၉၂၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဥပါသကာတစ်ယောက်သည် သံဃာကို ရည်စူး၍ ကျောင်းကို ဆောက်လုပ်ထားစေ၏။
ထိုဥပါသကာသည် ကျောင်းလွှတ်သာဓုခေါ်ပွဲ 'ကျောင်းလှူပူဇော်ပွဲ' ၌ နှစ်ဖက်သော သံဃာအား အခါမဲ့သင်္ကန်းကို ပေးလှူလို၏။
ထိုစဉ်အခါ၌ နှစ်ဖက်သော သံဃာသည် ကထိန်ခင်းထားပြီး ဖြစ်၏။
ထိုအခါ ဥပါသကာသည် သံဃာသို့ ချဉ်းကပ်၍ ကထိန်နုတ်ရန် တောင်းပန်လေ၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက် ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်း တို့ကို-
''ရဟန်းတို့ ကထိန်နုတ်ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ကထိန်နုတ်ရမည်၊
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်။
၉၂၆။ ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ကထိန်ကို နုတ်ရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
သံဃာသည် ကထိန်ကို နုတ်၏၊
ကထိန်နုတ်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။
သံဃာသည် ကထိန်ကို နုတ်အပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရ မည်)။
၉၂၇။ ထိုအခါ ဥပါသကာသည် ဘိက္ခုနီသံဃာသို့ ချဉ်းကပ်၍ ကထိန်နုတ်ရန် တောင်းပန်၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် ''ငါတို့အား သင်္ကန်းဖြစ်ပေါ်လတ္တံ့''ဟု (နှလုံးသွင်း၍) ကထိန်နုတ်ခြင်းကို တားမြစ်လေ၏။
ထိုအခါ ဥပါသကာသည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ငါတို့အား ကထိန်နုတ်ခွင့် မပေးကုန် ဘိသနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုသော ထိုဥပါသကာ၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် တရားနှင့် လျော်ညီသော ကထိန်နုတ်ခြင်းကို တားမြစ်လေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် တရားနှင့်လျော်ညီသော ကထိန်နုတ်ခြင်းကို တားမြစ်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် တရားနှင့်လျော်ညီသော ကထိန်နုတ်ခြင်းကို တားမြစ်ဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၂၈။ ''အကြင် ဘိက္ခုနီမသည် တရားနှင့်လျော်ညီသော ကထိန် နုတ်ခြင်းကို တားမြစ်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၂၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
တရားနှင့်လျော်ညီသော ကထိန်နုတ်ခြင်း မည်သည် ညီညွတ်သော ဘိက္ခုနီမသံဃာသည် စည်း ဝေး၍ နုတ်၏။
တားမြစ်ငြားအံ့ဟူသည် ''အဘယ့်ကြောင့် ဤကထိန်ကို နုတ်ရအံ့နည်း''ဟု တားမြစ်အံ့၊ ပါစိတ်အာပတ် သင့်၏။
၉၃၀။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ တားမြစ်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ တားမြစ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ တားမြစ်အံ့၊ အာပတ် မသင့်။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၉၃၁။ အကျိုးအာနိသင်ကို ပြ၍ တားမြစ်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ် ပြီး၏။
တတိယနဂ္ဂဝဂ် ပြီး၏။