Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

10. Dasamasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၁၁၆၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် အမိအဖတို့နှင့် လင် ယောက်ျားတို့က ခွင့်မပြုသော သိက္ခမာန်ကို ရဟန်းပြုပေး၏။
အမိအဖတို့နှင့် လင်ယောက်ျားတို့က ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ငါတို့ခွင့်မပြုသော သိက္ခမာန်ကို ရဟန်းပြုပေးဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော အမိအဖတို့နှင့် လင်ယောက်ျားတို့၏ စကားကို ကြားကြသည်သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မ ထုလ္လနန္ဒာသည် အမိအဖတို့နှင့် လင်ယောက်ျားတို့က ခွင့်မပြုသော သိက္ခမာန်ကို ရဟန်းပြုပေးဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် အမိအဖတို့နှင့် လင်ယောက်ျားတို့က ခွင့်မပြုသော သိက္ခမာန်ကို ရဟန်းပြုပေး၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် အမိအဖတို့နှင့် လင်ယောက်ျားတို့က ခွင့်မပြုသော သိက္ခမာန်ကို ရဟန်းပြုပေးဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေ ခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၆၃။ ''အကြင် ဘိက္ခုနီမသည် အမိအဖတို့ကလည်းကောင်း၊ လင် ယောက်ျားကလည်းကောင်း ခွင့်မပြုသော သိက္ခမာန်ကို ရဟန်းပြုပေးငြားအံ့၊ (ထို ဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၆၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အမိ အဖ မည်သည် မွေးဖွားသူ (မိရင်းဖရင်း) တို့ကို ဆိုလို၏။
လင်ယောက်ျား မည်သည် သိမ်းပိုက်သော သခင်ကို ဆိုလို၏။
ခွင့်မပြုဘဲဟူသည် မပန်ကြားမူ၍။
သိက္ခမာန် မည်သည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော မိန်းမတည်း။
ရဟန်းပြုပေးငြားအံ့၊ဟူသည် ပဉ္စင်းခံပေးငြားအံ့။
''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့ အားမူကား ဒုက္ကဋ်အာပတ် သင့်ကုန်၏။
၁၁၆၅။ မသိ၍ ရဟန်းပြုပေးအံ့၊ ပန်ကြား၍ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ် ပြီး၏။