၁၁၅၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် ယောက်ျားကြီး ယောက်ျား ငယ်တို့နှင့် ရောနှောသော (ယောက်ျားတို့အတွက်)၁ သောကဝင်လျက်ရှိသော ကြမ်းတမ်းသူ စဏ္ဍကာဠီ သိက္ခမာန်ကို ရဟန်းပြုပေး၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ယောက်ျားကြီး ယောက်ျားငယ်တို့နှင့် ရောနှောသော (ယောက်ျားတို့အတွက်) သောကဝင်လျက်ရှိသော ကြမ်းတမ်းသူ စဏ္ဍကာဠီသိက္ခမာန်ကို ရဟန်းပြုပေးဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ယောက်ျားကြီး ယောက်ျားငယ်တို့နှင့် ရောနှောသော (ယောက်ျားတို့အတွက်) သောကဝင်လျက်ရှိသော ကြမ်းတမ်းသော စဏ္ဍကာဠီသိက္ခမာန်ကို ရဟန်းပြု ပေး၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ယောက်ျားကြီး ယောက်ျားငယ်တို့နှင့် ရောနှောသော (ယောက်ျားတို့အတွက်) သောကဝင် လျက်ရှိသော ကြမ်းတမ်းသော စဏ္ဍကာဠီသိက္ခမာန်ကို ရဟန်းပြုပေးဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြစေကြကုန်လော့။
၁၁၅၉။ ''အကြင် ဘိက္ခုနီမသည် ယောက်ျားကြီး ယောက်ျားငယ်တို့နှင့် ရောနှောသော (ယောက်ျားတို့အတွက်) သောကဝင်လျက်ရှိသော ကြမ်းတမ်းသော သိက္ခမာန်ကို ရဟန်းပြု ပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၆၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ယောက်ျားကြီး မည်သည် အသက်နှစ်ဆယ်သို့ ရောက်ပြီးသူတည်း။
ယောက်ျားငယ် မည်သည် အသက်နှစ်ဆယ်သို့ မရောက်သေးသော သူတည်း။
ရောနှောခြင်း မည်သည် မလျောက်ပတ်သော ကိုယ်အမူအရာ နှုတ်အမူအရာဖြင့် ရောနှော စပ်ယှက်၏။
ကြမ်းတမ်းသော မည်သည် အမျက်ထွက်ခြင်းကို ဆိုလို၏။
သောကဝင်လျက် ရှိသော မည်သည် သူတစ်ပါးတို့အား ဆင်းရဲခြင်းကို ဖြစ်စေ၏၊ သောကသို့ ဝင်၏။
သိက္ခမာန် မည်သည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော မိန်းမတည်း။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးငြားအံ့။
''ရဟန်း ပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမ တို့အား မူကား ဒုက္ကဋ်အာပတ် သင့်ကုန်၏။
၁၁၆၁။ မသိ၍ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
နဝမသိက္ခာပုဒ် ပြီး၏။
၁။ အထဝါ ဃရံ ဝိယ ဃရသာမိကာ အယမ္ပိ ပုရိသသမာဂမံ အလဘမာနာ သောကံ အာဝိသတိ စသည်ဖြင့် ဖွင့်ပြသော အဋ္ဌကထာ နောက်နည်းနှင့် အညီတည်း။