Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

5. Cittāgāravaggo

Author: my-tipitaka @ visuddhinanda

၉၇၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ပသေနဒီကောသလမင်းကြီး၏ ဥယျာဉ်တွင်းရှိ ပြတိုက် တော်၌ ဉာဏ်စွမ်းပြ ပန်းချီကားကို ပြုလုပ်စီရင်ထားသဖြင့်
များစွာသော လူတို့သည် ပြတိုက်ကို ကြည့် ရှုရန် သွားကုန်၏။
ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည်လည်း ပြတိုက်တော်ကို ကြည့်ရှုရန် သွားကုန်၏။
လူတို့သည် ''အဘယ့် ကြောင့် ဘိက္ခုနီမတို့သည် ကာမဂုဏ်ချမ်းသာကို ခံစားသော လူမိန်းမတို့ကဲ့သို့ ပြတိုက်တော်ကို ကြည့် ရှုရန် သွားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည်ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ပြတိုက်ကို ကြည့်ရှုရန် သွားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ပြတိုက်ကို ကြည့်ရှုရန် သွားကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် ပြတိုက်ကို ကြည့်ရှုရန် သွားကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၇၈။ ''အကြင် ဘိက္ခုနီမသည် မင်းကွန်းကိုသော်လည်းကောင်း၊ ပြတိုက် ကိုသော်လည်းကောင်း၊ အရံကိုသော်လည်းကောင်း၊ ဥယျာဉ်ကိုသော်လည်းကောင်း၊ ရေကန်ကိုသော်လည်းကောင်း ကြည့်ရှုခြင်းငှါ သွားငြားအံ့၊ (ထို ဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၈၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် မြင့်လွန်းသောနေရာ၁ကိုလည်း ကောင်း၊ ပလ္လင်၂ကိုလည်းကောင်း သုံးဆောင်ကုန်၏။
လူတို့သည် ကျောင်းစဉ်လှည့်လည်သည် ရှိသော် တွေ့မြင်၍ ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကာမဂုဏ်ချမ်းသာကို ခံစားသော လူမိန်းမတို့ကဲ့သို့ မြင့်လွန်းသော နေရာကိုလည်းကောင်း၊ ပလ္လင်ကို လည်းကောင်း သုံးဆောင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ရှုတ်ချ အပြစ်ပြပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် မြင့်လွန်းသော နေရာကိုလည်းကောင်း၊ ပလ္လင်ကိုလည်းကောင်း သုံးဆောင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် မြင့်လွန်းသော နေရာကိုလည်းကောင်း၊ ပလ္လင်ကိုလည်းကောင်း သုံးဆောင်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် မြင့်လွန်းသော နေရာကိုလည်းကောင်း၊ ပလ္လင်ကိုလည်းကောင်း သုံးဆောင်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေ ခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၈၃။ ''အကြင် ဘိက္ခုနီမသည် မြင့်လွန်းသော နေရာကိုလည်းကောင်း၊ ပလ္လင်ကိုလည်းကောင်း သုံးဆောင်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေ ကုန်လော့ဟု မိန့်တော်မူ၏)။
၉၈၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
မြင့်လွန်းသောနေရာ မည်သည် အတိုင်းအရှည်ပမာဏထက် ပိုလွန်သော ညောင်စောင်းကို ဆိုလိုသည်။
