Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

6. Chaṭṭhasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၈၅၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္နာဘိက္ခုနီမသည် နေလွဲသောအခါ ဒါယကာတို့ အိမ်တို့သို့ ချဉ်းကပ်၍ အိမ်ရှင်တို့ကို မပန်ကြားဘဲ နေရာထိုင်၌ ထိုင်လည်း ထိုင်၏၊ အိပ်လည်း အိပ်၏။
လူတို့သည် ထုလ္လနန္နာဘိက္ခုနီမကို ရှက်နိုးကုန်သည်ဖြစ်၍ နေရာထိုင်၌ ထိုင်လည်း မထိုင်ကုန်၊ အိပ်လည်း မအိပ်ကုန်၊
လူတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္နာသည် နေလွဲသောအခါ ဒါယကာ တို့ အိမ်တို့သို့ ချဉ်းကပ်၍ အိမ်ရှင်တို့ကို မပန်ကြားဘဲ နေရာထိုင်၌ ထိုင်လည်း ထိုင်နေဘိသနည်း၊ အိပ်လည်း အိပ်နေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္နာသည် နေလွဲသောအခါ ဒါယကာတို့ အိမ်တို့သို့ ချဉ်းကပ်၍ အိမ်ရှင်တို့ကို မပန်ကြားဘဲ နေရာထိုင်၌ ထိုင်လည်း ထိုင်နေဘိသနည်း၊ အိပ်လည်း အိပ်နေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ''ရဟန်းတို့ ထုလ္လနန္နာဘိက္ခုနီမသည် နေလွဲသောအခါ ဒါယကာတို့ အိမ်တို့သို့ ချဉ်းကပ်၍ အိမ်ရှင် တို့ကို မပန်ကြားဘဲ နေရာထိုင်၌ ထိုင်လည်း ထိုင်၏၊ အိပ်လည်း အိပ်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္နာ ဘိက္ခုနီမသည် နေလွဲသောအခါ ဒါယကာတို့ အိမ်တို့သို့ သွား၍ အိမ်ရှင်တို့ကို မပန်ကြားဘဲ နေရာထိုင်၌ ထိုင်လည်း ထိုင်နေဘိသနည်း၊ အိပ်လည်း အိပ်နေဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္နာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၆၀။ ''အကြင်ဘိက္ခုနီမသည် နေလွဲသောအခါ၌ ဒါယကာတို့ အိမ်တို့သို့ ချဉ်းကပ်၍ အိမ်ရှင်တို့ကို မပန်ကြားဘဲ နေရာထိုင်၌ ထိုင်မူလည်း ထိုင်ငြားအံ့၊ အိပ်မူလည်း အိပ်ငြားအံ့ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၆၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
နေလွဲသောအခါ မည်သည် မွန်းတည့်လွန်သည်မှ နေဝင်တိုင်အောင် အခါတည်း။
ဒါယကာ မည်သည် မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ သူဆင်းရဲအားဖြင့် ဒါယကာလေးမျိုးတို့တည်း။
ချဉ်းကပ်၍ဟူသည် ထိုအရပ်သို့ သွား၍။
အိမ်ရှင်တို့ကို မပန်ကြားဘဲဟူသည် ထိုအိမ်၌ ပေးပိုင်သူကို မပန်မကြားဘဲ။
နေရာထိုင် မည်သည် တင်ပျဉ်ခွေလောက်သော နေရာကို ဆိုလို၏။
ထိုင်မူလည်း ထိုင်ငြားအံ့ဟူသည် ထိုနေရာ၌ ထိုင်အံ့၊ ပါစိတ်အာပတ် သင့်၏။
အိပ်မူလည်း အိပ်ငြားအံ့ဟူသည် ထိုနေရာ၌ အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
၈၆၂။ မပန်ကြားရသေးသည်၌ မပန်ကြားရသေးဟု အမှတ်ရှိသည်ဖြစ်၍ နေရာထိုင်၌ ထိုင်မူလည်း ထိုင်အံ့၊ အိပ်မူလည်း အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
မပန်ကြားရသေးသည်၌ ယုံမှားရှိသည်ဖြစ်၍ နေရာထိုင်၌ ထိုင်မူလည်း ထိုင်အံ့၊ အိပ်မူလည်း အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
မပန်ကြားရသေးသည်၌ ပန်ကြားပြီးဟု အမှတ်ရှိသည်ဖြစ်၍ နေရာထိုင်၌ ထိုင်မူလည်း ထိုင်အံ့၊ အိပ်မူလည်း အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
တင်ပျဉ်မခွေလောက်သော နေရာ၌ ဒုက္ကဋ်အာပတ် သင့်၏။
ပန်ကြားပြီးသည်၌ မပန်ကြားရသေးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပန်ကြားပြီးသည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပန်ကြားပြီးသည်၌ ပန်ကြားပြီးဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၈၆၃။ နေရာထိုင်၌ ပန်ကြား၍ ထိုင်မူလည်း ထိုင်အံ့၊ အိပ်မူလည်း အိပ်အံ့၊ အာပတ် မသင့်။ အမြဲ ခင်းထားသော နေရာထိုင်၌ အာပတ် မသင့်၊ နာဖျားသော သူအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌသိက္ခာပုဒ် ပြီး၏။