ ကံ၏ပြည့်စုံခြင်းကိုလည်းကောင်း သိကုန်၏၊
ငါတို့သည် မပြုရသေးသော ကံကိုလည်း ပြုစေကုန်အံ့၊ ပြုထားပြီး ကံကိုလည်း ပျက်စေကုန်အံ့''ဟု ပြောဆို၍ အလျင်အမြန် ဘိက္ခုနီ သံဃာကို စည်းဝေးစေပြီးလျှင် စဏ္ဍကာဠီဘိက္ခုနီမကို သွင်းလေ၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ညီညွတ်သော သံဃာက့ဟုတ်မှန်သောသဘော ဝိနည်း၊ မြတ်စွာဘုရား အာဏာတော် 'ဉတ်ကမ္မဝါစာ' ဖြင့် နှင်ထုတ် ထားသော ဘိက္ခုနီမကို ကံပြုသော သံဃာအား မပန်ကြားမူ၍ ဂိုဏ်း၏ အလိုကို သိအောင် မပြုဘဲ သွင်းလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ညီညွတ်သော သံဃာကဟုတ်မှန်သောသဘော ဝိနည်း၊ မြတ်စွာဘုရား၏ အာဏာတော် 'ဉတ်ကမ္မဝါစာ'ဖြင့် နှင်ထုတ်ထားသော ဘိက္ခုနီမကို ကံပြုသော သံဃာ အား မပန်ကြားမူ၍ ဂိုဏ်း၏ အလိုကို သိအောင် မပြုဘဲ သွင်း၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ညီညွတ်သော သံဃာကဟုတ်မှန်သောသဘော ဝိနည်း၊ မြတ်စွာဘုရား၏ အာဏာတော် 'ဉတ်ကမ္မဝါစာ' ဖြင့် နှင်ထုတ်ထားသော ဘိက္ခုနီမကို ကံပြုသော သံဃာအား မပန်ကြားမူ၍ ဂိုဏ်း၏ အလိုကို သိအောင် မပြုဘဲ သွင်းလေဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၆၉၅။ ''အကြင်ဘိက္ခုနီမသည် ညီညွတ်သော သံဃာကဟုတ်မှန်သော သဘော ဝိနည်း၊ မြတ်စွာဘုရား၏ အာဏာတော် 'ဉတ်ကမ္မဝါစာ' ဖြင့် နှင်ထုတ် ထားသော ဘိက္ခုနီမကို ကာရက သံဃာအား မပန်မကြားမူ၍ ဂိုဏ်း၏ အလိုကို သိအောင် မပြုဘဲ သွင်းငြားအံ့၊ ဤ ဘိက္ခုနီမသည်လည်း ရှေးဦး လွန်ကျူးဆဲခဏ၌ သင့်သည်ဖြစ်၍ (သံဃာမှ) နှင်ထုတ်စေတတ်သော သံဃာ ဒိသိသ်အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၆၉၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ညီညွတ်သောသံဃာ မည်သည် အတူပေါင်းဖော်ခြင်း ရှိသော, တစ်သိမ်တည်း၌ တည်သော သံဃာ တည်း။
နှင်ထုတ်ထားသော မည်သည် အာပတ်ကို မရှုခြင်းကြောင့်လည်းကောင်း၊ မကုစားခြင်းကြောင့်လည်း ကောင်း၊ မစွန့်ခြင်းကြောင့်လည်းကောင်း နှင်ထုတ်ထားသော။
ဟုတ်မှန်သောသဘော, ဝိနည်းဟူသည် အကြင်ဟုတ်မှန်သော သဘောဖြင့်, အကြင်စောဒနာ သာရဏာ ဝိနည်းဖြင့်။
မြတ်စွာဘုရား၏ အာဏာတော် 'ဉတ်ကမ္မဝါစာ' ဖြင့်ဟူသည် မာရ်ငါးပါးကို အောင်တော်မူသော မြတ်စွာဘုရား၏ အာဏာတော် 'ဉတ်ကမ္မဝါစာ'၊ သစ္စာလေးပါးတရားကို သိတော်မူသော မြတ်စွာဘုရား၏ အာဏာတော် 'ဉတ်ကမ္မဝါစာ' ဖြင့်။
ကာရကသံဃာအား မပန်မကြားမူ၍ဟူသည် ကံပြုသော သံဃာအား မပန်ကြားဘဲ။
ဂိုဏ်း၏ အလိုကို သိအောင် မပြုဘဲဟူသည် ဂိုဏ်း၏ အလိုကို သိအောင်မပြုဘဲ။
သွင်းအံ့ဟု အပေါင်းအသင်းကိုလည်း ရှာအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။ ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ် သင့်၏။ ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ် သင့်၏။
ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးအာပတ်သင့်ပြီးသော ဘိက္ခုနီမတို့ကို ထောက်၍ ဆိုအပ်၏။
ရှေးဦး လွန်ကျူးဆဲခဏ၌ သင့်သည်ဖြစ်၍ဟူသည် ဝတ္ထုကို လွန်ကျူးသည်နှင့် တစ်ပြိုင်နက် အာပတ် သင့်၏၊ ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမခြင်းကြောင့် အာပတ် သင့်သည် မဟုတ်။
နှင်ထုတ်စေတတ်သောဟူသည် သံဃာမှ နှင်ထုတ်စေတတ်သော။
သံဃာဒိသိသ်ဟူသည်။ပ။ ထို့ကြောင့်လည်း သံဃာဒိသိသ်ဟူ၍ ဆိုအပ်၏။
၆၉၇။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ သွင်းအံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ သွင်းအံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ သွင်းအံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၆၉၈။ ကံပြုသော သံဃာကို ပန်ကြား၍ သွင်းအံ့၊ ဂိုဏ်း၏ အလိုကို သိအောင် ပြု၍ သွင်းအံ့၊ ဝတ်ကျင့်ဆဲ ဘိက္ခုနီမကို သွင်းအံ့၊ ကံပြုသော သံဃာ ထင်ရှားမရှိ၍ သွင်းအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦးလွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
စတုတ္ထ သံဃာဒိသိသ်သိက္ခာပုဒ် ပြီး၏။