ပလ္လင် မည်သည် သားရဲရုပ်တို့ဖြင့် ပြုလုပ်ထားသည့် မရွေ့ကောင်းသော နေရာတည်း။
သုံဆောင်ငြားအံ့ဟူသည် ထိုမြင့်လွန်းသော နေရာပလ္လင်၌ ထိုင်သော်လည်းကောင်း၊ အိပ်သော် လည်းကောင်း ပါစိတ်အာပတ် သင့်၏။
၉၈၅။ မြင့်လွန်းသော နေရာ၏ အခြေတို့ကို ဖြတ်၍ သုံးဆောင်အံ့၊ ပလ္လင်၏ သားရဲရုပ်တို့ကို ဖျက်ဆီး၍ သုံးဆောင်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမ တို့အားလည်း အာပတ် မသင့်။
ဒုတိယသိက္ခာပုဒ် ပြီး၏။ ၁။ မြတ်စွာဘုရားလက်ရှစ်သစ်ပမာဏထက်လွန်သော ညောင်းစောင်းအင်းပျဉ်။ ၂။ ခြေထောက်တို့၌ သားရဲရုပ်တပ်ထားသော နေရာ။
၉၈၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ဗိုင်း 'ချည်' ငင့်ကုန်၏။
လူတို့ သည် ကျောင်းစဉ်လှည့်လည်ကုန်သည် ရှိသော် မြင်၍ ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကာမဂုဏ် စည်းစိမ်ကို ခံစားသော လူမိန်းမတို့ကဲ့သို့ ဗိုင်း 'ချည်' ငင့်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ဗိုင်း 'ချည်' ငင့် ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ဗိုင်း 'ချည်' ငင့်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် ဗိုင်း 'ချည်' ငင့်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၈၇။ ''အကြင်ဘိက္ခုနီမသည် ဗိုင်း 'ချည်'ငင့်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၈၈။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ဗိုင်း 'ချည်' မည်သည် နာနတ်ချည်၊ ဝါချည်၊ ပိုးချည်၊ သားမွေးချည်၊ ပိုက်ဆံလျှော်ချည်၊ ဘန်ချည်ဟူ၍ ချည်ခြောက်မျိုး ရှိ၏။
ငင့်ငြားအံ့ဟူသည် ကိုယ်တိုင် ငင့်အံ့၊
ဝင်ရိုးတွင် ချည်မျှင်ရစ်တိုင်း ပါစိတ်အာပတ် သင့်၏။
၉၈၉။ ငင့်ပြီးသော ချည်ကို ငင့်ပြန်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
တတိယသိက္ခာပုဒ် ပြီး၏။
၉၉၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် လူမှုကိစ္စကို ပြုလုပ်ကုန်၏။
အလို နည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် လူမှုကိစ္စကို ပြုလုပ်ကုန်ဘိသ နည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမတို့သည် လူမှုကိစ္စကို ပြုလုပ်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် လူမှုကိစ္စကို ပြုလုပ်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၉၁။ ''အကြင် ဘိက္ခုနီမသည် လူမှုကိစ္စကို ပြုလုပ်ငြားအံ့၊ (ထို ဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၉၂။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
လူမှုကိစ္စ မည်သည် လူတို့၏ ယာဂုကိုသော်လည်းကောင်း၊ ထမင်းကိုသော်လည်းကောင်း၊ ခဲဖွယ်ကို သော်လည်းကောင်း ချက်ပြုတ်အံ့၊ ပုဆိုးကိုသော်လည်းကောင်း၊ ဦးရစ် 'ခေါင်းပေါင်း' ကိုသော်လည်းကောင်း လျှော်ဖွပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
