问题
选择版本
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

7. Sattamasikkhāpadaṃ

作者: my-tipitaka @ visuddhinanda

၈၂၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် ကောက်သိမ်းချိန်၌ စပါးစိမ်းကို တောင်း၍ မြို့သို့ ဆောင်ယူလာကုန်၏။ တံခါးတည်ရာအရပ်၌
''(တံခါးစောင့်တို့က) အသျှင်မတို့ အဖို့ 'အစု' ကို ပေးကုန်လော့''ဟု ဆိုကာ
နှောင့်ယှက်၍ လွှတ်လိုက်ကုန်၏။
ထိုအခါ ထိုဘိက္ခုနီမတို့သည် ကျောင်းသို့ သွား၍ ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြားကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် စပါးစိမ်းကို တောင်းကုန် ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမတို့သည် စပါးစိမ်းကို တောင်းကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် စပါးစိမ်းကို တောင်းကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၂၁။ ''အကြင်ဘိက္ခုနီမသည် စပါးစိမ်းကို တောင်း၍သော်လည်းကောင်း၊ တောင်းစေ၍သော်လည်းကောင်း၊ လှော်၍သော်လည်းကောင်း၊ လှော်စေ၍သော် လည်းကောင်း၊ ထောင်း၍သော်လည်းကောင်း၊ ထောင်းစေ၍သော်လည်းကောင်း၊ ချက်၍ သော်လည်းကောင်း၊ ချက်စေ၍သော် လည်းကောင်း သုံးဆောင်ငြားအံ့၊ (ထိုဘိက္ခုနီမ အား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေ ကုန်လော့ဟု မိန့်တော်မူ၏)။
၈၂၂။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
စပါးစိမ်း မည်သည် သလေး 'ကောက်ကြီး'၊ ကောက်လတ် 'ကောက်ကြမ်း'၊ မုယော 'ဗာလီ'၊ နတ်ကောက် 'ဂျုံ'၊ ဆတ်၊ ပြောင်း၊ လူး တို့တည်း။
တောင်း၍ဟူသည် ကိုယ်တိုင် တောင်း၍။
တောင်းစေ၍ဟူသည် သူတစ်ပါးကို တောင်းစေ၍။
လှော်၍ဟူသည် ကိုယ်တိုင် လှော်၍။
လှော်စေ၍ဟူသည် သူတစ်ပါးကို လှော်စေ၍။
ထောင်း၍ဟူသည် ကိုယ်တိုင် ထောင်း၍။
ထောင်းစေ၍ဟူသည် သူတစ်ပါးကို ထောင်းစေ၍။
ချက်၍ဟူသည် ကိုယ်တိုင် ချက်၍။
ချက်စေ၍ဟူသည် သူတစ်ပါးကို ချက်စေ၍။
''သုံးဆောင်အံ့''ဟု နှလုံးသွင်း၍ ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ် သင့်၏။
၈၂၃။ အနာဟူသော အကြောင်းကြောင့် တောင်းအံ့၊ ပဲမျိုး (ဟင်းသီးဟင်းရွက်) ကို တောင်းအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
သတ္တမသိက္ခာပုဒ် ပြီး၏။