၉၇၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် ထိုရာဇဂြိုဟ်ပြည်၌ မိုးလပတ်လုံးနေ၍ ထိုရာဇဂြိုဟ်ပြည်၌ပင်လျှင် ဆောင်းရော နွေပါ အခါခပ်သိမ်း နေကုန်၏။
လူတို့သည် ''ဘိက္ခုနီမတို့အား အရပ်မျက်နှာတို့သည် ကျဉ်းမြောင်းလေကုန်သလော၊ မှောင်ကျ နေကုန်သလော၊ ဤဘိက္ခုနီမတို့အား အရပ်မျက်နှာတို့သည် မထင်လာကုန်''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည်ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
ထိုအခါ ထိုဘိက္ခုနီမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို ပြောကြားကုန်၏။
ရဟန်းယောက်ျားတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ''ရဟန်းတို့ သို့ဖြစ်လျှင် သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန်။ပ။ သူတော်ကောင်းတရား 'သာသနာသုံးရပ်' တည်မြဲရန် ဝိနည်း 'စည်းမျဉ်းဥပဒေ' ကို ချီးမြှောက်ရန်ဟူသော အကျိုးထူးဆယ်ပါး တို့ကို အစွဲပြု၍ ဘိက္ခုနီမတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူမည်''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၇၄။ ''အကြင် ဘိက္ခုနီမသည် ဝါကျွတ်ပြီးသည်ရှိသော် ခရီးဒေသစာရီ မသွားငြားအံ့၊ အယုတ်အားဖြင့် ငါးယူဇနာ ခြောက်ယူဇနာမျှလည်း မသွားငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၇၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ဝါကျွတ်ပြီးသောဘိက္ခုနီမ မည်သည် ပုရိမဝါ သို့မဟုတ် ပစ္ဆိမဝါသုံးလပတ်လုံးနေပြီးသော ဘိက္ခုနီမတည်း၊
''အယုတ်အားဖြင့် ငါးယူဇနာ ခြောက်ယူဇနာတို့တိုင်ရုံမျှလည်း ခရီးမသွားအံ့''ဟု ဝန်ချ ကာမျှ၌ ပါစိတ်အာပတ် သင့်၏။
၉၇၆။ အန္တရာယ်ရှိသော် အဖော်ဘိက္ခုနီမကို ရှာဖွေမရသော် အာပတ် မသင့်၊ ဖျားနာသော ဘိက္ခုနီမအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ် ပြီး၏။
စတုတ္ထတုဝဋ္ဋဝဂ် ပြီး၏။