၉၉၃။ သံဃာအတွက် လူတို့စီရင်အပ်သော ယာဂုအဖျော်၌လည်းကောင်း၊ သံဃာ၏ ဆွမ်း၌သော် လည်းကောင်း၊ စေတီအား ပူဇော်ရာ၌လည်းကောင်း အာပတ် မသင့်၊ မိမိအမှုကိစ္စကို ပြုလုပ်ပေးသူ၏ ယာဂု ထမင်း ခဲဖွယ်ကို ချက်ပြုတ်အံ့၊ ပုဆိုး ဦးရစ် 'ခေါင်းပေါင်း'ကိုလည်း ဖွပ်လျှော်ပေးအံ့၊ အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
စတုတ္ထသိက္ခာပုဒ် ပြီး၏။
၉၉၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတစ်ယောက်သည် ထုလ္လနန္ဒာဘိက္ခုနီမထံသို့ ချဉ်းကပ်၍ ''အသျှင်မ လာလော့၊ ဤအဓိကရုဏ်းကို ငြိမ်းစေပါလော့''ဟု ဆို၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် ကောင်းပါပြီဟု ဝန်ခံ၍ ငြိမ်းလည်း မငြိမ်းစေ၊ ငြိမ်းစေခြင်းငှါလည်း ကြောင့်ကြမစိုက်၊
ထိုအခါ ထိုဘိက္ခုနီမ သည် ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ဘိက္ခုနီမက 'အသျှင်မ လာလော့၊ ဤအဓိကရုဏ်းကို ငြိမ်းစေပါလော့'ဟု ဆိုလာသည် ရှိသော် ကောင်းပါပြီဟု ဝန်ခံ ထားလျက် ငြိမ်းလည်း မငြိမ်းစေဘိသနည်း၊ ငြိမ်းစေခြင်းငှါလည်း ကြောင့်ကြမစိုက်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ဘိက္ခုနီမက ''အသျှင်မ လာလော့၊ ဤအဓိကရုဏ်းကို ငြိမ်းစေပါလော့''ဟု ဆိုလာသည် ရှိသော် ''ကောင်းပါပြီ''ဟု ဝန်ခံထားလျက် ငြိမ်းလည်း မငြိမ်းစေ၊ ငြိမ်းစေခြင်းငှါလည်း ကြောင့်ကြမစိုက်ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ဘိက္ခုနီမက
''အသျှင်မ လာလော့၊ ဤအဓိကရုဏ်းကို ငြိမ်းစေပါလော့''ဟု ဆိုလာသည် ရှိသော်
ကောင်းပါပြီဟု ဝန်ခံလျက် ငြိမ်းလည်း မငြိမ်းစေဘိသနည်း၊ ငြိမ်းစေခြင်းငှါလည်း ကြောင့်ကြ မစိုက်ဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၉၅။ ''အကြင် ဘိက္ခုနီမသည် ဘိက္ခုနီမက
'အသျှင်မ လာလော့၊ ဤအဓိကရုဏ်းကို ငြိမ်းစေပါလော့'ဟု ဆိုလာသည်ရှိသော်
'ကောင်းပါပြီ'ဟု ဝန်ခံ လျက် ထိုဘိက္ခုနီမသည် နောက်အခါ၌ အန္တရာယ်မရှိဘဲ ငြိမ်းလည်း မငြိမ်းစေ ငြားအံ့၊ ငြိမ်းစေခြင်းငှါလည်း ကြောင့်ကြ မစိုက်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၉၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ဘိက္ခုနီမကဟူသည် အခြားသော ဘိက္ခုနီမက။
အဓိကရုဏ်း မည်သည် ဝိဝါဒါဓိကရုဏ်း၊ အနုဝါဒါဓိကရုဏ်း၊ အာပတ္တာဓိကရုဏ်း၊ ကိစ္စာဓိကရုဏ်းဟူ၍ အဓိကရုဏ်းလေးမျိုး ရှိ၏။
အသျှင်မ လာလော့၊ ဤအဓိကရုဏ်းကို ငြိမ်းစေပါလော့ဟူသည် အသျှင်မ လာလော့၊ ဤအဓိကရုဏ်းကို ဆုံးဖြတ်ပေးပါလော့။
ထိုဘိက္ခုနီမသည် နောက်အခါ၌ အန္တရာယ်မရှိဘဲဟူသည် အန္တရာယ် မရှိခဲ့သော်။
မငြိမ်းစေငြားအံ့ဟူသည် ကိုယ်တိုင် မငြိမ်းစေငြားအံ့။
ငြိမ်းစေခြင်းငှါလည်း ကြောင့်ကြမစိုက်ငြားအံ့ဟူသည် သူတစ်ပါးကို မစေခိုင်းငြားအံ့။
''မငြိမ်းစေတော့အံ့၊ ငြိမ်းစေခြင်းငှါ ကြောင့်ကြမစိုက်တော့အံ့''ဟု ဝန်ချကာမျှ၌ ပါစိတ်အာပတ် သင့်၏။
