Issues
選擇版本
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

3. Tatiyasikkhāpadaṃ

作者: my-tipitaka @ visuddhinanda

၈၉၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတစ်ယောက်သည် သင်္ကန်းလျာပုဆိုးက အဖိုး များစွာ ထိုက်တန်ပါလျက် သင်္ကန်းကိုမူ ဆိုးဝါးစွာ ချုပ်လုပ်ထားလေ၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် ထိုဘိက္ခုနီမကို-
''အသျှင်မ သင်၏ ဤသင်္ကန်းလျာပုဆိုးက ကောင်းပါ၏၊
သို့ရာတွင် သင်္ကန်းကိုမူကား ဆိုးဝါးစွာ ချုပ်လုပ်ထား၏''ဟု ပြောဆို၏။
အသျှင်မ ချုပ်ရိုးကို ဖြေပါအံ့၊ ချုပ်ပေးပါမည်လောဟု (မေး၏)။
အသျှင်မ (အိမ်း) ချုပ်ပေးပါမည်ဟု ဆို၏။
ထိုအခါ ထိုဘိက္ခုနီမသည် သင်္ကန်းကို ဖြေပြီးနောက် ထုလ္လနန္ဒာဘိက္ခုနီမအား ပေး၏။
ထုလ္လနန္ဒာ ဘိက္ခုနီမ သည်
''ချုပ်မည် ချုပ်မည်''ဟု ဆိုလျက် ချုပ်လည်း မချုပ်၊ ချုပ်ဖို့ရန်လည်း ကြောင့်ကြ မပြုချေ။
ထိုအခါ ထိုဘိက္ခုနီမသည် အခြားဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ဘိက္ခုနီမ၏ သင်္ကန်းကို ချုပ်ရိုးဖြေခိုင်းပြီးမှ့မချုပ်လေဘိသနည်း၊ ချုပ်ဖို့ရန်လည်း ကြောင့်ကြမပြုလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ဘိက္ခုနီမ၏ သင်္ကန်းကို ချုပ်ရိုးဖြေခိုင်းပြီးမှ ချုပ်လည်း မချုပ်၊ ချုပ်ဖို့ရန်လည်း ကြောင့်ကြမပြုဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ဘိက္ခုနီမ၏ သင်္ကန်းကို ချုပ်ရိုးဖြေခိုင်းပြီးမှ မချုပ်လေဘိသနည်း၊ ချုပ်ဖို့ရန်လည်း ကြောင့်ကြ မပြုလေဘိသနည်း''၊
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညို သေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၉၃။ ''အကြင် ဘိက္ခုနီမသည် ဘိက္ခုနီမ၏ သင်္ကန်းကို ချုပ်ရိုးဖြေ၍ လည်းကောင်း၊ ချုပ်ရိုးဖြေစေ၍လည်းကောင်း နောင်အခါ၌ အန္တရာယ်မရှိဘဲ လေးငါး ရက်ကို ထား၍ (ကိုယ်တိုင်လည်း) မချုပ်ငြားအံ့၊ (သူတစ်ပါးကို) ချုပ်စေရန်လည်း ကြောင့်ကြ မပြုငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၉၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ဘိက္ခုနီမ၏ မည်သည် အခြားဘိက္ခုနီမ၏။
သင်္ကန်း မည်သည် သင်္ကန်းခြောက်ထည်တို့တွင် တစ်ထည်ထည်သော သင်္ကန်းတည်း။
ချုပ်ရိုးဖြေ၍ဟူသည် ကိုယ်တိုင် ချုပ်ရိုးဖြေ၍။
ချုပ်ရိုးဖြေစေ၍ဟူသည် သူတစ်ပါးကို ဖြေစေ၍။
ထိုဘိက္ခုနီမသည် နောင်အခါ၌ အန္တရာယ်မရှိဘဲဟူသည် အန္တရာယ်မရှိခဲ့သော်။
