Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

1. Paṭhamasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၈၃၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဘဒ္ဒကာပိလာနီ၏ အနီးနေတပည့် ဘိက္ခုနီမ၏ ဆွေမျိုးဖြစ်သူ ယောက်ျားသည် (မိမိနေရာ) ရွာငယ်မှ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် သာဝတ္ထိပြည်သို့ သွား၏။
ထိုအခါ ထိုဘိက္ခုနီမသည် ထိုယောက်ျားနှင့်အတူ ဆီမီးမထွန်းသော ညဉ့်မှောင်မိုက်ထဲ၌ တစ်ယောက်ချင်းချင်း ရပ်လည်း ရပ်၏၊ စကားလည်း ပြော၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် ဆီမီးမထွန်းသော ညဉ့် မှောင်မိုက်ထဲ၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်းချင်း ရပ်လည်း ရပ်ဘိသနည်း၊ စကားလည်း ပြောဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမသည် ဆီမီးမထွန်းသော ညဉ့်မှောင်မိုက်ထဲ၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်းချင်း ရပ်လည်းရပ်၏ စကားလည်း ပြော၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်း တော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ သည် ဆီမီးမထွန်းသော ညဉ့်မှောင်မိုက်ထဲ၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်းချင်း ရပ်လည်း ရပ်ဘိသနည်း၊ စကားလည်း ပြောဆိုဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၃၉။ ''အကြင်ဘိက္ခုနီမသည် ဆီမီးမထွန်းသော ညဉ့်မှောင်မိုက်ထဲ၌ ယောက်ျားနှင့် အတူ တစ်ယောက်ချင်းချင်း ရပ်မူလည်း ရပ်ငြားအံ့၊ စကားပြောဆို မူလည်း ပြောဆို ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေ ကုန်လော့ဟု မိန့်တော်မူ၏)။
၈၄၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ညဉ့်မှောင်မိုက်ထဲ၌ဟူသည် နေဝင်သောအခါ၌။
ဆီမီးမထွန်းသောဟူသည် အလင်းရောင်မရှိသော။
ယောက်ျား မည်သည် ဘီလူးယောက်ျား မဟုတ်၊ ပြိတ္တာယောက်ျား မဟုတ်၊ တိရစ္ဆာန်ယောက်ျား မဟုတ်၊ ရပ်တည်ခြင်း စကားပြောခြင်းငှါ စွမ်းနိုင်သော သိကြားလိမ္မာသူ လူယောက်ျားတည်း။
အတူဟူသည် တစ်ပေါင်းတည်း။
တစ်ယောက်ချင်းချင်းဟူသည် ယောက်ျားသည်လည်းကောင်း၊ ဘိက္ခုနီမသည်လည်းကောင်း ဖြစ်၏။
ရပ်မူလည်း ရပ်ငြားအံ့ဟူသည် ယောက်ျား၏ (နှစ်တောင့်ထွာ) ဟတ္ထပါသ်အတွင်း၌ ရပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
စကားပြောဆိုမူလည်း ပြောဆိုငြားအံ့ဟူသည် ယောက်ျား၏ (နှစ်တောင့်ထွာ) ဟတ္ထပါသ် အတွင်း၌ ရပ်လျက် ပြောဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။
(နှစ်တောင့်ထွာ) ဟတ္ထပါသ်ကို စွန့်၍ ရပ်မူလည်း ရပ်အံ့၊ စကားပြောမူလည်း ပြောအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
ဘီလူး ပြိတ္တာ ပဏ္ဍုက် လူယောင်ဆောင်သော တိရစ္ဆာန်နှင့်အတူ ရပ်မူလည်း ရပ်အံ့၊ စကားပြောမူ လည်း ပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၈၄၁။ သိကြားလိမ္မာသော အဖော်တစ်ဦးဦး ရှိအံ့၊ ဆိတ်ကွယ်ရာကို မငဲ့အံ့၊ တခြားကို နှလုံးသွင်း၍ ရပ်မူလည်း ရပ်အံ့၊ စကားပြောမူလည်း ပြောအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပဌမသိက္ခာပုဒ် ပြီး၏။