၉၉၇။ ဘိက္ခုနီမ၌ ဘိက္ခုနီမဟု အမှတ်ရှိသည်ဖြစ်၍ အဓိကရုဏ်းကို မငြိမ်းစေအံ့၊ ငြိမ်းစေခြင်းငှါ လည်း ကြောင့်ကြမစိုက်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ယုံမှားရှိသည်ဖြစ်၍ အဓိကရုဏ်းကို မငြိမ်းစေအံ့၊ ငြိမ်းစေခြင်းငှါလည်း ကြောင့်ကြ မစိုက်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ဘိက္ခုနီမ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ အဓိကရုဏ်းကို မငြိမ်းစေအံ့၊ ငြိမ်းစေခြင်းငှါ လည်း ကြောင့်ကြမစိုက်အံ့၊ ပါစိတ်အာပတ် သင့်၏။
လူသာမဏေ၏ အဓိကရုဏ်းကို မငြိမ်းစေအံ့၊ ငြိမ်းစေခြင်းငှါလည်း ကြောင့်ကြမစိုက်အံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
လူသာမဏေ၌ ဘိက္ခုနီမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
လူသာမဏေ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
လူသာမဏေ၌ လူသာမဏေဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၉၉၈။ အန္တရာယ် ရှိအံ့၊ ရှာဖွေ၍ မရအံ့၊ အာပတ် မသင့်၊ နာဖျားသူအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့ အားလည်း အာပတ် မသင့်။
ပဉ္စမသိက္ခာပုဒ် ပြီး၏။
၉၉၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် ကစေသူ ကချေသည်တို့နှင့် ကျွမ်းသမား မျက်လှည့်သမား အိုးစည်သမားတို့အား ''ငါ၏ ဂုဏ်ကို ပရိသတ်အလယ်၌ ချီးကျူး ပြောဆို ကုန်လော့''ဟု (ဆို၍) မိမိလက်ဖြင့် ခဲဖွယ်ဘောဇဉ်ကို ပေး၏။
ကစေသူ ကချေသည် ကျွမ်းသမား မျက်လှည့်သမား အိုးစည်သမားတို့သည် ထုလ္လနန္ဒာဘိက္ခုနီမ၏ ဂုဏ်ကို ပရိသတ်အလယ်၌ ''အသျှင်မထုလ္လနန္ဒာသည် အကြားအမြင်များ၏၊ အပြောကောင်း၏၊ တရား စကားကို ပြောခြင်းငှါလည်း ရဲရင့်၍ စွမ်းရည်ရှိ၏၊ အသျှင်မအား လှူဒါန်းကြကုန်လော့၊ အသျှင်မအား အရိုအသေပြုကြကုန်လော့''ဟု ချီးကျူး ပြောဆိုကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် လူဝတ်ကြောင်အား မိမိလက်ဖြင့် ခဲဖွယ်ဘောဇဉ်ကို ပေးဘိနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် လူဝတ်ကြောင်အား မိမိလက်ဖြင့် ခဲဖွယ်ဘောဇဉ်ကို ပေး၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် လူဝတ်ကြောင်အား မိမိလက်ဖြင့် ခဲဖွယ်ဘောဇဉ်ကို ပေးဘိသနည်း။
ရဟန်းတို့ ဤ့ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၀၀။ ''အကြင် ဘိက္ခုနီမသည် လူဝတ်ကြောင်အားလည်းကောင်း၊ ပရိဗိုဇ် ယောက်ျားအားလည်းကောင်း၊ ပရိဗိုဇ်မအားလည်းကောင်း မိမိလက်ဖြင့် ခဲဖွယ်ဘောဇဉ်ကို ပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၀၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
လူဝတ်ကြောင် မည်သည် အိမ်နေသူ တစ်ဦးတစ်ယောက်တည်း။
ပရိဗိုဇ်ယောက်ျား မည်သည် ရဟန်းယောက်ျား သာမဏေယောက်ျားမှတစ်ပါး ပရိဗိုဇ်အဖြစ်သို့ ရောက်သူ တစ်ဦးဦးတည်း။
ပရိဗိုဇ်မ မည်သည် ဘိက္ခုနီမ သိက္ခမာန် သာမဏေမတို့မှတစ်ပါး ပရိဗိုဇ်မအဖြစ်သို့ ရောက်သူ တစ်ဦးဦးတည်း။
ခဲဖွယ် မည်သည် ဘောဇဉ်ငါးပါး ရေ, ဒန်ပူတို့မှ အကြွင်းသည် ခဲဖွယ် မည်၏။
ဘောဇဉ် မည်သည် ထမင်း၊ မုယောမုန့်၊ မုန့်လုံး၊ ငါး၊ အမဲအားဖြင့် ဘောဇဉ်ငါးပါးတို့တည်း။