မချုပ်ငြားအံ့ဟူသည် ကိုယ်တိုင် မချုပ်ငြားအံ့။
ချုပ်စေရန် ကြောင့်ကြ မပြုငြားအံ့ဟူသည် သူတစ်ပါးကို မစေခိုင်းငြားအံ့။
လေးငါးရက်ကို ထား၍ဟူသည် လေးရက် ငါးရက်ကို ကြဉ်ထား၍။
''ကိုယ်တိုင်လည်း မချုပ်တော့အံ့၊ သူတစ်ပါးကိုလည်း ချုပ်စေရန် ကြောင့်ကြ မပြုတော့အံ့''ဟု ဝန်ချကာမျှ၌ ပါစိတ်အာပတ် သင့်၏။
၈၉၅။ ဘိက္ခုနီမ၌ ဘိက္ခုနီမဟု အမှတ်ရှိသည်ဖြစ်၍ သင်္ကန်းကို ချုပ်ရိုးဖြေ၍လည်းကောင်း၊ ချုပ်ရိုး ဖြေစေ၍လည်းကောင်း ထိုဘိက္ခုနီမသည် နောင်အခါ၌ အန္တရာယ်မရှိဘဲ လေးရက်ငါးရက်ကို ထား၍ ကိုယ်တိုင်လည်း မချုပ်ဘဲ သူတစ်ပါးကိုလည်း ချုပ်စေရန် ကြောင့်ကြ မပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ယုံမှားရှိသည်ဖြစ်၍ သင်္ကန်းကို ချုပ်ရိုးဖြေ၍လည်းကောင်း၊ ချုပ်ရိုးဖြေစေ၍လည်း ကောင်း ထိုဘိက္ခုနီမသည် နောင်အခါ၌ အန္တရာယ်မရှိဘဲ လေးရက်ငါးရက်ကို ထား၍ ကိုယ်တိုင်လည်း မချုပ်ဘဲ သူတစ်ပါးကိုလည်း ချုပ်စေရန် ကြောင့်ကြ မပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ဘိက္ခုနီမဟု အမှတ်ရှိသည်ဖြစ်၍ သင်္ကန်းကို ဖြေ၍လည်းကောင်း၊ ဖြေစေ၍လည်းကောင်း ထိုဘိက္ခုနီမသည် နောင်အခါ၌ အန္တရာယ်မရှိဘဲ လေးရက်ငါးရက်ကို ထား၍ ကိုယ်တိုင်လည်း မချုပ်ဘဲ သူတစ်ပါးကိုလည်း ချုပ်စေရန် ကြောင့်ကြ မပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
အခြားသော ပရိက္ခရာကို ဖြေ၍လည်းကောင်း၊ ဖြေစေ၍လည်းကောင်း ထိုဘိက္ခုနီမသည် နောင်အခါ၌့အန္တရာယ်မရှိဘဲ လေးရက်ငါးရက်ကို ထား၍ ကိုယ်တိုင်လည်း မချုပ်ဘဲ သူတစ်ပါးကိုလည်း ချုပ်စေရန် ကြောင့်ကြ မပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၏ သင်္ကန်းကိုလည်းကောင်း၊ အခြားသော ပရိက္ခရာကိုလည်းကောင်း၊ ဖြေ၍ လည်းကောင်း၊ ဖြေစေ၍လည်းကောင်း ထိုဘိက္ခုနီမသည် နောင်အခါ၌ အန္တရာယ်မရှိဘဲ လေးရက် ငါးရက် ကို ထား၍ ကိုယ်တိုင်လည်း မချုပ်ဘဲ သူတစ်ပါးကိုလည်း ချုပ်စေရန် ကြောင့်ကြ မပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ဘိက္ခုနီမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ဘိက္ခုနီမ မဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၈၉၆။ အန္တရာယ် ရှိအံ့၊ ရှာဖွေ၍ မရအံ့၊ ပြုနေစဉ်ပင် လေးရက် ငါးရက်ကို လွန်စေအံ့၊ အာပတ် မသင့်။ နာဖျားသော ဘိက္ခုနီမအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
တတိယသိက္ခာပုဒ် ပြီး၏။