Issues
ເລືອກເວີຊັນ
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

1. Paṭhamasikkhāpadaṃ

ຜູ້ຂຽນ: my-tipitaka @ visuddhinanda

၁၀၆၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ် သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် ကိုယ်ဝန်ဆောင်မကို ရဟန်း ပြုပေးကုန်၏။
ထိုဘိက္ခုနီမသည် ဆွမ်းအလို့ငှါ လှည့်လည်၏။
လူတို့သည် ''အသျှင်မအား ဆွမ်းကို ပေးလှူကုန်လော့၊ အသျှင်မသည်ကား လေးသောကိုယ်ဝန် ရှိ၏''ဟု ဆိုကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကိုယ်ဝန်ဆောင်မကို ရဟန်းပြုပေး ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကိုယ်ဝန်ဆောင်မကို ရဟန်းပြုပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် ကိုယ်ဝန်ဆောင်မကို ရဟန်းပြုပေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် ကိုယ်ဝန်ဆောင်မကို ရဟန်းပြုပေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၆၈။ ''အကြင် ဘိက္ခုနီမသည် ကိုယ်ဝန်ဆောင်မကို ရဟန်းပြု ပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၆၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ကိုယ်ဝန်ဆောင်မ မည်သည် (ဝမ်း၌) ရောက်သော သတ္တဝါရှိသူ (မိန်းမ) ကို ဆိုအပ်၏။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးငြားအံ့။
''ရဟန်းပြုပေးအံ့''ဟု နှလုံးသွင်း၍ ဂိုဏ်းကိုသော်လည်းကောင်း၊ ကမ္မဝါစာဆရာမကိုသော်လည်း ကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာနှစ်ကြိမ်တို့၏ အဆုံး ၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။ ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့အား ဒုက္ကဋ်အာပတ် သင့်၏။
၁၀၇၀။ ကိုယ်ဝန်ဆောင်မ၌ ကိုယ်ဝန်ဆောင်မဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ကိုယ်ဝန်ဆောင်မ၌ ယုံမှားရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်ဝန်ဆောင်မ၌ ကိုယ်ဝန်ဆောင်မ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။
ကိုယ်ဝန်ဆောင်မ မဟုတ်သည်၌ ကိုယ်ဝန်ဆောင်မဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်ဝန် ဆောင်မ မဟုတ်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်ဝန်ဆောင်မ မဟုတ်သည်၌ ကိုယ်ဝန် ဆောင်မ မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၀၇၁။ ကိုယ်ဝန်ဆောင်မကို ကိုယ်ဝန်ဆောင်မ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ကိုယ်ဝန်ဆောင်မ မဟုတ်သည်ကို ကိုယ်ဝန်ဆောင်မ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပဌမသိက္ခာပုဒ် ပြီး၏။