ပေးငြားအံ့ဟူသည် ကိုယ်, ကိုယ်နှင့်စပ်သောဝတ္ထု စွန့်လွှတ်လိုက်သောဝတ္ထုဖြင့် ပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ရေဒန်ပူကို ပေးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၁၀၀၂။ အပေးသာခိုင်း၍ ကိုယ်တိုင် မပေးအံ့၊ အနီး၌ ချထား၍ ပေးအံ့၊ အပလိမ်းကျံဖွယ်ကို ပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌသိက္ခာပုဒ် ပြီး၏။
၁၀၀၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် ဥတုနှီးသင်္ကန်းကို မစွန့်လွှတ်ဘဲ သုံးဆောင်သဖြင့်
အခြားဥတုလာသော ဘိက္ခုနီမတို့သည် မရကြကုန်။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ဥတုနှီးသင်္ကန်းကို မစွန့်လွှတ်ဘဲ သုံးဆောင်ဘိနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ဥတုနှီးသင်္ကန်းကို မစွန့်လွှတ်ဘဲ သုံးဆောင်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ဥတုနှီးသင်္ကန်းကို မစွန့်လွှတ်ဘဲ သုံးဆောင်ဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာ ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၀၄။ ''အကြင်ဘိက္ခုနီမသည် ဥတုနှီးသင်္ကန်းကို မစွန့်လွှတ်ဘဲ သုံးဆောင် ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော် မူ၏)။
၁၀၀၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ဥတုနှီးသင်္ကန်း မည်သည် ဥတုလာသော ဘိက္ခုနီမတို့သည် သုံးဆောင်ကြစေကုန်ဟု (ရည်ရွယ်လျက်) လှူထားသော သင်္ကန်းတည်း။
မစွန့်လွှတ်ဘဲ သုံးဆောင်ငြားအံ့ဟူသည် နှစ်ညဉ့် သုံးညဉ့်တို့ သုံးဆောင်ပြီးနောက် လေးရက် မြောက်နေ့၌ ဖွပ်လျှော်ပြီးလျှင် ဘိက္ခုနီမ သိက္ခမာန် သာမဏေမတို့အား မစွန့်လွှတ်ဘဲ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
၁၀၀၆။ မစွန့်လွှတ်ရသေးသည်၌ မစွန့်လွှတ်ရသေးဟု အမှတ်ရှိ၍ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
မစွန့်လွှတ်ရသေးသည်၌ ယုံမှားရှိသည်ဖြစ်၍ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
မစွန့်လွှတ်ရသေးသည်၌ စွန့်လွှတ်ပြီးဟု အမှတ်ရှိသည်ဖြစ်၍ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
စွန့်လွှတ်ပြီးသည်၌ မစွန့်လွှတ်ရသေးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်ပြီးသည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်ပြီးသည်၌ စွန့်လွှတ်ပြီးဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၀၀၇။ စွန့်လွှတ်ပြီးမှ သုံးဆောင်အံ့၊ တစ်ဖန် အလှည့်ကျသဖြင့် သုံးဆောင်အံ့၊ ဥတုလာသော အခြားဘိက္ခုနီမတို့ မရှိကုန်အံ့၊ အာပတ် မသင့်။ သင်္ကန်းအလုခံရသော ဘိက္ခုနီမ၊ သင်္ကန်းပျောက်သော ဘိက္ခုနီမတို့အား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ်မသင့်။
သတ္တမသိက္ခာပုဒ် ပြီး၏။
၁၀၀၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် ကျောင်းကို မစွန့်ဘဲ ဒေသစာရီ ဖဲသွား၏။
ထိုစဉ်အခါ၌ ထုလ္လနန္ဒာဘိက္ခုနီမ၏ ကျောင်းသည် မီးလောင်သဖြင့်
ဘိက္ခုနီမတို့က ''အသျှင်မတို့ ပစ္စည်းဘဏ္ဍာကို သယ်ယူထုတ်ဆောင်ကြစို့''ဟု ဆိုကုန်၏။
