၁၁၂၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် အသက်နှစ်ဆယ်သာ ပြည့်ပြီး၍ နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး မကျင့်ရသေးသော သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်၏။
ထိုဘိက္ခုနီမတို့သည် မိုက်မဲကုန်၏၊ မကျွမ်းကျင်ကုန်၊
အပ် မအပ်ကိုလည်း မသိကုန်။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့်ဘိက္ခုနီမတို့သည် အသက်နှစ်ဆယ်သာ ပြည့်ပြီး၍ နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး မကျင့်ရသေးသော သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြု ပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် အသက်နှစ်ဆယ်သာ ပြည့်ပြီး၍ နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ် ခြောက်ပါး မကျင့်ရသေးသော သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်၏ဟူသည် မှန်သ လော''ဟု စိစစ် မေးမြန်း တော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ ''အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် အသက်နှစ်ဆယ်သာပြည့်ပြီး၍ နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး မကျင့်ရသေးသော သတို့ သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရားစကား ကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို-
ရဟန်းတို့ တစ်ဆယ့်ရှစ်နှစ်ရှိပြီးသော သတို့သမီးပျိုဖြစ်သူ သာမဏေမကို နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ရန်ဟူသော သိက္ခာသမ္မုတိပေးခြင်းငှါ ခွင့်ပြုတော်မူ၏ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့ပေးရမည်။
ထိုတစ်ဆယ့်ရှစ်နှစ်ရှိပြီးသော သတို့သမီးပျိုဖြစ်သူ သာမဏေမသည် သံဃာသို့ ချဉ်းကပ်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ ဘိက္ခုနီမတို့၏ ခြေတို့ကို ရှိခိုးလျက် ဆောင့်ကြောင့် ထိုင်ကာ လက်အုပ်ချီလျက်-
''အသျှင်မတို့ အကျွန်ုပ်သည် ဤအမည် ရှိပါ၏၊ ဤမည်သော အသျှင်မ၏ တစ်ဆယ့်ရှစ်နှစ်ရှိပြီး သော သတို့သမီးပျိဖြစ်သူ သာမဏေမပါတည်း၊ အကျွန်ုပ်သည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ရန်ဟူသော သိက္ခာသမ္မုတိကို သံဃာအား တောင်းပါ၏''ဟု လျှောက်ရာ၏။
နှစ်ကြိမ်မြောက်လည်း တောင်းရမည်။
သုံးကြိမ်မြောက်လည်း တောင်းရမည်။
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေရမည်။
၁၁၂၅။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ တစ်ဆယ့်ရှစ်နှစ် ရှိပြီးသော သတို့သမီးပျိုဖြစ်သူ ဤမည်သော သာမဏေမသည် သံဃာကို နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ရန်ဟူသော သိက္ခာသမ္မုတိကို တောင်း၏၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် တစ်ဆယ့်ရှစ်နှစ်ရှိပြီးသော သတို့သမီးပျိုဖြစ်သူ ဤမည်သော သာမဏေမအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ရန်ဟူသော သိက္ခာသမ္မုတိကို ပေးရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ တစ်ဆယ့်ရှစ်နှစ်ရှိပြီးသော သတို့သမီးပျိုဖြစ်သူ ဤမည်သော သာမဏေမသည် သံဃာအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ရန်ဟူသော သိက္ခာသမ္မုတိကို တောင်း၏၊
သံဃာသည် တစ်ဆယ့်ရှစ်နှစ်ရှိပြီးသော သတို့သမီးပျိုဖြစ်သူ ဤမည်သော သာမဏေမအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ရန်ဟူသော သိက္ခာသမ္မုတိကို ပေး၏၊
တစ်ဆယ့်ရှစ်နှစ်ရှိပြီးသော သတို့ သမီးပျိုဖြစ်သူ ဤမည်သော သာမဏေမအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ရန်ဟူသော သိက္ခာသမ္မုတိပေးခြင်းကို အကြင်အသျှင်မအား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မသည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်မအား နှစ်သက်ခြင်းမရှိ၊ ထိုအသျှင်မသည် ပြောဆိုရာ၏။
သံဃာသည် တစ်ဆယ့်ရှစ်နှစ်ရှိပြီးသော သတို့သမီးပျိုဖြစ်သူ ဤမည်သော သာမဏေမအား နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ရန်ဟူသော သိက္ခာသမ္မုတိကို ပေးအပ်ပြီ၊
သံဃာ အား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက် သည့်အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
တစ်ဆယ့်ရှစ်နှစ်ရှိပြီးသော ထိုသတို့သမီးပျိုဖြစ်သူ သာမဏေမကို- ''(၁) အသက်သတ် ခြင်းမှ ကြဉ်ရှောင်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို နှစ်နှစ်တို့ပတ်လုံး မလွန်ကျူးအောင် ကျင့်သုံး ဆောက်တည်ပါ၏။ပ။ (၆) နေလွဲညစာစားခြင်းမှ ကြဉ်ရှောင်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို နှစ်နှစ် တို့ပတ်လုံး မလွန်ကျူးအောင် ကျင့်သုံးဆောက်တည်ပါ၏'' ဤသို့ ဆိုလော့ဟု ပြောဆိုရမည်။
ထိုအခါ မြတ်စွာဘုရားသည် ထိုဘိက္ခုနီမတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ ပြစ်တင်တော် မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၂၆။ အကြင်ဘိက္ခုနီမသည် အသက်နှစ်ဆယ်ပြည့်ပြီးသော နှစ်နှစ် တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး မကျင့်ရသေးသော သတို့သမီးပျို ဖြစ်သူ သာမဏေမကို ရဟန်းပြုပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၂၇။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အသက်နှစ်ဆယ်ပြည့်ပြီးသော မည်သည် အနှစ်နှစ်ဆယ်သို့ ရောက်ပြီးသော သူတည်း။
သတို့သမီးပျိုဖြစ်သူ မည်သည် သာမဏေမကို ဆိုလို၏။
နှစ်နှစ်တို့ပတ်လုံးဟူသည် နှစ်နှစ်အပိုင်းအခြားရှိသော ကာလတို့ပတ်လုံး။
မကျင့်ရသေးသော မည်သည် အကျင့်သိက္ခာကိုသော်လည်း မပေးရသေး၊ ပေးထားပြီးဖြစ်သော အကျင့်သိက္ခာသည်သော်လည်း ပျက်စီး၏။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးအံ့။
''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာနှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့ အားမူကား ဒုက္ကဋ်အာပတ် သင့်၏။
၁၁၂၈။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည် ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၁၁၂၉။ အသက်နှစ်ဆယ်ပြည့်ပြီးသော, နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသော သတို့သမီးပျိုဖြစ်သူ သာမဏေမကို ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒုတိယသိက္ခာပုဒ် ပြီး၏။