၁၀၉၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး မကျင့်ရသေးသော မိန်းမကို ရဟန်းပြုပေးကုန်၏။
ထိုဘိက္ခုနီမတို့သည် မိုက်မဲကုန်၏၊ မကျွမ်းကျင်ကုန်၊ အပ် မအပ်ကိုလည်း မသိကုန်။
အလိုနည်း သော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူး သော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး မကျင့်ရသေးသော မိန်းမကို ရဟန်းပြုပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး မကျင့်ရသေးသော မိန်းမကို ရဟန်းပြုပေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ ''အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး မကျင့်ရ သေးသော မိန်းမကို ရဟန်းပြုပေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို-
ရဟန်းတို့ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး မကျင့်ရသေးသော မိန်းမကို သိက္ခာသမ္မုတိပေးခြင်းငှါ ခွင့်ပြုတော်မူ၏ဟု မိန့်တော်မူ၏၊
ရဟန်းတို့ ဤသို့ ပေးရမည်၊
တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော ထိုမိန်းမသည် သံဃာသို့ ချဉ်းကပ်ပြီးလျှင် လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ ဘိက္ခုနီမတို့ကို ရှိခိုးလျက် ဆောင့်ကြောင့် ထိုင်ပြီးကာ လက်အုပ်ချီလျက်-
''အသျှင်မတို့ အကျွန်ုပ်သည် ဤအမည် ရှိပါ၏၊ ဤမည်သော အသျှင်မ၏ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော သူပါတည်း၊ အကျွန်ုပ်သည် သံဃာအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးတို့၌ သိက္ခာသမ္မုတိကို တောင်းပါ၏''ဟု လျှောက်ရာ၏။
နှစ်ကြိမ်မြောက်လည်း တောင်းရမည်။
သုံးကြိမ်မြောက်လည်း တောင်းရမည်။
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေရမည်။
၁၀၉၆။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော ဤမည်သော မိန်းမသည် သံဃာအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ဖို့ရန် သိက္ခာသမ္မုတိကို တောင်း၏၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် တစ်ဆယ့်နှစ်နှစ် ပြည့်ပြီး၍ ယောက်ျားရဖူးသော ဤမည်သော မိန်းမအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ဖို့ရန် သိက္ခာသမ္မုတိကို ပေးရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော ဤမည်သော မိန်းမသည် သံဃာအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ဖို့ရန် သိက္ခာသမ္မုတိကို တောင်း၏၊
သံဃာသည် တစ်ဆယ့်နှစ်နှစ် ပြည့်ပြီး၍ ယောက်ျားရဖူးသော ဤမည်သော မိန်းမအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ဖို့ရန် သိက္ခာသမ္မုတိကို ပေး၏၊
တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျား ရဖူးသော ဤမည်သော မိန်းမအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ဖို့ရန် သိက္ခာ သမ္မုတိပေးခြင်းကို အကြင်အသျှင်မအား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မသည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်မအား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်မသည် ပြောဆိုရာ၏။
သံဃာသည် တစ်ဆယ့်နှစ်နှစ် ပြည့်ပြီး၍ ယောက်ျားရဖူးသော ဤမည်သော မိန်းမအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ဖို့ရန် သိက္ခာသမ္မုတိကို ပေးအပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော ထိုမိန်းမကို- (၁) ''အသက်သတ်ခြင်းမှ ရှောင်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို နှစ်နှစ်တို့ပတ်လုံး မလွန်ကျူးအောင် ကျင့်သုံးဆောက်တည်ပါ၏။ပ။ (၆) နေလွဲညစာစားခြင်းမှ ကြဉ်ရှောင်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို နှစ်နှစ်တို့ပတ်လုံး မလွန်ကျူးအောင် ကျင့်သုံးဆောက်တည်ပါ၏''ဟု ဤသို့ ဆိုလော့ဟု ပြောဆိုရမည်။
ထိုအခါ မြတ်စွာဘုရားသည် ထိုဘိက္ခုနီမတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ ပြစ်တင်တော် မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၉၇။ အကြင် ဘိက္ခုနီမသည် တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီး မဟုတ် သော မိန်းမကို ရဟန်းပြုပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၉၈။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး မည်သည် တစ်ဆယ့်နှစ်နှစ်သို့ ဝင်ရောက်ပြီးသော မိန်းမတည်း။
ယောက်ျားရဖူးသောမိန်းမ မည်သည် ယောက်ျားတစ်ပါး သွားလာဖူးသော မိန်းမကို ဆိုလို၏။
နှစ်နှစ်တို့ပတ်လုံးဟူသည် နှစ်နှစ်အပိုင်းအခြား ရှိသော ကာလပတ်လုံး။
ကျင့်ထားပြီး မဟုတ်သော မည်သည် အကျင့်သိက္ခာကိုသော်လည်း မပေးရသေး၊ ပေးထားပြီး ဖြစ်သော အကျင့်သိက္ခာသည်သော်လည်း ပျက်၏။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးအံ့။
''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာမှီးအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဉတ်၏အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာနှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့အား မူကား ဒုက္ကဋ်အာပတ် သင့်၏။
၁၀၉၉။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၁၁၀၀။ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီး၍ ယောက်ျားရဖူးသော, နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသော မိန်းမကို ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌသိက္ခာပုဒ် ပြီး၏။