အချို့သော ဘိက္ခုနီမတို့ကမူ ''အသျှင်မတို့ ငါတို့သည် မသယ်ယူ မထုတ်ဆောင်လိုကုန်၊ ပစ္စည်း ဥစ္စာ တစ်စုံတစ်ခုပျောက်ခဲ့သော် အလုံးစုံသော ပစ္စည်းဘဏ္ဍာအတွက် ငါတို့ကို မေးစိစစ်လတ္တံ့''ဟု ဆိုကုန်၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် တစ်ဖန် ထိုကျောင်းသို့ ပြန်လာ၍ ''အသျှင်မတို့ ပစ္စည်းဘဏ္ဍာကို သယ်ယူ ထုတ်ဆောင်ကြသည် မဟုတ်ပါလော''ဟု ဘိက္ခုနီမတို့အား မေးသဖြင့်
''အသျှင်မ အကျွန်ုပ်တို့ သည် မသယ်ယူ မထုတ်ဆောင်ပါကုန်''ဟု ပြောဆိုကုန်၏။
ထုလ္လနန္ဒာ ဘိက္ခုနီမသည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကျောင်းကို မီးလောင်နေပါလျက် ပစ္စည်းဘဏ္ဍာကို မသယ်ယူ မထုတ်ဆောင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ကျောင်းကို မစွန့်ဘဲ ဒေသစာရီ ဖဲသွားလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ကျောင်းကို မစွန့်ဘဲ ဒေသစာရီ ဖဲသွား၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ကျောင်းကို မစွန့်ဘဲ ဒေသစာရီ ဖဲသွားဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၀၉။ ''အကြင် ဘိက္ခုနီမသည် ကျောင်းကို မစွန့်ဘဲ ဒေသစာရီ ဖဲသွားငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၁၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ကျောင်း မည်သည် တံခါးရွက် အဖွဲ့ရှိသော ကျောင်းကို ဆိုလို၏။
မစွန့်ဘဲ ဒေသစာရီ ဖဲသွားငြားအံ့ဟူသည် ဘိက္ခုနီမအားသော်လည်းကောင်း၊ သိက္ခမာန် အားသော်လည်းကောင်း၊ သာမဏေမအားသော်လည်းကောင်း မစွန့်ဘဲ အရံရှိသော ကျောင်း၏ အရံကို လွန်စေသော ဘိက္ခုနီမအား ပါစိတ်အာပတ် သင့်၏။
အရံမရှိသော ကျောင်း၏ ဥပစာကို လွန်စေသော ဘိက္ခုနီမ အား ပါစိတ်အာပတ် သင့်၏။
၁၀၁၁။ မစွန့်ရသေးသည်၌ မစွန့်ရသေးဟု အမှတ်ရှိသည်ဖြစ်၍ ဖဲသွားအံ့၊ ပါစိတ်အာပတ် သင့်၏။
မစွန့်ရသေးသည်၌ ယုံမှားရှိသည်ဖြစ်၍ ဖဲသွားအံ့၊ ပါစိတ်အာပတ် သင့်၏။
မစွန့်ရသေးသည်၌ စွန့်ထားပြီးဟု အမှတ်ရှိသည်ဖြစ်၍ ဖဲသွားအံ့၊ ပါစိတ်အာပတ် သင့်၏။
တံခါးရွက်အဖွဲ့မရှိသော ကျောင်းကို မစွန့်ဘဲ ဖဲသွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်ထားပြီးသည်၌ မစွန့်ရသေးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်ထားပြီးသည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စွန့်ထားပြီးသည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်ထားပြီးသည်၌ စွန့်ထားပြီးဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၀၁၂။ စွန့်ပြီးမှ ဖဲသွားအံ့၊ အန္တရာယ် ရှိ၍ ဖဲသွားအံ့၊ ရှာဖွေ၍ မရအံ့၊ အာပတ် မသင့်။ နာဖျားသော ဘိက္ခုနီမအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
အဋ္ဌမသိက္ခာပုဒ် ပြီး၏။
၁၀၁၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် တိရစ္ဆာနဝိဇ္ဇာ၁ 'ဖီလာအတတ်' ကို သင်ယူကုန်၏။
