၁၀၄၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
များစွာသော ဘိက္ခုနီမတို့သည် ရွာကျောင်း၌ ဝါမှ ထကုန်ပြီးနောက် သာဝတ္ထိပြည်သို့ သွားကုန်၏။
ဘိက္ခုနီမတို့က ''အသျှင်မတို့သည် အဘယ်အရပ်၌ ဝါမှ ထကုန်သနည်း၊ အဆုံးအမဩဝါဒသည် ပြည့်စုံပါ၏လော''ဟု ထိုဘိက္ခုနီမတို့အား မေးကုန်၏။
အသျှင်မတို့ ထိုအရပ်၌ ရဟန်းမရှိပါ၊
အဘယ်မှာ အဆုံးအမပြည့်စုံပါအံ့နည်းဟု (ဆိုကုန်၏)။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ရဟန်းမရှိသော ကျောင်း၌ ဝါကပ်နေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် ရဟန်းမရှိသော ကျောင်း၌ ဝါကပ်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ့တို့သည် ရဟန်းမရှိသော ကျောင်း၌ ဝါကပ်နေကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၄၇။ ''အကြင် ဘိက္ခုနီမသည် (ယူဇနာခွဲအတွင်း) ရဟန်းမရှိသော ကျောင်း၌ ဝါကပ်နေငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၄၈။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ရဟန်းမရှိသောကျောင်း မည်သည် အဆုံးအမခံခြင်းငှါလည်းကောင်း၊ ဥပုသ်မေးခြင်းစသော သံဝါသ အကျိုးငှါလည်းကောင်း သွားရန် မစွမ်းနိုင်။
''ဝါကပ်နေအံ့''ဟု နှလုံးသွင်း၍ အိပ်ရာနေရာကို ခင်းအံ့၊ သောက်ရေ သုံးရေကို တည်ထားအံ့၊ ပရိဝုဏ်ကို တံမြက်လှည်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အရုဏ်တက်သည်နှင့် တစ်ပြိုင်နက် ပါစိတ်အာပတ် သင့်၏။
၁၀၄၉။ ဘိက္ခုနီမ ဝါကပ်ပြီးမှ ရဟန်းတို့သည် အရပ်တစ်ပါးသို့ ဖဲသွားကုန်အံ့၊ လူထွက်ကုန်အံ့၊ သေကျေ ပျက်စီးကုန်အံ့၊ တိတ္ထိကျောင်းသို့ ပြောင်းရွှေ့နေထိုင်ကုန်အံ့၊ အာပတ် မသင့်။ ဘေးရန်တို့ ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌသိက္ခာပုဒ် ပြီး၏။