လူတို့သည် ''အဘယ်ကြောင့် ဘိက္ခုနီမတို့သည် ကာမဂုဏ်ချမ်းသာကို ခံစားသော လူမိန်းမတို့ ကဲ့သို့ ဖီလာအတတ်ကို သင်ယူကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ဖီလာအတတ် ကို သင်ယူကုန်ဘိသနည်း။ပ။ ''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်' ကို သင်ယူကြကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်' ကို သင်ယူကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၁၄။ ''အကြင် ဘိက္ခုနီမသည် တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်'ကို သင်ယူငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၁၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။
ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်' မည်သည် သာသနာ၏ ပြင်ပဖြစ်သော အကျိုးမဲ့နှင့် စပ်လျဉ်းသည့်အတတ်တစ်စုံတစ်ခုတည်း။
သင်ယူငြားအံ့ဟူသည် ပုဒ်ဖြင့် သင်ယူအံ့၊ ပုဒ်တိုင်း ပုဒ်တိုင်း ပါစိတ်အာပတ် သင့်၏။ အက္ခရာဖြင့် သင်ယူအံ့၊ အက္ခရာတိုင်း အက္ခရာတိုင်း ပါစိတ်အာပတ် သင့်၏။
၁၀၁၆။ စာရေးခြင်းအတတ်ကို သင်ယူအံ့၊ ဆောင်ထားခြင်းငှါ သင်ယူအံ့၊ လုံခြုံစေခြင်းအကျိုးငှါ အရံအတားအတတ်ကို သင်ယူအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
နဝမသိက္ခာပုဒ် ပြီး၏။ ၁။ ဤ၌ တိရစ္ဆာနဝိဇ္ဇာဟူသည် နတ်ရွာနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်နှင့် ဆန့်ကျင်ဖက်အတတ်တည်း။
၁၀၁၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်' ကို ပို့ချသင်ပေးကြကုန်၏။
လူတို့သည် ''အဘယ်ကြောင့် ဘိက္ခုနီမတို့သည် ကာမဂုဏ်ချမ်းသာကို ခံစားသော လူမိန်းမ တို့ကဲ့သို့ တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်' ကို ပို့ချ သင်ပေးကြကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်' ကို ပို့ချသင်ပေးကြကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်' ကို ပို့ချသင်ပေးကြကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်' ကို ပို့ချသင်ပေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၁၈။ ''အကြင် ဘိက္ခုနီမသည် တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်'ကို ပို့ချသင်ပေး ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေ ကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၁၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်' မည်သည် သာသနာ၏ ပြင်ပဖြစ်သော အကျိုးမဲ့နှင့် စပ်လျဉ်း သည့်အတတ် တစ်စုံတစ်ခုတည်း။
ပို့ချသင်ပေးငြားအံ့ဟူသည် ပုဒ်ဖြင့် ပို့ချသင်ပေးငြားအံ့၊ ပုဒ်တိုင်း ပုဒ်တိုင်း ပါစိတ်အာပတ် သင့်၏။
အက္ခရာဖြင့် ပို့ချသင်ပေးငြားအံ့၊ အက္ခရာတိုင်း အက္ခရာတိုင်း ပါစိတ်အာပတ် သင့်၏။
၁၀၂၀။ စာရေးခြင်းအတတ်ကို ပို့ချသင်ပေးအံ့၊ ဆောင်ထားစေရန် ပို့ချသင်ပေးအံ့၊ လုံခြုံစေခြင်း အကျိုးငှါ အရံအတားအတတ်ကို ပို့ချသင်ပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ် ပြီး၏။
ပဉ္စမစိတ္တာဂါရဝဂ် ပြီး၏။